သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် ဆက်သွယ်ရေးဥပဒေတို့ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသည့် အမှုများအတွက် တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေး

သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် ဆက်သွယ်ရေးဥပဒေတို့ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသည့် အမှုများအတွက် တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေး
Published 5 July 2021

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား  ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် တရားလိုပြ သက်သေများအား ဆက်လက်စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ဇူလိုင် ၅ ရက်က  နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ ဒီနေ့ကတော့ ဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ပတ်သက်ပြီးတော့ တရားလိုပြသက်သေ နှစ်ယောက်ကို စစ်ပါတယ်။ တစ်ယောက်ကတော့ ဇေယျသိဒ္ဓိရပ်ကွက် ထွေအုပ်ရုံးက စာရေးဖြစ်ပြီးတော့မှ နောက်တစ်ယောက်ကတော့ အမှတ်(၄) ရဲစခန်းက နယ်ထိန်းဖြစ်ပါတယ်။ နောက် အဲဒီနှစ်ယောက်ကိုပဲ အမေ့အပေါ်မှာ စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ အဲဒီအမှုနဲ့ပတ်သက်ပြီး အဲဒီတရားလိုပြသက်သေ နှစ်ယောက်ကိုပဲ ဆက်ပြီး စစ်ဆေးပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပို့ကုန်သွင်း ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “ ရဲမှူးကြည်လင်ကနေပြီး အမေ့အပေါ် စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ပတ်သက်ပြီးတော့ တရားလိုပြသက်သေ လေးယောက်ကို စစ်ဆေးပါတယ်။ နောက် ပို့ကုန်သွင်းဥပဒေပုဒ်မ ၈ နဲ့ပတ်သက်ပြီးတော့ အမေ့အပေါ်မှာ ရဲမှူးကြည်လင်ကနေပြီး စွဲဆိုထားတဲ့  ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ပတ်သက်ပြီးတော့ တရားလိုပြသက်သေ နှစ်ဦးကို ဆက်လက်ပြီးစစ်ဆေးပါတယ်။ ဒီနေ့ကတော့ ဒီလောက်ပါပဲ” ဟု ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲဆိုခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ယခင်အချိန်များကဲ့သို့ မပြောင်းလဲသည့် အနေအထားဖြင့် အမှုများကို စိတ်ပါလက်ပါဖြင့် မေးမြန်း၍ ၎င်းဖြစ်ချင်သည်များ ပြောဆိုကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။

Most Read

Most Recent