မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လအတွင်း ၁၂ ကြိမ်ခွဲ၍ ဒေါ်လာ ၃၉ သန်းအထိ စံချိန်တင်ရောင်းချခြင်းနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန် ပြည်သူသို့ပန်ကြားချက်၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကို သြဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လအတွင်း ၁၂ ကြိမ်ခွဲ၍ ဒေါ်လာ ၃၉ သန်းအထိ စံချိန်တင်ရောင်းချခြင်းနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန် ပြည်သူသို့ပန်ကြားချက်၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကို သြဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခြင်း
ကိုဗစ်လူနာတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် (ဓာတ်ပုံ-လူမှုကယ်ဆယ်ရေးအဖွဲ့(မြဝတီ))
ကိုဗစ်လူနာတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် (ဓာတ်ပုံ-လူမှုကယ်ဆယ်ရေးအဖွဲ့(မြဝတီ))
Published 1 August 2021

တစ်ပတ်အတွင်း နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာကိုးသန်းထပ်မံ ရောင်းချခဲ့သည့် ဗဟိုဘဏ်

၂၀၂၁ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်းထပ်မံ ရောင်းချခဲ့ပြီး ဇူလိုင်လအတွင်း (၁၂)ကြိမ်ခွဲ၍ ဒေါ်လာ ၃၉ သန်းအထိ စံချိန်တင်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချမှုတွင် ဇူလိုင် ၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ၆ ရက်တွင် ဒေါ်လာသုံးသန်း၊၅ရက်တွင် ဒေါ်လာသုံးသန်း၊ ၈ ရက်တွင် ဒေါ်လာခြောက်သန်း၊ ဇူလိုင် ၁၄ ရက်တွင် ဒေါ်လာသုံးသန်း ၊ ၁၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ၁၆ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၆ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူ လိုင် ၂၇ ရက်တွင် ဒေါ်လာသုံးသန်း၊ဇူလိုင် ၂၈ ရက်တွင် ဒေါ်လာသုံးသန်း ၊ ၂၉ ရက်တွင် ဒေါ်လာသုံးသန်း၊ဇူလိုင် ၃၀ ရက်တွင် ဒေါ်လာသုံးသန်းဖြင့် ဇူလိုင်လအတွင်း  ၁၂ ကြိမ်ခွဲ၍ ဒေါ်လာ ၃၉ သန်းအထိ ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။

ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက် အကောင်အထည်ဖော်ရန် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်နေသည်။

ဗဟိုဘဏ်စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။                               

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း  အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအားပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင်ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။အဆိုပါဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။

COVID-19 ရောဂါကုသရာတွင် အသုံးစရိတ်များ ကျခံသုံးစွဲရန် ခိုင်လုံသည့် အထောက်အထားများဖြင့် တင်ပြလာပါက ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို ကန့်သတ်ပမာဏထက် ကျော်လွန်၍ မိမိဘဏ်၏ မူဝါဒအတိုင်း ငွေသားလက်ကျန်အပေါ် မူတည်ပြီး ငွေထုတ်ပေးရန်ဘဏ်များသို့ ဗဟိုဘဏ်က ညွှန်ကြားချက်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၈ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ကူးစက်ပျံ့နှံှုမှု မြန်ဆန်သော COVID-19 ရောဂါပျံ့နှံဖြစ်ပွားလျက်ရှိရာ အများပြည်သူ COVID-19 ရောဂါကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ၊အောက်ဆီဂျင် ၊ Oxygen Plant နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်နှင့် ဆေးရုံ၊ဆေးခန်းများ၊ Quarantine Center များအတွက် အသုံးစရိတ်များ ကျခံသုံးစွဲရန် ခိုင်လုံသည့် အထောက်အထားများဖြင့် တင်ပြလာပါက သေချာစွာစိစစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းပါစဖြင့် “ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံးကျပ်သိန်း ၂၀ နှင့် ကုမ္ပဏီနှင့်အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံးကျပ်သိန်း ၂၀၀” သတ်မှတ်ချက်ထက် ကျော်လွန်၍ မိမိဘဏ်၏ မူဝါဒအတိုင်း ငွေသားလက်ကျန်အပေါ် မူတည်ပြီး ငွေထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲနှင့် လက်အောက်ခံဘဏ်များသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကြောင်းကြားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                        

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဒစ်ဂျစ်တယ် စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်း  ဆောင်ရွက်မှုလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် ငွေပေးချမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိသည်။

“ငွေပေးချေရာတွင် A/C Transfer ၊ Digital Payment များဖြင့် ပိုမိုပေးချေရေးကို ဘဏ်များမှ တားဂတ်ထား ဆောင်ရွက်ရန်နှင့် ဆက်သွယ်သူ ကုန်သည်များ၏ Digital Sales (Pay/Wallet/Cards/Account Transfer) များပေါ်တွင် တစ်လအတွင်း ရောင်းချမှုပမာဏ၏အများဆုံး ရာခိုင်နှုန်း ၅၀ အထိသာ ငွေသားထုတ်ယူခွင့်ကို တစ်လလျှင်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်အထိသာ စိစစ်ခွင့်ပြုရန်” အတွက် ဘဏ်များအားလုံးသို့ ညွှန်ကြားထားပြီးဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူလူထူ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ငွေပေးချေမှုများအား အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ်ခွင့်လိုင်စင်ပေး ထားသော ပုဂ္ဂလိက ဆေးရုံဆေးခန်းများတွင် ဆေးကုသမှုခံယူခြင်း၊ ဆေးဝါးနှင့်ဆေးပစ္စည်းများဝယ်ယူခြင်းတို့အတွက် ငွေပေးချမှုများအား  အထက်အပိုဒ်(၁)ပါ အီလက်ထရွန်နစ် ငွေပေးချေမှုနည်းလမ်းဖြင့် ဦးစားပေးလက်ခံဆောင်ရွက်စေရန်နှင့် အဆိုပါ Digital Payment ဖြင့် လက်ခံရောင်းချထားသည့် ငွေပမာဏ၏အများဆုံး ရာခိုင်နှုန်း ၅၀ ကို တစ်လလျှင် နှစ်ကြိမ် သို့မဟုတ်သုံးကြိမ်ခန့်ထိ စိစစ်၍ သက်ဆိုင်ရာဘဏ်များမှ ငွေသားထုတ်ပေးမည်ဖြစ်သဖြင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအသီးသီးမှ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

COVID-19 ရောဂါကာကွယ်ရန် အများပြည်သူသို့ ပန်ကြားချက်၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကို သြဂုတ် ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်ခြင်း

COVID-19 ရောဂါ ကူးစက်မှုကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊  ပြည်ထောင်စုဝန်ကြီးဌာနများမှ ရောဂါကာကွယ်တားဆီးရေးအတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသည့် အများပြည်သူသို့ ပန်ကြားချက်၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကို ၂၀၂၁ခုနှစ်၊ သြဂုတ် ၃၁ ရက်အထိ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို သြဂုတ် ၃၁  ရက်အထိ ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီ ကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါကန့်သတ်ချက်များအားလုံးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

လေကြောင်းခရီးသွားလာခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာမှခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလကိုလည်း ၂၀၂၁ ခုနှစ် သြဂုတ် ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent