စင်ကာပူနိုင်ငံက မြန်မာနိုင်ငံကို အောက်ဆီဂျင်စက် (Oxygen Concentrator) အလုံးရေ ၂၀၀ ပေးပို့လှူဒါန်းမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံရေးခြားရေးဝန်ကြီးဌာနက ဇူလိုင်၂၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အပြင်းအထန်ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် အထောက်အကူဖြစ်စေရန် ယင်းသို့ ပေးပို့လှူဒါန်းခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အောက်ဆီဂျင်စက် (Oxygen Concentrator) များကို စင်ကာပူကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ (Myanmar Red Cross Society) ထံ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အောက်ဆီဂျင်စက် အမှန်တကယ်လိုအပ်နေသည့် အဖွဲ့အစည်းများထံ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အောက်ဆီဂျင်စက် (Oxygen Concentrator) များ လှူဒါန်းခြင်းသည် COVID-19 ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံမှ ပြည်သူများနှင့်အတူ စင်ကာပူနိုင်ငံပြည်သူများက တစ်သားတည်း ရပ်တည်ခြင်းကို ပြသခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံရေးခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် UNOPS ( ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုများရုံး) မှတစ်ဆင့် ဂျပန်အစိုးရက Oxygen Concentrator အလုံးရေ ၇၀၀ မြန်မာနိုင်ငံအတွက် လှူဒါန်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဇူလိုင် ၂၁ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇွန်လကုန်ကတည်းက မြန်မာနိုင်ငံတွင် COVID-19 အခြေအနေသည် မြင့်တက်လာသော လူနာဦးရေများနှင့် တစ်နေ့လျှင် ရာပေါင်းများစွာသော သေဆုံးမှုများကြောင့် လျင်မြန်စွာယိုယွင်းလာခဲ့ရာ ယင်းကဲ့သို့သောအခြေအနေမျိုးတွင် မြန်မာပြည်သူများအတွက် လိုအပ်သောကုသမှုများ ပေးနိုင်ရန်အတွက် Oxygen Concentrator များကို အလျင်အမြန် ထောက်ပံ့ပေးရန် အရေးပေါ်လိုအပ်နေသည်ဟု ဂျပန်သံရုံးက ထုတ်ပြန်သည်။
ယင်းကြောင့် ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၌ လက်ရှိ COVID-19 ဖြစ်ပွားမှုကို တုန့်ပြန်သောအားဖြင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး (UNOPS) မှ အကောင်အထည်ဖော်လျက်ရှိသော လက်ရှိစီမံကိန်းမှတဆင့် Oxygen Concentrator အလုံးရေ ၇၀၀ အထိ ထပ်မံထောက်ပံ့ရန် အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်သည်။
အဆိုပါ Oxygen Concentrator များအား UNOPS နှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဤအထောက်အပံ့ အစီအစဉ်အရ ဂျပန်နိုင်ငံအစိုးရသည် COVID-19 လူနာများကို ကုသပေးနေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုသရေးဌာနများသို့ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ထောက်ပံ့ပေးခြင်းဖြင့် မြန်မာပြည်သူများကို တိုက်ရိုက်ပံ့ပိုးပေးမည်ဖြစ်သည်ဟု ဂျပန်သံရုံးက ဆိုသည်။
ထို့ပြင် COVID-19 လူနာများအား ကုသမှုပေးနေသည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ လူနာတင်ယာဉ် ၁၄ စီးကို မကြာမီလွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး လူနာတင်ယာဉ်များကို COVID-19 ရောဂါကူးစက်ခံရသော လူနာများအား အရေးပေါ်သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။