နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့်အမှုများအနက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) အမှုတွင် တရားလိုဘက်မှ သက်သေခံတင်သွင်းခြင်းအား လက်ခံခြင်းအပေါ် ဒက္ခိဏခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်မှု တင်သွင်းခဲ့ရာတွင် ခရိုင်တရားရုံးက အကျဉ်းနည်းဖြင့် ပလပ်လိုက်ကြောင်း အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ သက်သေတင်သွင်းမှုကို တရားရုံးက လက်ခံခဲ့ခြင်းအပေါ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဒက္ခိဏခရိုင် တရားရုံးသို့ ရာဇဝတ် ပြင်ဆင်မှု တင်သွင်းထားခြင်းနှင့်ပတ်သက်၍ တရားရုံးက ဇူလိုင် ၅ ရက်တွင် အကျဉ်းနည်းဖြင့် ပလပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီနေ့ကတော့ အမေနဲ့ မိနစ် ၂၀ လောက် တွေ့ရပါတယ်။ အမေနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာ အန်ကယ် ဦးဝင်းမြင့်နဲ့ တွေ့ရပါတယ်။ တွေ့ပြီးတော့ တရားခွင်ကတော့ ခါတိုင်းလို ၁၀ နာရီကျော်ကျော်မှာ စပါတယ်။ တရားခွင် စတဲ့အခါကျတော့ ဆရာဦးခင်မောင်ဇော်ရယ်၊ ဆရာဦးကြည်ဝင်းရယ်၊ ဦးသဲမောင်မောင်တို့က တရားခွင်ထဲမှာပဲ အမှုစစ်ဖို့အတွက် နေခဲ့ပါတယ်။ ကျွန်မနဲ့ ဆရာမ ဒေါ်စန်းမာလာညွန့်နဲ့က ဒက္ခိဏခရိုင် တရားရုံးကို သွားပြီးတော့ လွန်ခဲ့တဲ့အပတ်တုန်းက ၇-၂-၂၀၂၁ ရက်စွဲပါ အကြောင်းကြာစာနဲ့ ၁၃-၂-၂၀၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကို သက်သေခံအဖြစ် တင်သွင်းတာကို တင်သွင်းခွင့်ပြုကြောင်း ချမှတ်ခဲ့တဲ့အမိန့်အပေါ်မှာ ကျွန်မတို့က ၂၀၂၁ ခုနှစ် ရာဇဝတ်ပြင်ဆင်မှုအမှတ် ၄၃ နဲ့ ဒက္ခိဏ ခရိုင်တရားရုံးတော်ကို ရာဇဝတ်ပြင်ဆင်မှု တင်သွင်းခဲ့ပါတယ်။ အဲဒီတင်သွင်းခဲ့တဲ့အပေါ်ကို တရားရုံးကနေပြီးတော့ အကျဉ်းနည်းနဲ့ ပလပ်လိုက်ပါတယ်။ ကျွန်မတို့ဘက်ကတော့ ထပ်ပြီးတော့ သက်ဆိုင်ရာတိုင်းဒေသကြီး တရားလွှတ်တော်ကိုဆက်ပြီး တက်သွားဖို့ရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ၇-၂-၂၀၂၁ ရက်စွဲပါစာအား သက်သေခံ(က)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ၁၃-၂-၂၀၂၁ ရက်စွဲပါ ကြေညာချက်အမှတ် (၆/ ၀၂/၂၀၂၁) အား သက်သေခံ(ခ)အဖြစ် တရားလိုဘက်က တင်သွင်းထားခြင်းအား သီးသန့်တရားရုံးက သက်သေခံအဖြစ် လက်ခံထားကြောင်း သိရသည်။
“သူက တန်းပြီးတော့မှ အကျဉ်းနည်းနဲ့ ပလပ်လိုက်တယ်လို့ ပြောတာပါ။ ကျွန်မတို့ တင်ထားတယ်၊ တင်ထားပြီးတော့ လျှောက်လဲချက်ပေးခိုင်းတာပေါ့။ လျှောက်လဲချက် ပေးပြီးတဲ့အခါမှာ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၄၃ နဲ့ လက်ခံပြီးတော့မှ တန်းပြီးတော့ သူက အကျဉ်းနည်းနဲ့ ပလပ်တယ်လို့ အမိန့်ချလိုက်တာပါ။ ကျွန်မတို့ တင်သွင်းတဲ့အပေါ်မှာ လက်မခံဘူး၊ ပလပ်တယ်လို့ ပြောတဲ့သဘောပါ။ ပလပ်တဲ့အပေါ်မှာ ကျွန်မတို့က တိုင်းဒေသကြီး တရားလွှတ်တော်ကို ဆက်ပြီးတက်မှာပါ။ မိတ္တူတွေလည်း ကူးထားပြီးသား ဖြစ်ပါတယ်။ ကျွန်မတို့ တာဝန်ခံမိတ္တူတွေ ကူပြီးတော့မှ ဆက်ပြီးတက်သွားမှာပါ။ (ဘယ်လောက်အထိ တက်သွားမလဲ) တက်လို့ရသလောက်အထိ တက်မှာပါ” ဟု ပြောကြားသည်။
အကျဉ်းနည်းဖြင့် ပလပ်ခြင်းနှင့်ပတ်သက်၍ “ တချို့ကျတော့ လျှောက်လဲချက်တောင် မကြားနာဘူး။ အရေးကြီးတယ်လို့ ထင်ရင် ရုံးခန်းတွင်းကနေပြီးတော့ တရားသူကြီးက လက်ခံလိုက်တယ်။ ပြီးတော့မှ တစ်ဖက် ကြားနာတယ်။ နှစ်ဖက်စလုံးကြားနာပြီးမှ အမိန့်တစ်ခုချတယ်။ ဒါက လုပ်ရိုးလုပ်စဉ်။ ဒါပေမဲ့ တစ်ခါတစ်ခါကျတော့ သိသာထင်ရှားလွန်းတယ်လို့ တရားသူကြီးက ထင်တဲ့အခါမျိုးမှာ တရားသူကြီးက အဲတစ်ယောက်ကိုပဲ လာပြီးတော့တင်တဲ့ တစ်ယောက်ကိုပဲ လက်ခံရေးလျှောက်လဲချက် ပေးခိုင်းတယ်။ လက်ခံရေးလျှောက်လဲချက် ပေးပြီးတော့ အဲဒီလက်ခံရေးလျှောက်လဲချက်ကို ကြည့်ပြီးတော့ ဒီလျှောက်လဲချက်အရကိုပဲ လက်ခံဖို့ မသင့်ဘူးဆိုပြီးတော့ တရားခွင်ထဲမှာ တစ်ထိုင်တည်း အမိန့်ချလိုက်တာ။ အဲဒါကို အကျဉ်းနည်း ပလပ်တယ်။ ရှိတော့ရှိတယ်။ ရှားတယ်ပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။















