ONE Championship အဖွဲ့အစည်းသည် ဇူလိုင် ၃၀ ရက်တွင် Battleground အမည်ဖြင့်ကျင်းပမည့်ပြိုင်ပွဲတွင် ပါဝင်သော တွဲဆိုင်းများ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး မစ်ဒယ် ၀ိတ်တန်းစိန်ခေါ်ပွဲအဖြစ် အောင်လအန်ဆန် နှင့် ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုတို့ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။
ONE Championship အဖွဲ့အစည်းသည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် MMA ပြိုင်ပွဲများအား တစ်လကျော်ကြာ ရပ်နားထားရပြီးနောက် ပထမဆုံးပြန်လည်ကျင်းပမည့် Battleground ပြိုင်ပွဲတွင် တွဲဆိုင်းခြောက်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်နှင့် လီအန်ဒရိုတို့၏ တွဲဆိုင်းကို Co-Main Event အဖြစ် ကျင်းပ မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် Straw ၀ိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ဂိုင်ယန်ဟာဒေါင် (ထိုင်း) နှင့် စိန်ခေါ်သူ ပီရာယန်ချိုင် (ထိုင်း) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
အခြားတွဲဆိုင်း များအဖြစ် ဆစ်သီချိုင်း (ထိုင်း) နှင့် အိုဇီချန် (တူရကီ)၊ ချင်ယု (တရုတ်) နှင့် ဂျီရီမီ (ဖိလစ် ပိုင်)၊ အမျိုးသမီးတွဲဆိုင်းများအဖြစ် ရီတူ (အိန္ဒိယ) နှင့် လင်ဟီကျူ (တရုတ်)၊ ဗစ်တိုးရီးယားလီ (စင်ကာပူ/အမေရိကန်) နှင့် ဝမ်လု ပင် (တရုတ်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား လက်လွှတ် ရပြီးနောက် ကိုးလအကြာတွင် စိန်ခေါ်ပွဲပြန် လည်ထိုးသတ်ခွင့်ရခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန် ပီယံအဖြစ် ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့် နှစ် အောက်တိုဘာလကုန်အထိ ရပ်တည်နိုင် ခဲ့ပြီး ၂၀၂၀ အောက်တိုဘာ ၃၀ ရက်က ထိုး သတ်သည့်ပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်သဖြင့် ကမ္ဘာ့ချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ် ဧပြီတွင် ထိုးသတ်ခဲ့ သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင်လည်း ဒီရစ်ဒါကိုပင် ထပ်မံ အရေးနိမ့်ကာ ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုစလုံး လက်လွှတ်ခဲ့ရပြီးနောက် ထပ်မံထိုးသတ် မည့်ပွဲများတွင် မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ဦးစားပေး ထိုးသတ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ပြင် အောင်လအန် ဆန်သည် ယခုနှစ်တွင် မစ်ဒယ်ဝိတ်တန်းပွဲစဉ် များ စီစဉ်ပေးရန် ONE Championship ထံ တောင်းဆိုထားပြီး ချန်ပီယံဆုလက်လွှတ်ရပြီးနောက် ပထမဆုံးစိန်ခေါ်ပွဲ ပြန်လည်ထိုး သတ်ရမည်ဖြစ်သည်။ ယင်းပွဲမှာ အောင်လ အန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက် ထိုးသတ်ရသည့်ပွဲဖြစ်သည်။
အောင်လအန်ဆန်နှင့် လီအန်ဒရိုသည် ၂၀၂၀ ပြည့်နှစ်က ထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း လီအန်ဒရို ဒဏ်ရာရသွားသဖြင့် ပျက် ပြယ်ခဲ့ပြီး ယခုမှသာ ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ အသက် ၃၄ နှစ်အရွယ်ရှိ လီအန်ဒရို သည် ၂၀၂၀ ဖေဖော်ဝါရီတွင် ဒီရစ်ဒါနှင့် ထိုးသတ်ပြီးနောက်ပိုင်း တစ်နှစ်ခွဲဝန်းကျင်အကြာ မှ စိန်ခေါ်ပွဲ ပြန်လည်ထိုးသတ်ခွင့်ရခြင်းဖြစ်သည်။ လီအန်ဒရိုသည် MMA ကစားသမား ဘဝ ၁၅ ပွဲထိုးသတ်ထားရာတွင် ၁၁ ပွဲနိုင်၊ လေးပွဲရှုံးနိမ့်ထားပြီး နောက်ဆုံးထိုးသတ်ခဲ့ သည့်လေးပွဲမှာ အောင်လအန်ဆန်ထိုးသတ်ခဲ့ဖူးသည့် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
လီအန်ဒရိုသည် အီဂျစ်နိုင်ငံသား မိုဟာမက်အလီ၊ ပိုလန်နိုင်ငံသား ပတ်စတာနက်၊ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်၊ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့နှင့် ဆက်တိုက်ထိုးသတ်ခဲ့ပြီး ဒီရစ်ဒါမှလွဲ၍ ကျန်ကစားသမားသုံးဦးကို အနိုင်ရထားသည်။ လီအန်ဒရိုသည် ကစားသမားဘဝတစ်လျှောက် ချန် ပီယံလုပွဲများ ထိုးသတ်ခွင့်မရသေးဘဲ စိန်ခေါ် ပွဲများသာ ထိုးသတ်နေရခြင်းဖြစ်သည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သူ အောင်လအန်ဆန်သည် MMA ကစားသမားဘဝ ၃၉ ပွဲမြောက် ထိုးသတ်မည်ဖြစ်ပြီး ၂၆ ပွဲနိုင်၊ ၁၂ ပွဲ အရေးနိမ့်ထားသည်။ အောင်လအန်ဆန်သည် ONE Championship နှင့် ၂၀၁၄ ခုနှစ်တွင် စတင်လက်တွဲခဲ့ပြီး လီအန်ဒရိုနှင့် ပွဲမှာ ၁၂ ပွဲမြောက် မစ်ဒယ်ဝိတ်တန်းပွဲစဉ် ဖြစ်သည်။