မာရာဒိုနာကိုဂုဏ်ပြုသည့်အနေဖြင့် ကိုပါအမေရိကချန်ပီယံနှင့် ယူရိုချန်ပီယံအသင်း ယှဉ်ပြိုင်ကစားရန် ဆွေးနွေးနေဟု AFA ဥက္ကဋ္ဌ အတည်ပြု

မာရာဒိုနာကိုဂုဏ်ပြုသည့်အနေဖြင့် ကိုပါအမေရိကချန်ပီယံနှင့် ယူရိုချန်ပီယံအသင်း ယှဉ်ပြိုင်ကစားရန် ဆွေးနွေးနေဟု AFA ဥက္ကဋ္ဌ အတည်ပြု
Photo: AFP
Photo: AFP
Published 18 July 2021

 

ကွယ်လွန်သွားပြီဖြစ်သည့် အာဂျင်တီးနားဂန္ထဝင်ဘောလုံးသမား မာရာဒိုနာကို ဂုဏ်ပြုသည့်အနေဖြင့် ကိုပါအမေရိကဖလားချန်ပီယံ အာဂျင်တီးနားအသင်းနှင့် ယူရိုချန်ပီယံ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားရန် ဆွေးနွေးနေကြောင်း အာဂျင် တီးနားဘောလုံးအဖွဲ့ချုပ် (AFA) ဥက္ကဋ္ဌ ကလော်ဒီယိုတာပီယာက အတည်ပြုပြောကြားသည်။

မာရာဒိုနာသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၅ ရက်က အာဂျင်တီးနား နိုင်ငံရှိ နေအိမ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး အသက် ၆၀ ပြည့်ပြီး နောက် တစ်လမပြည့်ခင်မှာပင် ကွယ် လွန်ခဲ့ခြင်းဖြစ်သည်။ မာရာဒိုနာ သည် အာဂျင်တီးနားအသင်းနှင့် အတူ ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့သလို အီတလီ နိုင်ငံ နေပယ်လ်မြို့အခြေစိုက် နာပို လီအသင်းနှင့်လည်း စီးရီးအေချန် ပီယံဆုနှစ်ကြိမ်၊ UEFA ဖလား၊ ကိုပါ အီတာလီယာဖလားနှင့် အီတလီစူပါ ဖလား တစ်ကြိမ်စီ ရရှိခဲ့သောကြောင့် ၎င်းအားဂုဏ်ပြုသည့်အနေဖြင့် အာ ဂျင်တီးနားနှင့် အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားရန် တိုက်တွန်းမှုများ ရှိနေသည်။ 

သို့ဖြစ်ရာ တောင်အမေ ရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) နှင့် ဥရောပဘောလုံးအဖွဲ့ ချုပ် (UEFA) အနေဖြင့် ချန်ပီယံ နှစ်သင်းအား ယှဉ်ပြိုင်ကစားစေရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသလို AFA ဥက္ကဋ္ဌ တာပီယာကလည်း ယင်းပွဲအတွက် ဆွေးနွေးနေကြောင်း အတည်ပြုခဲ့ ခြင်းဖြစ်သည်။

"ဒီပွဲဖြစ်လာဖို့ဆိုတာ အိပ်မက် တစ်ခုပါပဲ။ ဒါပေမဲ့ ဘောလုံးအဖွဲ့ ချုပ်နှစ်ခုအတွက် လိုအပ်ချက်တွေ ရှိပါတယ်။ ဒီကိစ္စအတွက် လုပ်နေပြီ ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေ မဲ့ ရေးဆွဲထားပြီးဖြစ်တဲ့ ပြက္ခဒိန် အတွက် အပြီးသတ်ရမယ့်ဟာတွေ ရှိပါသေးတယ်။ ဒီပွဲအတွက် ဥရောပ ကလပ်တွေက ကစားသမားတွေကို အချိန်သုံးရက်ပိုပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲကိုကစား ချင်ပါတယ်။ အီတလီဘက်ကလည်း ဆန္ဒရှိဖို့ လိုပါတယ်" ဟု AFA ဥက္ကဋ္ဌ တာပီယာက ပြောကြားခဲ့သည်။

ယခုနှစ်အတွက် လက်ကျန် နိုင်ငံတကာရက်သတ္တပတ်ကာလများဖြစ်သည့် စက်တင်ဘာ၊ အောက် တိုဘာနှင့် နိုဝင်ဘာတွင် အာဂျင်တီး နားနှင့် အီတလီနှစ်သင်းစလုံး နိုင်ငံ တကာပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် ရှိနေသဖြင့် ပုံမှန်ကာလမဟုတ်သည့် ဒီဇင်ဘာ သို့မဟုတ် လာမည့်နှစ် ဇန် နဝါရီမှသာ ယှဉ်ပြိုင်ကစားဖြစ်ဖွယ် ရှိကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ 

အာဂျင်တီးနားအသင်းက စက်တင်ဘာတွင် ဗင်နီဇွဲလား၊ ဘို လစ်ဗီးယားအသင်းတို့နှင့် ကမ္ဘာ့ ဖလားခြေစစ်ပွဲ၊ အောက်တိုဘာတွင် ပါရာဂွေး၊ ပီရူးအသင်းတို့နှင့် ကမ္ဘာ့ ဖလားခြေစစ်ပွဲ၊ နိုဝင်ဘာတွင် ဥရု ဂွေး၊ ဘရာဇီးလ်အသင်းတို့နှင့် ကမ္ဘာ့ ဖလားခြေစစ်ပွဲ၊ စုစုပေါင်းခြောက်ပွဲ ယှဉ်ပြိုင်ကစားရန်ရှိနေသည်။ 

အီတလီအသင်းမှာလည်း စက်တင်ဘာတွင် ဘူလ်ဂေးရီးယား၊ ဆွစ်ဇာလန်၊ လစ်သူယေးနီးယားအသင်းတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အောက်တိုဘာတွင် စပိန်အသင်းနှင့် UEFA Nations League ဆီမီးဖိုင်နယ်၊ ယင်းပွဲရလဒ်အပေါ်မူတည်၍ ဗိုလ်လုပွဲ သို့မဟုတ် တတိယနေရာလုပွဲ၊ နိုဝင်ဘာတွင် ဆွစ်ဇာလန်၊ မြောက် အိုင်ယာလန်အသင်းတို့နှင့် ကမ္ဘာ့ ဖလားခြေစစ်ပွဲ၊ စုစုပေါင်းခုနစ်ပွဲ ကစားရမည်ဖြစ်သည်။