COVID-19 ကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများနှင့် Liquid Oxygen တို့ကို သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းခွင့်ပြုခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခြောက်ရက်အတွင်း ဒေါ်လာ ၂၁ သန်းရောင်းချခဲ့ခြင်း

COVID-19 ကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများနှင့် Liquid Oxygen တို့ကို သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းခွင့်ပြုခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခြောက်ရက်အတွင်း ဒေါ်လာ ၂၁ သန်းရောင်းချခဲ့ခြင်း
ရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုန်အတွင်းရှိ အောက်ဆီဂျင်စက်ရုံတစ်ရုံတွင် အောက်ဆီဂျင်လာရောက်ဖြည့်တင်းသူများကို ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုန်အတွင်းရှိ အောက်ဆီဂျင်စက်ရုံတစ်ရုံတွင် အောက်ဆီဂျင်လာရောက်ဖြည့်တင်းသူများကို ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 18 July 2021
ရွှန်းလဲ့ဝင်း

COVID-19 ရောဂါကာကွယ်ကုသရေးဆိုင်ရာ ဆေးပစ္စည်းကိရိယာများနှင့် Liquid Oxygen တို့ကို သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းခွင့်ပြုခြင်း

COVID-19 ရောဂါကာကွယ် ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများနှင့် Liquid Oxygen တို့ကို ဇူလိုင် ၁၂ ရက်မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ သုံးလတင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လတ်တလော COVID-19 ရောဂါသည် တတိယလှိုင်းအဖြစ် ကူးစက်ပျံ့ပွားမှု လျင်မြန်လျက်ရှိရာ COVID-19 ရောဂါကုသမှု လုပ်ငန်းစဉ်များအား အထောက်အကူ ပြုနိုင်စေရန်အတွက် COVID-19 ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်း ကိရိယာများအနက်  သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအားလုံးနှင့် Liquid Oxygen တို့အား ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်မှစတင်၍ သွင်းကုန် လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲ သုံးလယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့်သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဇူလိုင် ၁၂ ရက်က မြဝတီနယ်စပ် ကုန်သွယ်ရေးမှာတင်သွင်းခွင့် လျှောက်ထားလာတဲ့ Mask ၂၇၂၀၀ ကီလို၊ အောက်ဆီဂျင် ၄၀ လီတာ ၂၀၀ အိုး၊Oxygen Concentrator (10L) ၂၅ စုံ၊ နေ့ချင်းပြီး ချက်ချင်း တင်သွင်းခွင့်ပေးခဲ့ပါတယ်။ ဒီနေ့လည်း  လျှောက်ထားလာသမျှကို ချက်ချင်းခွင့်ပြုပေးနေကြောင်းနဲ့ ကိုဗစ်ဆက်စပ်ပစ္စည်း တင်သွင်းခွင့်ပြုသမျှကို စီးပွား/ကူးသန်းက နေ့စဉ် ညနေ ၄ နာရီမှာ သတင်းထုတ်ပြန်ပေးမယ်လို့ သိရပါတယ်၊ သွင်းခွင့်မရလို့ စောင့်နေတာမရှိ၊ ပိတ်ထားတာလည်းမရှိပါဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ထုတ်ပြန်ချက်အရ COVID-19 ရောဂါကာကွယ် တားဆီးရေးအတွက် အဓိကလိုအပ်သည့် Sugical Mask ၊ PPE ၊ လူနာခုတင်၊ ဆေးရုံသုံး အသက်ရှူစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများကို သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်ပစ္စည်းများ ပြည်ပမှမှာယူတင်သွင်းရာတွင် လုပ်ငန်းလွယ်ကူ လျင်မြန်ချောမွေ့စေရေးအတွက် လိုင်စင် လျှောက်ထားရန်လိုအပ်သောကုန်ပစ္စည်းစာရင်း (Negative List) ကို ၂၀၁၉ ခုနှစ် မေ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ Negative List တွင် ပါဝင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်လျှောက်ထားရယူရန်မလိုဘဲ တင်သွင်းခွင့်ပြုထားပြီးဖြစ်သည်။

COVID-19 ရောဂါကာကွယ် တားဆီးရေးအတွက်လိုအပ်သည့် ဆေးများနှင့်ဆေးပစ္စည်းများ လုံလောက်မှုမရှိ ဖြစ်နေကြောင်းနှင့် ပြည်ပမှတင်သွင်းရာတွင် အခက်အခဲများ တွေ့ရှိရကြောင်းသိရသည်။

Oxygen Concentrator များ တင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန်ငါးရာခိုင်နှုန်း ဖြေလျှော့မည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းမှ တင်သွင်းမှုအတွက် SO ဖြင့် ခွင့်ပြုပြီး နယ်စပ်မှလည်း အမြန်ဆုံးတင်သွင်းနိုင်မည့် နည်းလမ်းဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား COVID-19 ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း ကိစ္စရပ်အား ရေကြောင်း၊ လေကြောင်း၊ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် အခက်အခဲမရှိ တင်သွင်းနိုင်ရန်အတွက်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့်  ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ နေ့စဉ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ ပုံမျန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

တစ်ခါသုံးပါးစပ်၊ နှာခေါင်းစည်း Mask နှင့်ပတ်သက်၍ Non Medical Use ဖြစ်ပါက FDA မလိုအပ်ကြောင်း၊ Oxygen Concentrator များတင်သွင်းမှုနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန် (CT) ငါးရာခိုင်နှုန်းကို ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းမှ တင်သွင်းမှုများအတွက် SO ဖြင့် ခွင့်ပြုဆောင်ရွက် သွားမည်ဖြစ်သည်။ နယ်စပ်မှတင်သွင်းမှုများအတွက် အမြန်ဆုံးတင်သွင်းနိုင်မည့်နည်းလမ်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Liquid Oxygen များအား နယ်စပ်မှ တင်သွင်းရာ၌ Liquid Oxygen များထည့်သွင်းတင်ဆောင်လာမည့် ယာဉ်များအနေဖြင့် Rigid Body ဖြင့် တင်သွင်းခြင်းဖြစ်ပါက အကောက်ခွန်၏ ယာယီတင်သွင်းမှု လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

Oxygen Plan တည်ဆောက်မှုအတွက် လျှပ်စစ်ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း တည်ဆောက်ပါက စက်မှုဇုန်ထောက်ခံချက်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ဆေး အပါအဝင် အခြားကာကွယ်ဆေးများအား တင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့် FDA ဌာနမှ တစ်ကြိမ်တင်သွင်းခွင့် လျှောက်ထားရာတွင် အချက်ခုနစ်ချက် ပြည့်စုံစွာဖော်ပြလျှောက်ထားရမည်ဖြစ်သည်။

COVID-19 ကာကွယ်ဆေး သိုလှောင်ဖြန့်ဖြူးမည့် အစီအစဉ်ကိုလည်း တစ်ပါတည်းတင်ပြရမည်၊ တင်သွင်းမည့် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ Risk Communication Management Plan ကို ကြိုတင်ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် နယ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတို့တွင် လာရောက်လျှောက်ထာသည့် Face Mask ၊ အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင်စက်များ တင်သွင်းခြင်းကို အမြန်ဆုံးခွင့်ပြု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခြောက်ရက်အတွင်း ဒေါ်လာ ၁၂ သန်းရောင်းချခဲ့ခြင်း

၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်းထပ်မံရောင်းချခဲ့ပြီး ခြောက်ရက်အတွင်း ဒေါ်လာ ၂၁ သန်းရောင်းချခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ဇူလိုင် ၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၆ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၈ ရက်တွင် ဒေါ်လာခြောက်သန်း၊ ဇူလိုင် ၁၄ ရက်တွင် ဒေါ်လာသုံးသန်းနှင့် ၁၅ ရက်တွင် ဒေါ်လာသုံးသန်းဖြင့် ခြောက်ရက်အတွင်း ၂၁ သန်းရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖွင့်လှစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း  အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည်ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်း ဖြစ်သည်။

Most Read

Most Recent