စိတ်ဖိစီးမှု

စိတ်ဖိစီးမှု
Published 2 August 2021

ဇူလိုင် ၂၂ ရက်တွင် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) က COVID ရောဂါနှင့် ဆက်နွှယ်သော စိတ်ဖိစီးမှု၊ စိုးရိမ်သောကဖြစ်မှုတို့နှင့်ပတ်သက်၍ ကပ်ရောဂါ၏ စိတ်ကျန်းမာရေးအပေါ် ရိုက်ခတ်ချက်သည် ရေရှည်နှင့် များစွာထိရောက်မှု ရှိလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ “လူတိုင်းအပေါ် တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ သက်ရောက်ပါတယ်” ဟု WHO က အေသင်မြို့တွင် ပြုလုပ်သော ဒါဇင်နှင့်ချီသည့် နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် နှစ်ရက်ကြာ ဆွေးနွေးပွဲအဖွင့်တွင် ထုတ်ပြန်သည့် အဆိုပြုချက် တစ်စောင်တွင် ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်သော စိုးရိမ်သောက၊ Lockdown ချထားခြင်းများနှင့် ပတ်သက်သည့် ရိုက်ခတ်ချက်နှင့် မိမိဘာသာ သီးသန့်နေထိုင်ရခြင်းတို့သည် အလုပ်လက်မဲ့ဖြစ်ခြင်း၊ ငွေကြေးအတွက် စိုးရိမ်ပူပန်ရခြင်းနှင့် လူမှုရေးဆိုင်ရာ ဖယ်ကြဉ်နေရခြင်းတို့နှင့်အတူ စိတ်ကျန်းမာရေး အကျပ်အတည်းတစ်ရပ်ဆီသို့ ပေါင်းစုပါဝင်သွားခဲ့ပြီဟု ဆိုသည်။

အမှန်တကယ်၌ စိတ်ဖိစီးမှုကို ခံစားရခြင်းသည် ခန္ဓာကိုယ်၏ အလိုအလျောက် တုံ့ပြန်သည့် ကာကွယ်ရေးစနစ်တစ်ခု ဖြစ်သည်။ အဆိုပါ အလိုလျောက်တုံ့ပြန်မှုသည် မတရားအရှိန်ဖြင့် မောင်းနှင်နေသောကားပေါ် ဆက်လက်လိုက်ပါခြင်း မပြုတော့ဘဲ ဆင်းလိုက်ခြင်းကဲ့သို့သော အရေးပေါ်ကိစ္စရပ်များအတွက် အသုံးဝင်ကောင်းမွန်လှသည်။ သို့သော် နေ့စဉ်ဘဝ၏ စိန်ခေါ်မှုများနှင့် အပြောင်းအလဲများကို တုံ့ပြန်ရင်း စိတ်ဖိစီးမှုကို ရေရှည်ရင်ဆိုင်ရသည့်အခါ ကျန်းမာရေးကိုထိခိုက်စေသည့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်များ ဖြစ်ပေါ်လာသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်သည့်အခါ ဥပမာအားဖြင့် မတရားအရှိန်ဖြင့် မောင်းနှင်နေသော ကားပေါ် ဆက်လက်လိုက်ပါခြင်း မပြုတော့ဘဲ ဆင်းလိုက်သည့်တိုင် ကားပေါ်တွင် ဆက်လက်ထိုင်နေဆဲဟု ခံစားရသကဲ့သို့ပင် ဖြစ်သည်။ ခန္ဓာကိုယ်သည် အချိန်ပို ဝန်ပို အလုပ်လုပ်ရသည့်အခါ အပိုသိုမှီးထားသော စွမ်းအင်အားလုံး ဆုံးရှုံးကုန်တော့သည်။ ထိုအခါ စိုးရိမ်သောကရောက်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းတို့ကို ခံစားရသည်။

စိတ်ဖိစီးမှု ဖြစ်ပေါ်သည့် အခြေအနေသည်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနား လှသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် အလုပ်မှ အငြိမ်းစားယူလိုက်ခြင်းကြောင့် စိတ်ဖိစီးမှုကို ခံစားရသော်လည်း အခြားတစ်ယောက်မှာမူ ယင်းနှင့် ဆန့်ကျင်ဘက်ပုံစံမျိုး ခံစားရနိုင်သည်။ စိတ်ဖိစီးမှုကို ဖြစ်စေသော အရာများထဲတွင် အလုပ်ပြုတ်ခြင်း၊ မိမိ၏ ရင်သွေးတစ်ဦး အိမ်မှ ထွက်သွားခြင်း သို့မဟုတ် အိမ်ကို ပြန်လာနေခြင်း၊ ခင်ပွန်း သို့မဟုတ် ဇနီး သေဆုံးခြင်း၊ ကွာရှင်းခြင်း သို့မဟုတ် လက်ထပ်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ ရာထူးတိုးခြင်း၊ ငွေရေးကြေးရေးပြဿနာများ၊ နေရာရွှေ့ပြောင်းခြင်းနှင့် ကလေးရခြင်း အစရှိသည်တို့နှင့် ပတ်သက်မှုများ ပါဝင်နေသည်။

စိတ်ဖိစီးမှုသည် ကျန်းမာရေးပြဿနာများကိုဖြစ်စေခြင်း သို့မဟုတ် ကျန်းမာရေး ပြဿနာများကို ပိုမိုဆိုးရွားစေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ စိတ်ဖိစီးမှုနှင့်ပတ်သက်သော ဖြစ်နိုင်ဖွယ် လက္ခဏာရပ်များမှာ စိုးရိမ်စိတ်များခြင်း၊ ခါးနာခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ လူမှုဆက်ဆံရေးနှင့်ပတ်သက်၍ ပြဿနာဖြစ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ လည်ပင်း သို့မဟုတ် မေးစေ့တောင့်တင်းနေခြင်း၊ ဝမ်းဗိုက်ထဲ မအီမသာ ဖြစ်ခြင်းနှင့် ကိုယ်အလေးချိန်တိုးခြင်း သို့မဟုတ် ကိုယ်အလေးချိန်လျော့ခြင်းတို့ ဖြစ်ကြသည်။

ပထမဆုံးအနေဖြင့် စိတ်ဖိစီးမှုခံစားရသည့်အခါ ယင်းကို မိမိဘာသာ သိမြင်ရန် လိုအပ်သည်။ စိတ်ဖိစီးမှု၏ အစောပိုင်းလက္ခဏာတစ်ရပ်မှာ ပခုံးများနှင့်လည်ပင်း တောင့်တင်းခြင်း သို့မဟုတ် လက်သီးတင်းတင်း ဆုပ်မိနေခြင်းဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် စိတ်ဖိစီးမှုအား မိမိဘာသာ ကိုင်တွယ်ရန် နည်းလမ်းကို ရွေးချယ်ရန်လိုအပ်သည်။ တစ်နည်းမှာ စိတ်ဖိစီးမှုကိုဖြစ်စေသော အရာများကို ရှောင်ကြဉ်ရန်ဖြစ်သည်။ ယင်းသည် အခါခပ်သိမ်း မဖြစ်နိုင်ပါ။ ထို့ကြောင့် ဒုတိယနည်းအနေဖြင့် စိတ်ဖိစီးမှုအား တုံ့ပြန်ရန် အပြောင်းအလဲကို ရှာဖွေရွေးချယ်ရမည်ဖြစ်သည်။ ယင်းသို့ တုံ့ပြန်မှုများအနက် ပုံမှန် လေ့ကျင့်ခန်းများ လုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့သည် အသုံးဝင်သော နည်းလမ်းများ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နေ့စဉ်ဘဝအတွင်း စိန်ခေါ်မှုများနှင့် အပြောင်းအလဲများကို ရင်ဆိုင်နေရသော ပြည်သူများအနေဖြင့် စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်ပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။

သြဂုတ်လ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent