ဥရောပ၏ ကပ်ကာလ နွေရာသီခရီးသွားစည်းမျဉ်းများ

ဥရောပ၏ ကပ်ကာလ နွေရာသီခရီးသွားစည်းမျဉ်းများ
Published 6 July 2021
ခိုင်

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များနှင့် တစ်ကမ္ဘာလုံးအနှံ့ Lockdown ချမှုများ၏ ဖိစီးမှုဒဏ်ကို တစ်နှစ်ကြာ ခံစားခဲ့ရပြီးနောက် လွတ်လပ်မှုအရသာကို ခံစားရန် ဆန္ဒပြင်းပြနေကြသော နိုင်ငံခြားသားခရီးသွားများ၏ နွေရာသီခရီးသွားအစီအစဉ် ပြန်လည်စတင်လာတော့မည်ဟု မျှော်လင့်နေကြခြင်းနှင့်အတူ ဥရောပ၏ခရီးသွား အချက်အချာနေရာများတွင် ခရီးသွားလုပ်ငန်းကို ပြန်လည်အရှိန်မြှင့်နေကြပြီဖြစ်သည်။

နိုင်ငံအတွင်းသို့ ခရီးသွားများ ဝင်ရောက်လာချိန်တွင် လုပ်ဆောင်ရသည့်လုပ်ငန်းစဉ်များ မြန်ဆန်စေရန် ရည်ရွယ်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများအတွက် ဖြတ်သန်းခရီးသွားခွင့် ပေးထားသော်လည်း ခရီးသွားများအနေဖြင့် ဥရောပတိုက်တစ်ဝန်းတွင် ချမှတ်ထားသည့် အမျိုးမျိုးသော ပြည်ဝင်ခွင့်စည်းမျဉ်း၊ စည်းကမ်းများကို ရင်ဆိုင်ကြုံတွေ့ရဦးမည်ဖြစ်သည်။

ထို့ကြောင့် ဥရောပ၏ ခရီးသွား အများအပြားလာရောက်ရာ အဓိကနေရာအချို့၌ ချမှတ်ထားသော စည်းမျဉ်းများကို အကျဉ်းချုံး ဖော်ပြသွားမည်ဖြစ်သည်။

ပြင်သစ်

ကမ္ဘာ့ခရီးသွားအများဆုံး ဝင်ရောက်ရာ နိုင်ငံတစ်နိုင်ဖြစ်သော ပြင်သစ်သည် ပြည်ဝင်ခွင့် လုပ်ထုံးလုပ်နည်းများကို အရောင်သင်္ကေတများဖြင့် သတ်မှတ်ထားပြီး COVID-19 ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်သော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများနှင့် PCR စစ်ဆေးမှုရလဒ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း မရှိကြောင်း အဖြေထွက်သူများကို နိုင်ငံတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုထားသည်။ ထိုသို့ လွတ်လပ်စွာဝင်ရောက်ခွင့်ပြုထားသည့် နိုင်ငံများကို အစိမ်းရောင်ဇုန်အတွင်း သတ်မှတ်ပြီး ယင်းဇုန်၌ အမေရိကန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ အစ္စရေး၊ ဂျပန်၊ လက်ဘနွန်၊ နယူးဇီလန်နှင့် စင်ကာပူတို့ ပါဝင်သည်။

ဗြိတိန်၊ အာရှနှင့်အာဖရိကမှ နိုင်ငံအများစုပါဝင်နေသည့် လိမ္မော်ရောင်ဇုန်မှ ခရီးသွားများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးထားသည်ပင်လျှင် မကြာသေးမီက စစ်ဆေးထားသော ရောဂါပိုးကူးစက်ခံထားရခြင်း မရှိသည့် ဆေးစစ်ချက်အဖြေကို ပြသရမည်ဖြစ်သည်။ လိမ္မော်ရောင်ဇုန်မှ ဝင်ရောက်မည့် ပြည်ပခရီးသွားများ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိပါက ခုနစ်ရက် အသွားအလာ ကန့်သတ်မှုခံယူရမည်ဖြစ်ပြီး ယင်းခရီးသွားများကို မဖြစ်မနေသွားရန်လိုအပ်သော ခရီးစဉ်များကိုသာ သွားခွင့်ပြုမည်ဖြစ်သည်။

ဘရာဇီးအပါအဝင် တောင်အမေရိကမှ နိုင်ငံအများအပြား၊ အိန္ဒိယ၊ တောင်အာဖရိကနိုင်ငံတို့ပါဝင်သော နိုင်ငံ ၂၀ ကျော်မှ နိုင်ငံသားများကိုမူ ပြင်သစ်သို့ ဝင်ရောက်ခွင့်ပေးမည် မဟုတ်ချေ။

စပိန်

မည်သည့်နိုင်ငံမှ ဝင်ရောက်သူမဆို COVID-19 ကာကွယ်ဆေး နှစ်လုံး အပြည့်အဝထိုးနှံထားပြီးပါက စပိန်သို့ ဝင်ရောက်နိုင်သည်။ အယ်လ်ဘားနီးယား၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ အမေရိကန်၊ အစ္စရေး၊ ဂျပန်၊ လက်ဘနွန်၊ နယူးဇီလန်၊ မြောက်မက်ဆီဒိုးနီးယား၊ ရဝမ်ဒါ၊ ဆာဘီးယား၊ စင်ကာပူ၊ ထိုင်း၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုနိုင်ငံမှ ခရီးသွားများအနေဖြင့် ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်ကြောင်း အထောက်အထားနှင့် ရောဂါပိုး ကူးစက်ခံထားရခြင်း မရှိကြောင်း ရလဒ်အထောက်အထားများကို ပြသရန် မလိုကြောင်း သိရသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားများ ကာကွယ်ဆေးမထိုးရသေးပါက ၄၈ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ် ကူးစက်ခံထားရခြင်းမရှိသော စစ်ဆေးချက်ရလဒ်ကို ပြသရန် လိုအပ်မည်ဖြစ်သည်။

နေအိမ်အတွင်း နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ထားရမည်ဖြစ်သော်လည်း အိမ်အပြင်ဘက်တွင် နှာခေါင်းစည်း တပ်ဆင်ရန် မလိုအပ်ပေ။ ကာဖျူးမိန့်နှင့် ပြည်တွင်းခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ချက်များကို ရုပ်သိမ်းထားပြီးဖြစ်သည်။ မက်ဒရစ်နှင့် ကတ်တလိုနီးယားတွင် နိုက်ကလပ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားသည်။

အီတလီ

အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ အစ္စရေး၊ သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရဝမ်ဒါ၊ စင်ကာပူ၊ ထိုင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားပြီးသူများ၊ ၄၈ နာရီအတွင်း ရောဂါပိုးစစ်ဆေးချက်အဖြေတွင် ကိုဗစ်ကူးစက်ခံထားရခြင်း မရှိသူများအား အီတလီသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပေးထားပြီး ဘရာဇီး၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာမှ ခရီးသွားများကို ဝင်ရောက်ခွင့်ပြုဦးမည် မဟုတ်ပေ။

အဆောက်အအုံအပြင်ဘက်တွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် မလိုအပ်သော်လည်း နေအိမ်အတွင်းတွင် နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်မည်ဖြစ်သည်။

ပေါ်တူဂီ

ဇူလိုင် ၁၁ ရက်အထိ သက်ဝင်မည်ဖြစ်သော ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများအရ ပေါ်တူဂီနိုင်ငံအတွင်းသို့ ဝင်ရောက်မည့်သူများအားလုံးအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်ကြောင်း အထောက်အထားကို ပြသရန် သို့မဟုတ် ၇၂ နာရီအတွင်း PCR စစ်ဆေးမှုမှ ကိုဗစ်ကူးစက်ခံထားရခြင်း မရှိကြောင်း ရလဒ်ကို ပြသရန်လိုအပ်လိမ့်မည်ဖြစ်သည်။

ဗြိတိန်မှ ဝင်ရောက်သူများ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိပါက ၁၄ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုခံယူရမည် ဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကာ ကမ်းခြေများနှင့်ရေကူးကန်ရှိသည့် နေရာများတွင် အထူးစည်းမျဉ်းများ ချမှတ်ထားပြီး လူတစ်ဦးတစ်ဦးအနည်းဆုံး သုံးမီတာအကွာတွင် နေထိုင်ရမည်ဖြစ်သည်။

ဂရိ

ကပ်ရောဂါမဖြစ်ပွားမီကာလက ခရီးသွားလုပ်ငန်းမှရရှိခဲ့သော အခွန်ငွေပမာဏ၏ထက်ဝက်ခန့်ကို ယခုနွေရာသီတွင် ပြန်လည်ရရှိနိုင်ရန် ဂရိအစိုးရအဖွဲ့က မျှော်လင့်နေပြီး ထိုမျှော်လင့်ချက်ကို အတည်ပြုပါက ပြီးခဲ့သည့်နှစ်က ဂရိသို့ ဝင်ရောက်ခဲ့သော ခရီးသွားအရေအတွက်ထက် ယခုနှစ်တွင် နှစ်ဆ မြင့်တက်လာလိမ့်မည်ဖြစ်သည်။

ခရီးသွားရာသီစတင်သည့် မေ ၁၄ ရက် မှစ၍ ခရီးသွား ၁၅၀,၀၀၀ ခန့် ဂရိသို့ လာရောက်ခဲ့ကြောင်း ဂရိခရီးသွားဝန်ကြီး ဟာရစ်သီအိုချာရစ်က ဆိုသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ရှန်ဂန်ဒေသမှ ခရီးသွားများအား ဂရိနိုင်ငံတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပေးထားသည်။

ကနေဒါ၊ အမေရိကန်၊ အစ္စရေး၊ တရုတ်၊ ထိုင်း၊ ရုရှား၊ ဆော်ဒီအာရေဗျမှ ခရီးသွားများအနေဖြင့် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးကြောင်း အထောက်အထား သို့မဟုတ် ၇၂  နာရီအတွင်း PCR စစ်ဆေးမှု negative ဖြစ်ကြောင်း ရလဒ် သို့မဟုတ် ၄၈ နာရီအတွင်း ပဋိပစ္စည်းစစ်ဆေးမှု ရလဒ်ကို ပြသရန် လိုအပ်လိမ့်မည်ဖြစ်သည်။

ဗြိတိန်

နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများအပေါ် တင်းကျပ်သည့်ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ထားခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရာတွင် လိုအပ်ချက်များအတွက် ငွေကုန်ကြေးကျများခြင်း၊ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးရန် ငွေကုန်ကြေးကျများခြင်းတို့ကြောင့် ဗြိတိန်သို့ ခရီးသွားခြင်းသည် ကမ္ဘာတစ်ဝန်းရှိ ခရီးသွားများအတွက် အခက်ခဲဆုံးဖြစ်နေလိမ့်မည်ဖြစ်သည်။

သြစတြေးလျ၊ နယူးဇီလန်၊ အိုက်စ်လန် ပါဝင်သော အစိမ်းရောင်ဇုန်တွင်းရှိ နိုင်ငံများမှ ခရီးသွားများအနေဖြင့် ရောဂါပိုးကူးစက်ခံရခြင်း မရှိကြောင်း စစ်ဆေးချက်ရလဒ်ကိုသာ ပြသရန် လိုအပ်လိမ့်မည်ဖြစ်သည်။ အစိမ်းရောင်ဇုန်အတွင်း ပါဝင်သော နိုင်ငံအရေအတွက်ကို ၁၆ နိုင်ငံသို့ တိုးမြှင့်ခဲ့သည်။

အိုင်ယာလန်၊ Isle of Man ၊ ချန်နယ်ကျွန်းစုမှ ခရီးသွားများအား ဗြိတိန်နိုင်ငံအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပေးထားသည်။

Ref : AFP