သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့်ဆိုလျှင် ‘ဒုက္ခ သစ္စာ’ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။ ‘သမုဒယသစ္စာ’ - သမုဒယသည် ‘ဒုက္ခ’ ကို ဖြစ်စေသော အကြောင်းရင်းအမှန် ဖြစ်သည်။ ‘နိရောဓသစ္စာ’ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ် ရှိသည်။ ‘မဂ္ဂသစ္စာ’ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
ဗုဒ္ဓမြတ်ဘုရားက ဆင်းရဲခြင်း ချုပ်ငြိမ်းရာအမှန်ကို နိရောဓသစ္စာ (နိဗ္ဗာန်) ဟူ၍ ဟောကြားတော်မူပါသည်။ ဓမ္မစကြာသုတ်တွင် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဟူ၍ ဂေါတမဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူပါသည်။ တဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည်ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည်ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည်ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည်ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည်ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်သော နိရောဓသစ္စာဟု ဆိုပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆ ချက် တရားတော်များမှ ထုတ်နုတ်၍ နိရောဓသစ္စာအကြောင်း ဖော်ပြလိုပါသေးသည်။
နိဗ္ဗာန်ဟူသည် နိဿရဏဋ္ဌသဘော ရှိသည်။ နိဿရဏဋ္ဌဟူသည် ဒုက္ခဝဋ်မှကျွတ်လွတ်သည့် အနက်သဘောပင်။ နိဗ္ဗာန်ဟူသည် ဝဋ်သုံးပါးမှ ကျွတ်သည့်နေရာဖြစ်သည်။ ရုပ်နာမ်ခန္ဓာရှိနေပါက နိဗ္ဗာန်မဟုတ်ပေ။ ၀ိပါကဝဋ်ဖြစ်သည်။ ကုသိုလ်ကံ အကုသိုလ်ကံများ ရှိနေပါက နိဗ္ဗာန်မဟုတ်ပေ။ ကမ္မဝဋ်ဖြစ်သည်။ အဝိဇ္ဇာနှင့် တဏှာရှိနေလျှင်လည်း နိဗ္ဗာန်မဟုတ်။ ကိလေသဝဋ် ဖြစ်သည်။ ဝဋ်ကျွတ်ရာဌာန (နိဗ္ဗာန်) မှာ ရုပ်နာမ်လုံးဝမရှိပေ။ ရုပ်ရှိရှိ၊ နာမ်ရှိရှိ၊ ရုပ်နာမ်အတွဲရှိရှိ ၀ိပါကဝဋ် ဖြစ်သည်။ နိဗ္ဗာန်သည် ဝဋ်ကျွတ်ရာဌာနဟု ဆိုသဖြင့် ကုသိုလ်ကံ အကုသိုလ်ကံ၏ အစွမ်းသတ္တိ မရှိသည့်နေရာ၊ ကိလေသာ၏ အစွမ်းသတ္တိ မရှိသည့်နေရာ၊ ၀ိပါကဝဋ်နှင့်လည်း မဆက်သွယ်သည့် နေရာဖြစ်သည်။ နိဗ္ဗာန်သည် ဝဋ်သုံးပါးနှင့် မဆက်သွယ်ဘဲ သီးသန့်တည်ရှိမှု ဖြစ်သည်။
သစ်ပင်တစ်ပင်၌ အမြစ်၊ ပင်စည်ပင်လုံးနှင့် အကိုင်းအခက်ဟူ၍ သုံးပိုင်းရှိသည်။ (၁) အဝိဇ္ဇာတဏှာ ဟူသည့် ကိလေသဝဋ်သည် ရေသောက်မြစ်နှင့် တူသည်။ (၂) ကမ္မဝဋ်သည် ပင်စည်၊ ပင်လုံးနှင့် တူသည်။ (၃) ရုပ်နာမ်ခန္ဓာဟူသည့် ၀ိပါကဝဋ်ကြီးသည် အကိုင်းအခက်များ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းအပင် (ခန္ဓာသစ်ပင်ကြီး) သေစေချင်လျှင် အမြစ်ကို ဖြတ်ရမည်။ ယင်းကိလေသာအမြစ်ကို ၀ိပဿနာဓား၊ မဂ်ဓားနှင့် ဖြတ်မှရမည်။ ၀ိပဿနာဓားဖြင့် ခုတ်ထားပြီး တည်းတည်းကျန်ချိန်တွင် မဂ်ဓားနှင့်ဖြတ်ရမည်။ မဂ်ဓားသည် ကိလေသာထု (ဒု) လွန်စွာကြီးနေပါက ဖြတ်၍မရပေ။
ယင်းအမြစ်ကိုဖြတ်ရန် ဒါန၊ သီလ၊ သမထလောက်နှင့် မဖြစ်နိုင်ပေ။ ၀ိပဿနာဓားမဂ်ဓားနှင့် ဖြတ်မှရမည်။ ထို့ကြောင့် အမြစ်ဖြတ်ဆေးကို ယခုဘဝ၌ သောက်ဖြစ်အောင် သောက်၊ လုပ်ဖြစ်အောင် လုပ်လိုက်မှ စိတ်ချရပေမည်။ ယင်းအမြစ် (ကိလေသာ) မပြတ်သရွေ့ ၀ိပါကဝဋ်ထဲမှ ကိလေသဝဋ်က ပေါက်နေဦးမည်ပင်။ အမြစ်ပြတ်လျှင် အသီးများ မအောင်မြင်နိုင်တော့ပေ။ ဤကဲ့သို့ဖြစ်ရန် ၀ိပဿနာအလုပ်လုပ်ရမည်။ ရှေးဦးစွာ ၀ိပဿနာ မဂ်ဉာဏ်ငါးပါးနှင့် လုပ်ပြီး နောက်ဆုံးတွင် မဂ်ဉာဏ်ရှစ်ခုနှင့် ဖြတ်ရမည်။ ထိုမှတစ်ပါး အခြားအမြစ်ဖြတ်ဆေးမရှိပေ။ ထို့ကြောင့် လှူဒါန်းသည့်အခါ၌လည်း ဤဝဋ်မှကျွတ်ရပါလို၏ဟုဆိုကာ လှူရမည်။ ဝဋ်သုံးပါးမှ ကျွတ်လွတ်ချင်သည့် အလှူအတန်းမျိုးလုပ်လျှင် အထောက်အပံ့ရမည်မှာ သေချာသည်။
ထို့ကြောင့် ကမ္မဝဋ်အားနည်းသွားအောင် ကိလေသဝဋ်ကို ဖြတ်လိုက်ရမည်။ ဖြတ်လိုက်၍ ကိလေသဝဋ် မရှိတော့လျှင် ကမ္မဝဋ်လည်း မရှိတော့ပေ။ ၀ိပါကဝဋ်ကြီးလည်း မရှိတော့ပေ။ ထိုအခါ ဝဋ်သုံးပါး ကျွတ်သွားသည်။ ယင်းဝဋ်သုံးပါး ကျွတ်သွားခြင်းဟူသည် နိဗ္ဗာန်ရောက်ခြင်းမည်ပါကြောင်း မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက်တရားတော်ကို The Daily Eleven သတင်းစာက ဖော်ပြအပ်ပါသည်။
ဇူလိုင် ၃၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်