ဇူလိုင် ၆ ရက်က ဂျနီဗာမြို့၌ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၇ ကြိမ်မြောက် အစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး မီရှယ်လ်ဘတ်ရှလတ်က မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ တင်ပြသွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
“ မကြာသေးခင်လတွေမှာ မြန်မာ့အရေးဟာ နိုင်ငံရေးအကျပ်အတည်းကနေ ဘက်ပေါင်းစုံ လူ့အခွင့်အရေး ကပ်ဘေးအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့ပါတယ်” ဟု ဘတ်ရှလက်က ပြောကြားခဲ့သည်။
“ ရပ်ကွက်တွေ၊ ကျေးရွာတွေမျာလည်း ပြည်သူ နှစ်သိန်းလောက်ဟာ သူတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရပါတယ်” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် အခြေအနေဆိုးရွားခဲ့သည့် အထည်ချုပ်လုပ်ငန်းနှင့် အခြားကဏ္ဍများကို အားထားနေရပြီး ကိုဗစ်သက်ရောက်မှုကြောင့် ဆိုးရွားနေရသည့် စီးပွားရေးကို ယခုအကျပ်အတည်းက ပိုမိုဆိုးရွားစေခဲ့သည်ဟု ၎င်းက ဆိုသည်။
မြန်မာပြည်သူ ခြောက်သန်းကျော်အနေဖြင့် စားနပ်ရိက္ခာ ဆိုးဆိုးရွားရွား လိုအပ်နေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ခန့်မှန်းထားကြောင်း ဘတ်ရှလတ်က ပြောကြားသည်။ မြန်မာပြည်သူ ထက်ဝက်ခန့်သည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဆင်းရဲမွဲတေသွားနိုင်ကြောင်း UNDP က ခန့်မှန်းထားသည်ဟုလည်း ၎င်းက ဆိုသည်။ ထိခိုက်မှုအရှိဆုံး နှင့် ရာဇဝတ်မှုဆန်သည့် တရားမဝင်စီးပွားရေးပုံစံများ ထွန်းကားလာရန် ဟာကွက်တစ်ခု ပွင့်လာခဲ့ကြောင်း ဘတ်ရှလတ်က ပြောကြားသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်သည် မြန်မာနိုင်ငံက အရေးပါသောလုပ်ငန်း အများအပြားကို မစွမ်းဆောင်နိုင်ဖြစ်စေခဲ့ကြောင်း ၎င်းက ဆိုသည်။ ဖေဖော်ဝါရီ ၁ ရက်ကစ၍ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်ခြင်း၊ ကုသခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့တွင် လုပ်ဆောင်နိုင်မှုမှာ လျော့နည်းလာခဲ့ကြောင်း ဘတ်ရှလတ်က ပြောကြားသည်။ ယင်းအနေအထားတွင် လူအများအပြား နေရာရွှေ့ပြောင်းရခြင်း၊ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းတို့သည် ရောဂါကူးစက်မှုကို မြင့်တက်စေခဲ့သည်ဟု ၎င်းက ဆိုသည်။
မကြာမီနှစ်များတွင် အများအားဖြင့် ငြိမ်းချမ်းခဲ့သည့် နယ်စပ်ဒေသများ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ကရင်၊ ကချင်နှင့် ရှမ်းမြောက်တို့တွက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ၎င်းက ပြောကြားသည်။
လွတ်လပ်သည့် မီဒီယာကိုသာမက လူမှုမီဒီယာကိုပါ ထိန်းချုပ်သည့်အပြင် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ထိန်းချုပ်ရန် ဥပဒေများ အလိုက်သင့်ပြောင်းလဲခဲ့ကြောင်း ၎င်းက ဆိုသည်။ အနည်းဆုံး လူ ၅၂၀၀ ခန့် ထိန်းသိမ်းခံထားရပြီး ဂျာနယ်လစ် ၉၀ ကျော် ထိန်းသိမ်းခံခဲ့ရကာ သတင်းမီဒီယာလုပ်ငန်းရှစ်ခု အပိတ်ခံခဲ့ရကြောင်း ဘတ်ရှလတ်က ပြောကြားသည်။ လွန်ခဲ့သည့်အပတ်က အကျဉ်းသား ၂၂၀၀ ပြန်လွှတ်ပေးမှုအပေါ် ပထမအဆင့်အနေဖြင့် ကုလသမဂ္ဂမဟာမင်းကြီးက ကြိုဆိုခဲ့သော်လည်း နိုင်ငံရေးခေါင်းဆောင်များအပါအဝင် မတရားထိန်းသိမ်းခံထားရသူ ထောင်ပေါင်းများကို ခြွင်းချက်မရှိ မြန်မြန်ဆန်ဆန် လွှတ်ပေးရမည်ဟု ဘတ်ရှလတ်က တင်ပြသွားခဲ့သည်။















