ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မည်ဆိုသည်ကို ကတိပြုကြောင်းနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မည်ဆိုသည်ကို ကတိပြုကြောင်းနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 1 August 2021

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မည်ဆိုသည်ကို ကတိပြုကြောင်းနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို အာမခံကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု ခြောက်လပြည့် မိန့်ခွန်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးနောက် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလသည် အကန့်အသတ်ရှိကြောင်း၊ အရေးပေါ်ကာလ တစ်နှစ်အတွင်း တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက နောက်ထပ် ခြောက်လနှစ်ကြိမ် သက်တမ်း တိုးမြှင့်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

အဆိုပါကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ပြီးစီးအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြီးစီးပါက ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ခြောက်လပေးပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ။  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ နောက်ဆုံး လုပ်ငန်းစဉ်က လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီကို ဒီမိုကရေစီ စံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ဒီလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ဟာ လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်။ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်ဆိုတာ ကတိပြုပါတယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရေးအတွက် အခြေခံလိုအပ်ချက်မှာ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်ကြောင်း၊ တည်ငြိမ်ရေးဆိုသည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးအရ တည်ငြိမ်အေးချမ်းရေးတို့ လိုအပ်မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင်လည်း တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး စည်းကမ်းပြည့်ဝသော အလေ့အထကောင်းများ ရရှိလာစေရန် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ကျွန်တော်တို့က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံပါတယ်။ အဓိက,ကတော့ သတ်မှတ်ထားတဲ့ကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရမယ့် လုပ်ငန်းအားလုံး အဆင်ပြေချောမွေ့စွာ ပြီးစီးရေးပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရွေးကောက်ပွဲအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စီမံချက်အရ တစ်နေ့ကို လူဦးရေ ၃၀၀ နှုန်းဖြင့် လုပ်ဆောင်မည်ဆိုပါက ၁၈ လခန့် ကြာမြင့်နိုင်ပြီး မြန်ဆန်နိုင်သမျှ မြန်ဆန်အောင် ဆောင်ရွက်နေကြောင်း၊ ပြည်သူများ၏ ဆန္ဒဖြစ်သော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent