WBA(Super)၊ IBF၊ WBO ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာနှင့် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်တို့ စက်တင်ဘာ (၂၅)ရက်တွင် လန်ဒန်မြို့ရှိ တော့တင်ဟမ်ဟော့စပါး ကွင်း၌ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
ဂျိုရှူအာသည် တစ်နိုင်ငံတည်းသား WBC ဟဲဗီးဝိတ်တန်းချန်ပီယံ တိုင်ဆန်ဖျူရီ နှင့် ချန်ပီယံခါးပတ်ပေါင်းစည်းပွဲ ထိုးသတ်ရန် လအတန်ကြာဆွေးနွေးခဲ့သော်လည်း ပျက်ပြယ်သွားသဖြင့် WBO ချန်ပီယံခါးပတ်အတွက် စိန်ခေါ်သူ အူဆိုက်နှင့်ထိုးသတ်ရန် ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။
ဂျိုရှူအာနှင့် အူဆိုက်တို့ ယှဉ်ပြိုင်ထိုးသတ်မည့်နေရာမှာ ပရိသတ် (၆၂၀၀၀) ကျော်ဝင်ဆံ့သည့် ပရီးမီးယားလိဂ်ကလပ် စပါးအသင်း၏ အိမ်ကွင်းဖြစ်ပြီး ယခုပွဲအတွက် ပရိသတ်မည်မျှကြည့်ရှုခွင့်ပြုမည်ကို မသိရသေးပေ။
"ကျွန်တော်တို့နှစ်ယောက်က အိုလံပစ်ရွှေတံဆိပ်ဆုရှင်တွေပါ။ ထိပ်ဆုံးရောက်ဖို့အတွက် ကိုယ်ပိုင်နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့ကြပြီး စိန်ခေါ်မှုတွေကို ဘယ်တော့မှမရှောင်လွှဲခဲ့ပါဘူး။ ပွဲကျင်းပမယ့်နေရာက တကယ်ထူးခြားပါတယ်။ ဒီလိုနေရာမျိုးမှာ ပထမဆုံး ထိုးသတ်ခွင့်ရတဲ့သူဖြစ်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ဒီပွဲအတွက် နေရာသတ်မှတ်ပြီးပါပြီ။ ဒီအခြေအနေကိုကိုင်တွယ်ဖို့ ကျွန်တော့်ဘက်က အဆင်သင့်ဖြစ်နေပါပြီ"ဟု ဂျိုရှူအာက ပြောကြားခဲ့သည်။
အသက် (၃၁)နှစ်ရှိပြီဖြစ်သူ ဂျိုရှူအာသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် အန်ဒီရုဇ်ဂျူနီယာကို အနိုင်ယူပြီး ချန်ပီယံခါးပတ်များ ပြန်လည်ရရှိပြီးနောက် ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်သည်။
၎င်းသည် ပရော်ဖက်ရှင်နယ်ပွဲစဉ် (၂၅)ပွဲထိုးသတ်ရာ (၂၄) ပွဲနိုင်၊(၁)ပွဲသာ ရှုံးနိမ့်ထားသည်။ အသက် (၃၄)နှစ်ရှိပြီဖြစ်သည့် အူဆိုက်မှာလည်း WBA(Super)၊ WBC၊ IBF၊ WBO စသည့် ခရူဆာဝိတ်တန်း ချန်ပီယံခါးပတ်(၄)ခုစလုံး ရရှိဖူးသူဖြစ်ပြီး ရှုံးပွဲလုံးဝမရှိ ဘဲ (၁၈) ပွဲစလုံး အနိုင်ရထားသည်။