နိုင်ငံတကာအနေဖြင့် မြန်မာ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ရွေးချယ်မှုကို လက်တွေ့ကျကျလေးစားပြီး ရင်ကြားစေ့ရေး အထောက်အကူပြုကိစ္စရပ်များ ပိုမိုလုပ်ဆောင်၍ ဒဏ်ခတ်မှုနှင့် မသင့်လျော်သည့်ကြားဝင်မှုကို ရှောင်ကြဉ်သင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

နိုင်ငံတကာအနေဖြင့် မြန်မာ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ရွေးချယ်မှုကို လက်တွေ့ကျကျလေးစားပြီး ရင်ကြားစေ့ရေး အထောက်အကူပြုကိစ္စရပ်များ ပိုမိုလုပ်ဆောင်၍ ဒဏ်ခတ်မှုနှင့် မသင့်လျော်သည့်ကြားဝင်မှုကို ရှောင်ကြဉ်သင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Photo : မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
Photo : မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
Published 5 July 2021

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ရွေးချယ်မှုကို လက်တွေ့ကျကျလေးစားပြီး ရင်ကြားစေ့ရေးကို အထောက်အကူပြုသည့်ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ကာ အရေးယူဒဏ်ခတ်မှုနှင့် မသင့်လျော်သည့်ကြားဝင်မှုကို ရှောင်ကြဉ်သင့်ဟု တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်။

 (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်ကို ၂၀၂၁  ခုနှစ် ဇူလိုင် ၃ ရက်တွင် တရုတ်နိုင်ငံချင်းဟွာတက္ကသိုလ်၌ ကျင်းပခဲ့ပြီး  တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အဆိုပါ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး  “ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်၍ လူသားတိုးတက်မှုကို တွန်းအားပေးခြင်း (Safeguarding World Peace and Promoting Human Progress)” ခေါင်းစဉ်ဖြင့် ပြောကြားသည့် အမှာစကားတွင် မြန်မာ့အရေးကိစ္စအား ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာ့အရေးကိစ္စတွင် အဓိကအကျဆုံးသည် အတွင်းပိုင်းဆွေးနွေးမှုကို တွန်းအားပေးဖော်ဆောင်ကာ နိုင်ငံရေး ပြန်လည်သင့်မြတ်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အခက်အခဲများ ကြုံတွေ့ရခြင်းသည် အခြေခံအားဖြင့်ဆိုရလျှင် ပြည်တွင်းရေး အရေးကိစ္စဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးမှုမှတစ်ဆင့် နိုင်ငံရေးဖြေရှင်း၍ အကြမ်းဖက်ကိစ္စရပ်များ ထပ်မံဖြစ်ပွားမှုကို ရှောင်ကြဉ်ကာ နိုင်ငံနှင့် လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှုကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ ရွေးချယ်မှုကို လက်တွေ့ကျကျ လေးစားကာ သဘောထားကွဲလွဲမှု ရင်ကြားစေ့ရေးကို အထောက်အကူပြုသည့် ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ပြီး တစ်ဖက်သတ် အရေးယူဒဏ်ခတ်မှုနှင့် မသင့်လျော်သည့်ကြားဝင်မှုကို ရှောင်ကြဉ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြားသည်။ 

ဆွေမျိုးပေါက်ဖော် ညီအစ်ကိုအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရန် လေးလေးနက်နက် မျှော်လင့်ပြီး အာဆီယံက အာဆီယံနည်းလမ်းဖြင့် မြန်မာနိုင်ငံအခြေအနေ အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးကို ဆောလျင်စွာ ဖော်ဆောင်နိုင်ရန် တွန်းအားပေးမှုကို ခိုင်မြဲစွာ ထောက်ခံအားပေးကြောင်းနှင့် မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးစသည့် အကူအညီများကို အတူတကွပေးအပ်ကာ မိမိ၏ မြန်မာနိုင်ငံဘက်အသီးသီးနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်အသုံးပြု၍ တက်တက်ကြွကြွ ချိတ်ဆက်ကြားဝင်ဆောင်ရွက်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း  ဝမ်ယိက ဆိုသည်။

Most Read

Most Recent