မြန်မာနိုင်ငံအပေါ် ပံ့ပိုးကူညီသွားရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်မည့် Team Europe ၏ အထူးလုပ်ဆောင်မှုအစီအစဉ်များကို လုပ်ဆောင်မည်ဟု EU ထုတ်ပြန်

မြန်မာနိုင်ငံအပေါ် ပံ့ပိုးကူညီသွားရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်မည့် Team Europe ၏ အထူးလုပ်ဆောင်မှုအစီအစဉ်များကို လုပ်ဆောင်မည်ဟု EU ထုတ်ပြန်
Published 21 July 2021

မြန်မာနိုင်ငံအပေါ် ပံ့ပိုးကူညီသွားရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်မည့် Team Europe ၏ အထူးလုပ်ဆောင်မှု အစီအစဉ်များကို လုပ်ဆောင်သွားမည်ဟု ဥရောပသမဂ္ဂ (EU) က ဇူလိုင် ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် ဥရောပသမဂ္ဂအနေဖြင့် ကပ်ဘေးကြောင့် အသက်ဆုံးရှုံးသွားသော မြန်မာနိုင်ငံသားအားလုံးအတွက် ဝမ်းနည်းကြောင်း ပြောကြားလိုသည်ဟု ဖော်ပြထားသည်။

COVID-19 ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကပ်ဘေးရောဂါတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံသို့ ယခင်ကနှင့်မတူဘဲ ဆိုးရွားစွာ ရောက်ရှိလာပြီဖြစ်ကြောင်း၊ EU သံရုံးမှ ဒေသခံတစ်ဦးသည် ဇူလိုင် ၂၁ ရက်တွင် COVID-19 ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း၊ အဆိုပါဆုံးရှုံးမှုအတွက် EU အနေဖြင့် ယင်းဝန်ထမ်းမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံသားများအား ကူညီပံ့ပိုးရန်အတွက် EU အနေဖြင့် မည်သို့ လုပ်ဆောင်နိုင်သည်ကို အလေးအနက်စဉ်းစားရမည့်အချိန်ဖြစ်ပြီး EU ၏ အားထုတ်ကြိုးပမ်းမှုအား ပိုမိုလုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြပါရှိသည်။

ဥရောပသမဂ္ဂသည် ၎င်းတို့၏ ရန်ပုံငွေ အထောက်အပံ့ကို ရရှိထားသောသူများအတွက် အထူးသဖြင့် Global Fund ၊ COVAX အဖွဲ့များသာမက အခြားသောအဖွဲ့များနှင့် မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီမှု၊ အောက်ဆီဂျင်၊ စမ်းသပ်စစ်ဆေးမှုများနှင့် ကာကွယ်ဆေးများ ရရှိစေရန်အတွက် ချိတ်ဆက်လုပ်ဆောင်၍ ပိုမိုအားထုတ်ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့ပြင် ယင်းအကူအညီများအား အထိရောက်ဆုံး ပံ့ပိုးကူညီသွားရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့်  လက်တွဲလုပ်ဆောင်သွားမည့် Team Europe ၏ အထူးလုပ်ဆောင်မှု အစီအစဉ်များကိုလည်း လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် ကူညီပံ့ပိုးမှုများကို ပိုမိုလုပ်ဆောင်သွားမည်ဟု ဥရောပသမဂ္ဂ (EU) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။