မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅(ခ) အပါဝင် အခြားစွဲဆိုထားသည့် ပုဒ်မများဖြင့် စွဲချက်တင်ရန် သင့်၊ မသင့် ဇူလိုင် ၉ ရက်တွင် အမိန့်ချမည်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅(ခ) အပါဝင် အခြားစွဲဆိုထားသည့် ပုဒ်မများဖြင့် စွဲချက်တင်ရန် သင့်၊ မသင့် ဇူလိုင် ၉ ရက်တွင် အမိန့်ချမည်
Published 6 July 2021
ယဉ်မျိုးသွယ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) အပါဝင် သဘာသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅/ ၃၀(က) တို့ဖြင့် တရားစွဲဆိုထိန်းသိမ်းခံထားရသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အမှုများကို စွဲချက်တင်ရန် သင့် မသင့် ဇူလိုင် ၉ ရက်တွင် အမိန့်ချမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါက်တာဇော်မြင့်မောင်အမှုတွင် တရားလိုအားစစ်ဆေးခြင်းကို ဇွန် ၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ စစ်ဆေးပြီးနောက် ဇူလိုင် ၅ ရက်ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ရာ ဇူလိုင် ၉ ရက်တွင် စွဲချက်တင်ရန် သင့် မသင့် အမိန့်ချမည်ဖြစ်ကြောင်း ယင်းအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

“ ဝန်ကြီးချုပ်အမှုက‌တော့ အားလုံးစစ်ဆေးပြီးလို့ လျှောက်လဲချက်ပေးခဲ့ပြီးပြီ။ လာမယ့်ရုံးချိန်းမှာ စွဲချက်တင်ရန် သင့် မသင့် အမိန့်ချမယ်။ ကျန်တဲ့အမှုတွေကတော့ လိုပြ သက်သေတွေ စစ်ဆေးဆဲအဆင့်ပဲ ရှိသေးတယ်။ ဒေါက်တာရဲလွင်အမှုကတော့ တရားလိုကို မစစ်ရသေးဘူး” ဟု ယင်းရှေ့နေက ပြောကြားသည်။

ထိန်းသိမ်းခံထားရသည့် မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကိုတို့၏ အချုပ်လွတ် အမှု ရင်ဆိုင်ခွင့် အာမခံလျှောက်ထားခဲ့ခြင်းကို မြို့နယ်တရားရုံးများက ပယ်ချခဲ့သဖြင့် ခရိုင်တရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့သည်။

သို့သော် ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အာမခံလျှောက်ထားမှုကို မေ ၃၁ ရက်တွင် မန္တလေးခရိုင်တရားရုံးက ပယ်ချခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ‌ကြေညာချက် ငါးစောင်ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်များသည် လက်ရှိအစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်မှုဖြစ်အောင် တစ်ဦးတစ်ယောက်က ကျူးလွန်ချင် လာအောင်၊ အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြား၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိကြောင်း သို့မဟုတ်  ထိုသို့ဖြစ်စေနိုင်သည့် အကြောင်းရှိခြင်းကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့သို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်များထုတ်ပြန်မှုသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည်ဟု ဆိုကာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများ ပုဒ်မ၂၅၊   မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ပုဒ်မ ၅၀၅(ခ) တို့ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးတွင်လည်း‌ကောင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅။ ၃၀၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျတို့ကိုလည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးတို့တွင် အသီးသီးတရားစွဲဆိုထားသည်။

၎င်းတို့ကို စွဲဆိုထားသည့်အမှုများနှင့်ပတ်သက်၍ အိုးဘိုအကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးများ၌ စစ်ဆေးနေခြင်း ဖြစ်သည်။