စပါးအသင်းနည်းပြသစ် နူနိုဆန်တိုက မိမိအနေဖြင့် အသင်းပရိသတ်များ ဂုဏ်ယူရအောင် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ဧပြီလတွင် မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ပြီးနောက် နည်းပြသစ်ခန့်အပ်ရန်အတွက် PSG နည်းပြ ပိုချက်တီနို၊ အင်တာမီလန်နည်းပြဟောင်း ကွန်တီ၊ ရိုးမားနည်းပြဟောင်း ဖွန်ဆီကာနှင့် ဖီအိုရင်တီးနားနည်းပြဟောင်း ဂတ်တူဆိုတို့အပါအဝင် နည်းပြါင်းများစွာကို ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် စပါးအသင်း၏ကြိုးစားမှုများမှာ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးတွင် ဝုလ်ဗ်အသင်းနည်းပြဟောင်း နူနိုဆန်တိုကို (၂)နှစ်စာချုပ်ဖြင့် အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည်သောကြာနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နူနိုဆန်တိုက စပါးအသင်းပရိသတ်များအတွက် ဂုဏ်ယူရအောင် လုပ်ဆောင်ပေးသွားမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
နူနိုဆန်တိုက "ကျွန်တော် ဖြစ်ချင်တဲ့အတိုင်း စပါးအသင်းကို ကိုင်တွယ်ခွင့်ရလို့ အရမ်းပျော်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းပရိသတ်တွေ ဂုဏ်ယူရအောင် စွမ်းဆောင်ပေးချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘောလုံးကို ပျော်ရွှင်စွာနဲ့ ကစားနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပရိသတ်တွေအနေနဲ့ အသင်းရဲ့ ကစားပုံကို သဘောကျမယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။















