သဘာဝဘေးအန္တရာယ်နှင့် တာဝန်ခံမှုလုပ်ငန်းစဉ်

သဘာဝဘေးအန္တရာယ်နှင့် တာဝန်ခံမှုလုပ်ငန်းစဉ်
Published 3 August 2021

သဘာဝဘေးအန္တရာယ်များသည် တစ်ကမ္ဘာလုံးနီးပါး၌ ပို၍အဖြစ်များလာပြီး ပို၍လည်း ထိခိုက်ဆုံးရှုံးမှု များပြားလာနေသည်။ ယင်းအနေအထားတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မကောင်းသော ရိုက်ခတ်ချက်များကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန် ပြင်ဆင်ထားမှုများနှင့် အဆင်သင့်ဖြစ်နေရမှုများ ပို၍လိုအပ်လာသည်။ သဘာဝဘေးအန္တရာယ်တစ်ရပ် ရိုက်ခတ်ပြီးနောက်ပိုင်း အမြော်အမြင်ရှိသည့် စီမံခန့်ခွဲမှု တစ်ရပ်သည် ထိခိုက်ခံစားခဲ့ရသော လူပုဂ္ဂိုလ်အသီးသီးနှင့် လူ့အသိုင်းအဝိုင်းအသီးသီးတို့ ပုံမှန်ဘဝသို့  လျင်မြန်စွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အထောက်အကူပြုသည်။ ၎င်းတို့အားလုံးသည် အစိုးရအဖွဲ့များ၊ အမျိုးမျိုးသော နိုင်ငံတော်အင်စတီကျူးရှင်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ နှင့် လူ့အသိုင်းအဝိုင်းဆိုင်ရာအဖွဲ့များ အစရှိသည့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့၏ လုပ်ဆောင်ချက်များပေါ်၌ မူတည်နေသည်။ တစ်ဖက်၌လည်း ပါဝင်ဆောင်ရွက်မှု အမျိုးမျိုးနှင့် ပတ်သက်သော ရလဒ်များသည် ရင်းမြစ်များ၊ အစီအမံများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ အရည်အသွေးဆိုင်ရာ ထိန်းချုပ်မှုများနှင့် စောင့်ကြည့်ကွပ်ကဲမှုများအပေါ်၌ မူတည်နေသည်။ ထို့ကြောင့် အမှန်တကယ် သဘာဝဘေးအန္တရာယ်သင့်သူများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခံရဖွယ်ရှိသူများ၏ ဘဝအခွင့်အလမ်းများသည် အတိုင်းအတာ ကျယ်ပြောသော အင်စတီကျူးရှင်းတစ်ရပ်လုံး၏ စွမ်းဆောင်ရည်ပေါ်၌ မူတည်လျက်ရှိသည်။

အဓိကသက်ဆိုင်သူများ၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် မည်သို့ မည်ပုံ ပြုလုပ်မည်နည်းဟူသည့် အရေးကြီးသော မေးခွန်းတစ်ရပ် ပေါ်ထွက်လာသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ထိရောက်သော တာဝန်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို အင်စတီကျူးရှင်းဆန်အောင် ပြုလုပ်ရေးသည် ရှေ့ဆက်လုပ်ဆောင်ရမည့် နည်းလမ်းတစ်ရပ် ဖြစ်လာသည်။ တာဝန်ခံမှုလုပ်ငန်းစဉ်များသည် တုံ့ပြန်ရေး၊ နာလန်ထရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၊ ကာကွယ်ရေး၊ လျော့ပါးသက်သာစေရေးနှင့် ကြိုတင်ပြင်ဆင်ရေးတို့ဟူသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အဆင့်အသီးသီး၌ အရေးပါသော အခန်းကဏ္ဍမှပါဝင်သည်။ တာဝန်ခံမှုလုပ်ငန်းစဉ်များ ချို့တဲ့ခြင်းသည် အနေအထားများစွာတို့၌ ပါဝင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်သော ထိရောက်မှုကို လျော့ကျစေသည်။

အမှန်တကယ်၌ တာဝန်ခံမှုရှိခြင်းသည် ကောင်းသောအုပ်ချုပ်ရေး၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ လေ့လာချက်များအရ အများပူးပေါင်းလုပ်ဆောင်မှု၌ တာဝန်ခံမှု ချို့တဲ့ခြင်းသည် ဆက်ဆံ/ဆက်သွယ်ရေး ချို့တဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ အခြားလေ့လာချက်များအရ ဘေးဒဏ်ခံရသူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအား လူမှုရေးဆိုင်ရာတာဝန်ခံမှုနှင့် ဘေးတိုက်နှင့် အထပ်အောက် တာဝန်ခံမှု တို့ကဲ့သို့သော ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ အထွေထွေသဘောအရ ပါဝင်ဆောင်ရွက်မှုများ၏ အမှန်တကယ် ထိရောက်မှုများကို တကယ့်လက်တွေ့ရလဒ်များအားဖြင့် တိုင်းတာရန် အထက်မှ အောက်သို့ တာဝန်ခံမှုများ ဖွံ့ဖြိုးလာရန် လိုအပ်သည်။

စရိုက်လက္ခဏာသဘောအရ အစိုးရအေဂျင်စီအားလုံးတွင် တာဝန်ခံမှုသည် ဒေါင်လိုက်သဘောအရ အထက်သို့ သွားသည့်ပုံစံရှိသည်။ အထက်အရာရှိကို ပြန်လည်ဖြေကြားရသည့် သဘောဖြစ်သည်။ အစိုးရစနစ်များနှင့် အေဂျင်စီများအားလုံးသည် ယင်းကဲ့သို့ အထက်သို့ အစီရင်ခံရခြင်းနှင့် ရရှိနိုင်သည့် အချိန်နှင့် ဘတ်ဂျက်အတိုင်းအတာအတွင်း ချမှတ်ထားသော တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရခြင်းတို့အား ကျင့်သုံးရသည်။ ယင်းကဲ့သို့ အထက်သို့သွားသော ဒေါင်လိုက်တာဝန်ခံမှုအပြင် အစိုးရ အေဂျင်စီများအားလုံးသည် အပြန်အလှန်ထိန်းကျောင်းမှု သဘောဖြစ်သည့် အလျားလိုက် တာဝန်ခံမှုစနစ်များလည်း ကျင့်သုံးရသည်။

မည်သို့ပင်ဆိုစေ၊ သဘာဝဘေးအန္တရာယ်တစ်ရပ် ရိုက်ခတ်ပြီးနောက်ပိုင်း ထိခိုက်ခံစားခဲ့ရသော လူပုဂ္ဂိုလ်အသီးသီးနှင့် လူ့အသိုင်းအဝိုင်းအသီးသီးတို့ ပုံမှန်ဘဝသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အမြော်အမြင်ရှိသည့် စီမံခန့်ခွဲမှုတစ်ရပ်နှင့်အတူ တာဝန်ခံမှုလုပ်ငန်းစဉ်များ မရှိမဖြစ် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ်လ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent