အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ဆေးစတင်ထိုးနှံနေပြီး ဖမ်းဆီးခံထားရသည့် စီးပွားရေးအကြံပေး ရှောင်တာနယ် အပါအဝင် အင်းစိန်ထောင်မှ အကျဉ်းသားနှင့် အချုပ်သားဦးရေ ၆၁၀ ပါဝင်

အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ဆေးစတင်ထိုးနှံနေပြီး ဖမ်းဆီးခံထားရသည့် စီးပွားရေးအကြံပေး ရှောင်တာနယ် အပါအဝင် အင်းစိန်ထောင်မှ အကျဉ်းသားနှင့် အချုပ်သားဦးရေ ၆၁၀ ပါဝင်
Published 29 July 2021

အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ဆေးအား ဇူလိုင် ၂၈ ရက်မှစတင်ကာ ထိုးနှံပေးနေကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။  

COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအား ဇူလိုင် ၂၈ ရက်တွင် ပထမအကြိမ်ဆောင်ရွက်ခဲ့ရာ ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူနှင့် အချုပ်သား/အချုပ်သူ စုစုပေါင်းဦးရေ ၆၁၀၊ နေပြည်တော်အချုပ်ထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ ဦးရေ ၃၆၀ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာနှင့် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့် The GLOBAL NEW LIGHT OF MYANMAR သတင်းစာတွင် ဖော်ပြချက်အရ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားနှင့် အချုပ်သားများ COVID-19 ကာကွယ်ဆေးထိုးနှံသည့် သတင်းဓာတ်ပုံတွင် အင်းစိန်အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် NLD အစိုးရလက်ထက် စီးပွားရေးအကြံပေးပုဂ္ဂိုလ် သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်၏ ဓာတ်ပုံလည်းပါဝင်သည်။

“ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ပတ်သက်လို့ ဒီနေ့ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသားတွေကို ပထမဆုံးစတင်ထိုးနှံပေးတာဖြစ်ပါတယ်။ အရင်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းကတော့ မထိုးဖြစ်ခဲ့ဘူး။ အခုလည်းထောင်အတွင်း အကျဉ်းသားတွေအေနနဲ့ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုတော့မရှိသေးဘူး။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အေနနဲ့ ဒီကနေ့ ကနဦးထိုးနှံ့ပေးတာဖြစ်ပါတယ်။ အကျဉ်းသား/အချုပ်သား ဆန္ဒပြုတဲ့သူနဲ့ ဆေးထိုးဖို့အကျုံးဝင်တဲ့သူအားလုံးကို စာရင်းကောက်ခံပြီး ထိုးနှံပေးသွားမှာပါ။ တချို့ကလည်း ရောဂါအခံ ခြေအနေတစ်ရပ်ရပ်ကြောင့် မထိုးကြတဲ့ သူတွေလည်းရှိတယ်။ အခုလတ်တေလာမှာတော့ ကာကွယ်ဆေးထိုးဖို့ ဆန္ဒပြုထားတဲ့သူ ၂၅ဝဝ ကျော်ရှိပါတယ်။ စာရင်းပေးထားတဲ့ အားလုံးကို ကာကွယ်ဆေးထိုးနှံပေးသွားမှာပါ” ဟု အင်းစိန်ဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

COVID -19 ကာကွယ်ဆေးထိုးနှံမှုကို အင်းစိန်ထောင်အတွင်း ဆေးရုံ၌ပင် အကျဉ်းထောင် ဆရာဝန်ကြီးများနှင့် သူနာပြု ဆေးဝန်ထမ်းများက အကျဉ်းသား/အချုပ်သား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၁၀ ကို ကြိုတင်ကျန်းမာရေးဆေးစစ်မှုများ ပြုလုပ်ကာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးဖြန့်ဝေရရှိမှု အပေါ်မူတည်ကာ နောက်ရက်များတွင်လည်း COVID-19 ကာကွယ်ဆေးကို ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တေလာတွင် အင်းစိန်ဗဟိုအကျဉ်းထောင်၌ အကျဉ်းသား/အချုပ်သား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၉ဝဝဝ ကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံမည့် စာရင်းပေးသူများမှာစုစုပေါင်း ၂၅ဝဝ ကျော်ရှိကြောင်း သိရသည်။

ယခုကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အကျဉ်းဦးစီးဌာနက တာဝန်ယူကာ စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent