အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန်တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းရန် ပြုလုပ်ခြင်းများအား အမြင့်ဆုံးထောင်ဒဏ် ခုနစ်ထိ ချမှတ်နိုင်သည့် ပြစ်မှုများတွင်ထည့်သွင်း၍ အကြမ်းဖက်တိုက်ဖျက်ရေးဥပေဒကို ပြင်ဆင်

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန်တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းရန် ပြုလုပ်ခြင်းများအား အမြင့်ဆုံးထောင်ဒဏ် ခုနစ်ထိ ချမှတ်နိုင်သည့် ပြစ်မှုများတွင်ထည့်သွင်း၍ အကြမ်းဖက်တိုက်ဖျက်ရေးဥပေဒကို ပြင်ဆင်
Published 2 August 2021

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန်တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ၀ါဒဖြန့်ခြင်းနှင့် စုဆောင်းရန်ပြုလုပ်ခြင်းများအား အမြင့်ဆုံးထောင်ဒဏ်ခုနစ်ထိချမှတ်နိုင်သည့် ပြစ်မှုများတွင် ထည့်သွင်း၍ သြဂုတ် ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၂၁/၂၀၁၂၁) ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပေဒကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ပြစ်မှုနှင့် ပြစ်ဒဏ်အခန်းပါ ပုဒ်မ ၅၂ (က) အား ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

မူလအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ပုဒ်မ ၅၂ တွင် မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် သုံးနှစ်မှ အများဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ပုဒ်မ ၅၂ (က)၌ ပုဒ်မ ၃ ပါ အကြမ်းဖက်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်များမှ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၆) မှ ပုဒ်မခွဲငယ် (၁၈) အထိပါရှိသော ပြလုပ်မှုများကို အကျုံးဝင်ကြောင်း ထည့်သွင်းထားသည်။

ယခုပြင်ဆင်လိုက်သည့် ဥပဒေတွင် ပုဒ်မ ၅၂ (က) ၌ ပုဒ်မ ၃ ပါ အကြမ်းဖက်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်များမှ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၅) အား ပြစ်မှုနှင့် ပြစ်ဒဏ်လုပ်ဆောင်မှုများအဖြစ် ထပ်မံထည့်သွင်း ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သဖြင့် ပုဒ်မ ၅၂ (က) တွင် ပုဒ်မ ၃ ၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၅) မှ ပုဒ်မခွဲငယ် (၁၈) အထိ အကျုံးဝင်မည်ဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃  ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၅)တွင် အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင်ဖြစ်စေ သူတစ်ဦးဦးအားပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများဟု ပြဋ္ဌာန်းထားပြီး ယခုပြင်ဆင်လိုက်သည့် ဥပဒေအရ အဆိုပါပြုလုပ်မှုများသည် ပုဒ်မ ၅၂ ပါပြစ်မှုနှင့် ပြစ်ဒဏ်များတွင် အကျုံးဝင်မည်ဖြစ်သည်။

ထို့ပြင် မူလပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၅၂ ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် အကျုံးဝင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၆) တွင် အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စု တစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများဟုလည်းကောင်း၊ ပုဒ်မခွဲငယ် (၁၇) တွင် အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန်အလို့ငှာ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခို နေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်း ပြုလုပ်မှုများဟုလည်းကောင်း၊ ပုဒ်မခွဲငယ် (၁၈) တွင် အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေး ပြုလုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများဟု လည်းကောင်း ပြဋ္ဌာန်းထားသည်။

Most Read

Most Recent