ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆက်တိုက်တင်သွင်းလျက်ရှိသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆက်တိုက်တင်သွင်းလျက်ရှိသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ
နယ်စပ်မှ အောက်ဆီဂျင်တင်သွင်းလာမှုကို တွေ့ရစဉ်
နယ်စပ်မှ အောက်ဆီဂျင်တင်သွင်းလာမှုကို တွေ့ရစဉ်
Published 25 July 2021

၁၂ ရက်အတွင်း COVID-19 ရောဂါ ကာကွယ်ကုသရေးဆေးနှင့် ဆေးပစ္စည်းများတင်သွင်းမှု

၁၂ ရက်အတွင်း COVID-19 ရောဂါကာကွယ်ကုသရေးပစ္စည်းများဖြစ်သည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၄၅၅ တန်၊ အောက်ဆီဂျင်အရည်အိုးဖြင့် ၂၆၈ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် ၂၅၂၇၇ ခု၊ Mask ၆၁၇ တန် တင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လတ်တလောတွင် နိုင်ငံတစ်ဝန်း COVID-19 ရောဂါ တတိယလှိုင်း ကူးစက်ဖြစ်ပွားနှုန်း မြင့်တက်လာခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အရေးပေါ်လိုအပ်မှုမှာလည်း မြင့်တက်လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာပစ္စည်းများနှင့် Liquid Oxygen များ တင်သွင်းမှုကို လိုင်စင်လျှောက်ထားရန်မလိုဘဲ ခွင့်ပြုထားပြီးဖြစ်သည်။

Oxygen Concentrator များ တင်သွင်းမှုကိုလည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ဖြင့် လျင်မြန်စွာ တင်သွင်းခွင့်ပြုပေးလျက်ရှိသည်။

COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါး၊ဆေးပစ္စည်းကိရိယာများနှင့် Liquid Oxygen တို့အား ဇူလိုင် ၁၂ ရက်မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ သုံးလတင်သွင်းခွင့်ပြုထားသည်။

လတ်တလော COVID-19 ရောဂါသည် တတိယလှိုင်းအဖြစ် ကူးစက်ပျံ့ပွားမှု လျင်မြန်လျက်ရှိရာ COVID-19 ရောဂါကုသမှု လုပ်ငန်းစဉ်များကို အထောက်အကူ ပြုနိုင်စေရန်အတွက် COVID-19 ရောဂါ ကာကွယ်၊ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများအနက် သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအားလုံးနှင့် Liquid Oxygen တို့အား ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်မှစတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲ သုံးလယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို တရုတ်နိုင်ငံမှတင်သွင်းရာတွင် နယ်စပ်လမ်းကြောင်းများမှတဆင့် အခက်အခဲမရှိ တရားဝင်ပို့ဆောင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးရုံးနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာတွင် ကုန်ပစ္စည်းတင်သွင်းလိုသူများအနေဖြင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံစီးပွားရေးသံရုံးတို့အကြား ညှိနှိုင်းထားသည့်ပုံစံတွင် ပြည့်စုံစွာဖြည့်စွက်၍ email:ferd.covid2021@gmail.com သို့ ပေးပို့ရန်လိုအပ်ကြောင်း သိရသည်။

ထပ်မံ၍ သိရှိလိုသည်များရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် (ဖုန်း-၀၉၇၈၅၄၃၅၇၂၆)၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ၀ါ၀ါမောင်(ဖုန်း -၀၉၅၁၀၄၁၈၁)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင် မိုးချယ်(ဖုန်း- ၀၉၂၆၀၆၀၇၀၆၀)၊ ညွှန်ကြားရေးမှူးဒေါ်သီသီအေး (ဖုန်း-၀၉၂၅၀၆-၃၇၀၀၉) အစရှိသည့် တာဝန်ရှိသူများထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မူဆယ်နယ်စပ်မှတင်သွင်းမည့်  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများ လွယ်ကူလျင်မြန်စွာ ရောက်ရှိရေးအတွက် ကုမ္ပဏီများအနေဖြင့် တင်ပြလျှောက်ထားသည့်စာများတွင် တစ်ဖက်တရုတ်နိုင်ငံရှိ ဆက်သွယ်ရမည့်လူအမည်၊ ကုမ္ပဏီအမည်၊ တရုတ်ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြပေးနိုင်ပါရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်းတင်သွင်းနိုင်ရေးအတွက် ဆက်သွယ်မေးမြန်းနိုင်သည့် Contact Person များအနေဖြင့် (၁)ဦးနန္ဒ၊ ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)- ၀၆၇-၃၄၀၈၀၁၄၊ ဦးမောင်မောင်လွင်၊ဒုတိယညွှန်ကြားရေးမှူး၊ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ ၀၉၄၄၃၂ ၁၂၄၁၅၊ဦးမျိုးမင်း၊ဒုတိယ ညွှန်ကြားရေးမှူး၊ မြဝတီကုန်သွယ်ရေးဇုန်၊ ၀၉၄၂၉၂၁၅၆၁၀၊ ဦးစိန်ဝင်း၊ ညွှန်ကြားရေးမှူး၊ တာချီလိတ်ကုန်သွယ်ရေးစခန်း၊ ၀၉၅၀ -၂၄၈၂၁၊ ဦးတင်လတ်၊ ညွှန်ကြားရေးမှူး၊ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၊ ၀၉၂၅၄၀၇၅၈၁၄၊ ဦးတင်ရွှေဦး၊ ညွှန်ကြားရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ၀၆၇-၃၄၀၈၂၉၁၊ ဒေါက်တာမျိုးဇာနည်စော၊ ဒုတိယညွှန်ကြားရေးမှူး၊အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ၀၆၇-၃၄၀၃ ၀၉၁၊ ဦးမောင်မောင်လွင်၊ ညွှန်ကြားရေးမှူး၊ အကောက်ခွန်ဦးစီးဌာန၊ ၀၉၅၀၇၅၆၅၈ တို့သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

ငါးလခွဲအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာ ၇၈ ဒသမ ၈ သန်း ရောင်းချ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဇူလိုင် ၁၆ ရက်အထိ ငါးလခွဲအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၇၈ ဒသမ ၈ သန်း ရောင်းချထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လအလိုက် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်လတွင် ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊မေလတွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ၁၂ သန်းရောင်းချခဲ့သည်။ဇူလိုင် ၅ရက်မှ ၁၆ ရက်အထိကာလအတွင်း ဒေါ်လာ ၂၄ သန်း ရောင်းချခဲ့သည်။၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ် ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကိုလျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖွင့် လှစ်ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင်ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ်ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။

အဆိုပါဖော်ပြခဲ့သည့်အတိုင်း ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေစျေးပြိုင် လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန် ဖြစ်စေ၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ဗဟိုဘဏ်က ကြေညာထားသည်။

Most Read

Most Recent