မသေခင် ရှင်ဖို့က မလွယ်ဘူး

မသေခင် ရှင်ဖို့က မလွယ်ဘူး
Published 24 July 2021
လင်းခေတ်ကြယ်

          “အမှိုက်များ”

          ဒီနေရာမှာ

          နေသာနေရတယ်

          ဘာဖြစ်မယ်မှန်း မသိဘူး။

          ဒီနေရာမှာ

          သေသာသေသွားတယ်

          ဘာကြောင့်မှန်း မသိဘူး။

          တကယ်တော့

          ငါတို့ဘဝက အမှိုက်တွေလိုပါပဲ

          ရှင်းလင်းမယ့်သူနဲ့

          သုတ်သင်မယ့်သူတွေကြားမှာ

          ဘယ်နေ့မှန်းမသိ မျှော်နေရတာ။        ။

 မိုးကတစိမ့်စိမ့်။ ခေတ်ကလည်း တရိပ်ရိပ်နဲ့။ ငါတို့ဟာ အခက်ကြီးနဲ့ ကြုံရ။ ငါတို့ဟာ အပျက်ကြီးထဲ ခုန်ချ။ ဘဝကို ဘယ်လို သေရမလဲဆိုတာထက် ဘယ်လိုရှင်အောင် စိုက်ရမလဲဆိုတာကို  တွေးခေါ်တယ်။  နေ့စဉ် ကြုံတွေ့ရခြင်းမှာ အခက်အခဲများများ၊ ဒုက္ခများများ။ အဆင်မပြေမှုတွေက ရေပိုက်ခေါင်း ဖွင့်ချလိုက်သလိုမျိုး တရဟောစီးဆင်းတယ်။ မပျော်ရွှင်မှုဆိုတာ အသွေးထဲအသားထဲ ထိုးသွင်းထားရတဲ့ မသေဆေးလိုပဲ။ ငါတို့က အသက်အပိုပါတဲ့ လူတွေလိုမျိုး ခေတ်ကြီးကို ကြုံသလို ဖြတ်သန်းလိုက်ကြ။ ငါတို့ဟာ မျှော်လင့်ချက်မဲ့သူလိုမျိုး ခေတ်ကြီးအတိုင်း စီးမျောလိုက်ကြ။ ဘယ်အရာတွေက ခက်ခဲပြီး ဘယ်အရာတွေက လွယ်ကူမယ်မှန်းလည်း မသိတော့ဘူး။ ဘယ်သူတွေနဲ့ တွေ့ဆုံပြီး ဘယ်သူတွေနဲ့ ခွဲခွာရဦးမယ်ဆိုတာကိုလည်း မသိတော့ပါဘူး။  သံချေးတက်နေတဲ့ ဓားတစ်ချောင်းလို ငါတို့အိပ်မက်တွေ တုံးအနေခဲ့တာ ကြာပြီ။ ဆွေးမြည့်နေတဲ့ကြမ်းလို ငါတို့ ဘဝတွေက ကျိုးကျနေခဲ့တာကြာပြီ။ မြေကြီး စကားနဲ့ အသားကျနေသူတွေမို့ ကောင်းကင် ကို ငေးကြည့်ရုံကလွဲပြီး ဘာမှလည်း မမျှော်မှန်းနိုင်တော့ပါဘူး။ ငရဲလမ်းအတိုင်း မခွဲ တမ်းစွဲလောင်ဖို့အတွက်ကိုပဲ ပြင်ဆင်ထားပါတယ်။

 

          “ဒဏ်ရာရသူများစာရင်း”

          အမှန်တရားဟာ

          အမြဲနောက်ကျတယ်။

          နောက်ကျော ဓားထိုးခံရမှုက

          မီးပုံထဲပစ်ချလိုက်တဲ့ထင်းလို

          တမြေ့မြေ့လောင်တယ်။

          ဒဏ်ရာက နက်တယ်။

          အမာရွတ်က သေရာပါတယ်။

          သေချာတာက

          ဘယ်လောက်ကုကု

          ဆေးမတိုးတော့တာပဲ။

ဘယ်လိုအဆိပ်နဲ့ ငါတို့ အသက်ပြင်းခဲ့ကြသလဲ။ ဘယ်လိုခံနိုင်ရည်အားမျိုးနဲ့ ငါတို့ ရှေ့ဆက်ကြမလဲ။ အမှန်တရားအတွက်ဆို အယူခံမလို။ ငါတို့ကသာ ငါတို့ခံတပ်ဖြစ်ခဲ့တယ်။ အနှစ်သာရမရှိတဲ့ ခေတ်ကြီးကိုလည်း စိတ်ရှိလက်ရှိ ရိုက်ခွဲလိုက်ချင်တယ်။ သုံးစားမရတဲ့ ဆောင်ပုဒ်တွေကိုလည်း နှုတ်ကြမ်းကြမ်းနဲ့ ဆဲရေးတိုင်ထွာပစ်လိုက်ချင်တယ်။ ဒီဘက်ခေတ်မှာ လူ့ယဉ်ကျေးတွေ ပေါများလာတဲ့အတွက် ခပ်ရိုင်းရိုင်းပြောမိရင် ရိုင်းတဲ့သူရဲ့ အပြစ်လို့သာမြင်ပြီး အဲဒီလိုရိုင်း အောင်လုပ်တဲ့သူကိုကျ နှာစေးနေခဲ့ကြတယ်။

ခင်ဗျားတို့ ခေတ်ကြီးက ရယ်ချင်စရာပဲ။ နာကျင်သောရယ်မောသံတွေက မိုးလုံးပြည့် လျှံကျနေတယ်။ အသက်ရှင်လိုမှုအတွက် ကိုယ့်ကိုယ်ကိုယ် ရောင်းစားနေကြတဲ့ခေတ်ကြီးထဲ အမှားတေး ဆိုနေသူတွေကို မြင်ရင် ချဉ်ခြင်းတပ်မိတာက မသတီစရာတွေချည်း ပဲ။ ဒီလိုအဖြစ်အပျက်မှာ အလယ်ကလူတွေ စကားဝဲခဲ့ကြတယ်။ အထက်ကလူတွေ လူမြင် မကောင်းအောင် ဖိတ်စင်နေခဲ့ကြတယ်။ အောက်ကလူတွေကတော့ မြေနိမ့်ရာ လှံစိုက် ခံနေရတုန်းပဲ။ အဲဒီလို ပေးထားချက်နဲ့ တွက် ချက်ရတဲ့ အခြေအနေပါ။ အဲဒီလို ပြဋ္ဌာန်းချက် နဲ့ ချွေးသိပ်နေရတဲ့ ကာလပါ။ လူတစ်ကိုယ် စိတ်တစ်မျိုးဆိုပေမဲ့ အားလုံးရဲ့ ဘုံရည်မှန်း ချက်ကတော့ ခေတ်ကြီးကို ပြောင်းပြန်ဆွဲလှန် ပစ်လိုက်ဖို့ပါပဲ။

လူရိုသေရှင်ရိုသေ မုသားနဲ့ စီးဆင်းနေ ရတဲ့ ဘဝကြီးကို မုန်းတယ်။ ခေတ်အဆက်ဆက် အမုန်းတရားကြီးလွန်းခဲ့တဲ့ လောကဓံ ကတော့ သူအာသာပြေဖို့အတွက် ငါတို့ဘဝ တွေကို စိတ်ရှိလက်ရှိ အဓမ္မကျင့်ကြံနေတုန်း ပဲ။ ငါတို့မှာသာ အလိုမတူဘဲ ရခဲ့တဲ့ ဒဏ်ရာ တွေက စကြဝဠာတွင်းနက်ကြီးတွေထက် ပို နက်ခဲ့ပါတယ်။ အနာတရ တွေကို ကျောပိုးပြီး ဘေးလွတ်ရာကို ရှောင်ပြေးခဲ့ရတာလည်း ဆွေစဉ်မျိုးဆက်မဟုတ်လား။

         

          “ဒဏ်ရာရသူများစာရင်း-၂”

          မြှောက်ကြတဲ့ခေတ်နဲ့

          ကြောက်ရတဲ့ခေတ်မှာ

          ယုံကြည်မှုဆိုတာ

          ဘာနဲ့သတ်သတ် သေပါတယ်။      ။

အတိတ်ဟာ ဒိုင်ယာရီတစ်အုပ်လို အပျင်းပြေပြန်ဖတ်ကြည့်ရုံကလွဲရင် ဘာမှ ရင်ခုန်စရာ မရှိတော့ပါဘူး။ ပစ္စုပ္ပန်ကတော့ ဒေဝေါကြီးနဲ့တူပြီး ခဏခဏအခြောက်ခံရတဲ့ အတွက် အရေထူတဲ့ ပုံပြင်လိုဖြစ်နေပါပြီ။ အနာဂတ်ကို ပြောရရင် သုညလို့သာ ဖြေဆိုရ လိမ့်မယ် ထင်ပါတယ်။ ဒီလိုနဲ့ မိုးကြီးချုပ်တော့ မယ်။ ဒီလိုနဲ့ တစ်နေဝင် တစ်နေထွက်ခဲ့တယ်။ ဒီလိုနဲ့ ဘယ်အချိန်ပေါက်မယ်မှန်းမသိတဲ့ ချိန်ကိုက်ဗုံးကို ကိုင်ထားရင်း စောင့်နေခဲ့ရ တယ်။ အပြင်မှာ မိုးနဲ့လေနဲ့ဆိုပေမဲ့ အားလုံးရဲ့ ရင်ထဲမှာ မုန်တိုင်းထန်နေခဲ့ပြီ မဟုတ်လား။ အိပ်မက်အကျိုးအကြေတွေနဲ့ ခရီးဆက်နေ တုန်းပဲ မဟုတ်လား။ မျှော်လင့်ချက်မီးတောက် လေးနဲ့ သွေးတွေ နွှေးနေကြဆဲ မဟုတ်လား။ ရောင်နီကိုမျှော်ပြီး ညတွေကို နင်းဖြတ်နေ ကြဆဲ မဟုတ်လား။ တစ်နေ့နေ့ပေါ့ဆိုပြီး အားတင်းထားတုန်းပဲ မဟုတ်လား။ လောက ဓံ မိုးတွေ ရွာနှင့်ဦးပေါ့ဆိုပြီး အံကြိတ်ထား တုန်းပဲ မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် ငါးစာ လိုတပ်ပြီး ငါးမျှားချိတ်တွေနဲ့ စောင့်နေကြ တုန်းပဲ မဟုတ်လား။ ပြန်လမ်းမဲ့သွားသူတွေ ပြန်လာမလားဆိုပြီး စောင့်နေတုန်းပဲ မဟုတ် လား။

          “မနက်စောစော”

          လေကိုတောင်

          ဝဝလင်လင်ရှူမရတဲ့ခေတ်ထဲ

          လူ့ဘဝက စိတ်ရှိသလောက်

          လွှင့်ပစ်လိုက်လို့ရတဲ့အရာမှမဟုတ်ဘဲ။

          နေ့စဉ်

          ကုသိုလ်လည်း ပြုပါ

          အကုသိုလ်လည်း ယူပါ။

          ရရစားစား

          သွားသွားလာလာပေါ့။

          ငါတို့က

          ရယ်လျက် မောလျက်။          ။

အရင်လို လမ်းတွေမှာ အရင်လို လူတွေ မစည်းကားတော့တာ တစ်ခုပါပဲ။ အရင်လို နေ့တွေမှာ အရင်လို မလွတ်လပ်တော့တာ တစ်ခုပါပဲ။ အရင်က ပျော်ရွှင်မှုတွေအတွက် အရင်လို ငွေမသုံးနိုင်တော့တာ တစ်ခုပါပဲ။ အရင်က ဘဝတွေလို အလုပ်အကိုင်မပေါ များလာတော့တာ တစ်ခုပါပဲ။ အရင်လို ထမင်းဝိုင်းမှာ အရင်လို မိသားစုတွေ မဆုံနိုင်တော့တာ တစ်ခုပဲ။ ငါတို့ဟာ အရင်က လူတွေ ဖြစ်ပေမဲ့ အရင်ကလို မပြေလည်တော့တာ လေး တစ်ခုပါပဲ။ အဲဒီလိုမျိုး ပြဋ္ဌာန်းချက်တွေ ပြောင်းခဲ့တယ်။ အဲဒီလိုမျိုး အကြောင်းမသိပေ မဲ့ အကျိုးတွေဖြစ်ခဲ့တယ်။ အဲဒီလိုမျိုး ဘဝ   မကူးသေးပေမဲ့ ဘဝတွေ ပြောင်းလဲခဲ့တယ်။ ငါတို့ဟာ ရေနည်းငါးလို၊ ငါတို့ဟာ သောင်ပြင် လွှတ်ခံရတဲ့ ခွေးလို မျက်နှာငယ်ခဲ့ရတယ်။ ဥပေက္ခာပြုခြင်း ခံခဲ့ရတယ်။

          “ကပ်ဘေး”

          ကပ်ဆိုးရဲ့ ခေါင်းလောင်းသံမှာ

          ကျောင်းတံခါးတွေပိတ်

          ပန်းရနံ့တွေ တိတ်ဆိတ်သွားတယ်။

          ရှင်သန်မှုကလည်း တထိတ်ထိတ်နဲ့

          ငါတို့အသက်တွေ တိတ်ဆိတ်မသွားခင်

          မနက်ဖြန်ကို နှာခေါင်းစည်းတပ်ပြီး

          ချောင်းကြည့်ရတာ မောတယ်။

အရာရာဟာ ဘာမှ မသေချာခဲ့။ မသေ ချာခြင်းကပဲ ငါတို့အတွက်တော့ သေချာတာ တွေ ဖြစ်နေခဲ့တယ်။ အဲဒီလို သေချာတာတွေနဲ့ ငါတို့က တစ်ဘဝလုံး အသားကျနေထိုင်ခဲ့ရ တာ မဟုတ်လား။

စားဖို့လည်း မသေချာ။ နေဖို့လည်း မသေချာ။ မနက်ဖြန်ဆိုတာကလည်း ဘာမှ သေချာတာမှ မဟုတ်တာ။ နေ့စဉ်နဲ့အမျှ လူ့ ဘဝကနေ ထွက်သွားကြသူတွေ၊ နေ့စဉ်နဲ့ အမျှ အသက်ရှင်လိုမှုအတွက်အကူအညီမဲ့နေ သူတွေ၊ နေ့စဉ်နဲ့အမျှ လေကိုတောင် ဝဝလင် လင် မရှူရှိုက်ရတော့တဲ့သူတွေ။ တစ် နေ့တ ခြား ကမ္ဘာကြီးဟာ နေပျော်စရာ မရှိတော့ ဘူး။ တစ်နေ့တခြား ကမ္ဘာကြီးက ရှင်သန်ချင် စရာ မရှိတော့ဘူး။

လက်ရှိမှာ ငါတို့ ရခဲ့တဲ့ ဆုက သေခြင်း တရားလား ဒါမှမဟုတ် ရှင်သန်ခြင်းကို ဆက် လက်သင်ယူခွင့် ပေးခြင်းလား။ လူ့ဘဝက မ သေခင် ရှင်ဖို့က မလွယ်ကြောင်းကို ချရေးရ တာ လက်ညောင်းတာပဲ အဖတ်တင်တယ် မဟုတ်လား။

 

          “ဗလာကောင်များ”

          ဘဝမှာ

          ပေါက်ပေါက်မြောက်မြောက်

          ထူးချွန်ခဲ့တာဆိုလို့

          ကံတရားရဲ့ ငြင်းပယ်မှုမှာ

          သရဖူရခဲ့တာပါပဲ။             ။

ဘဝမှာ ဘာမှမရခဲ့တာကိုက ထူးချွန် တယ်လို့ ပြောရမလို ဖြစ်နေပါပြီ။ ဘဝမှာ ဘာမှ မပိုင်ဆိုင်ခဲ့တာကိုက ကျေနပ်စရာ ဖြစ် နေခဲ့ပါပြီ။ ဘဝမှာ ဘာဆုတောင်းမှ မပြည့် ခဲ့တာကိုက ဝမ်းသာစရာဖြစ်နေခဲ့ပါပြီ။ ကံ တရားရဲ့ ငြင်းပယ်မှုမှာ ငါတို့ဟာ လူဖြစ် ကြောင်း ဖျက်ချခြင်းခံခဲ့ရတယ်။ ကံတရားရဲ့ ငြင်းပယ်မှုမှာ  ငါတို့ဟာ လူသားဆန်မှုတွေ လျော့ကျခဲ့ရတယ်။ ဘယ်လိုအမှားတွေ ထပ် ဖြည့်ဖို့ရှိနေသေးတာလဲ ကံတရားရယ်။ ဒီ ထက်ပိုပြီး သန်မာပြရအောင်လည်း ငါတို့ မှာ အရိုးချည်းပဲ ကျန်တော့တာ မဟုတ်လား။ ဒီ ထက်ပိုပြီး ရှင်သန်ပြရအောင်လည်း ငါတို့ မှာ အဆိုးချည်းပဲ ခံနေရတာ မဟုတ်လား။ လူအဖြစ် ပေါက်ရောက်ခဲ့တဲ့နှစ်တွေမှာ ငါတို့ အားလုံးဟာ ဗလာလို့ပဲ ဆိုပါရစေ။ လူအဖြစ် ပေါက်ရောက်ခဲ့တဲ့ နှစ်တွေမှာ ငါတို့ အားလုံး ဟာ အာပလာလို့ပဲ ဆိုပါရစေ။        

Most Read

Most Recent