စာပေချစ်သူများအတွက် စာအုပ်ဝယ်ယူရန်အတွက်သာမက စာအုပ်များဖတ်ရှုနိုင်ရန်အတွက်ပါ စီစဉ်ပေးထားသည့် WE Bookstore ၏ ပထမဆုံးဆိုင်ကို ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်တွင် စတင်ဖွင့်လှစ်

စာပေချစ်သူများအတွက် စာအုပ်ဝယ်ယူရန်အတွက်သာမက စာအုပ်များဖတ်ရှုနိုင်ရန်အတွက်ပါ စီစဉ်ပေးထားသည့် WE Bookstore ၏ ပထမဆုံးဆိုင်ကို ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်တွင် စတင်ဖွင့်လှစ်
Published 3 July 2021

စာပေချစ်သူများအတွက် စာအုပ်ဝယ်ယူရန်အတွက် သာမကဘဲ စာအုပ်များ ဖတ်ရှုနိုင်ရန်အတွက်ပါ စီစဉ်ပေးထားသည့် WE Bookstore ၏ ပထမဆုံးဆိုင်ကို ရန်ကုန်မြို့သုဝဏ္ဏမြို့နယ်တွင် စတင်ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ WE Bookstore ၏ ပထမဆုံးဆိုင်ကို သုဝဏ္ဏ (ဝေဘူလ မှတ်တိုင်) ရှေ့ရှိ ABC စတိုးဆိုင်၏ အပေါ်ထပ်တွင် ဇူလိုင် ၃ ရက်က စတင်ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစာအုပ်ဆိုင်သို့ ABC စတိုးဆိုင်အတွင်းမှ ဝင်ရောက်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ WE Bookstore စာအုပ်ဆိုင်သည် WE Distribution မှစီစဉ်သည့် မြို့ပြအနှံ့ စာအုပ်ဆိုင်များ Project ၏ ပထမဆုံးဆိုင်ခွဲအဖြစ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်ကို စီးပွားရေးလုပ်ငန်းတစ်ခု အသွင်ထက် စာပေချစ်သူများအတွက် နှစ်သက်စရာတစ်ခုအဖြစ် အဓိကရည်ရွယ်ကာ ပြင်ဆင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

WE Bookstore ဆိုင်နှင့်ပတ်သက်၍ “ရန်ကုန်က စာပေသမားတွေအတွက် သုခဘုံလေး သို့မဟုတ် WE Bookstore – Thuwanna ဖွင့်ပါပြီ။ စာအုပ်ဆိုင်ဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုထက် ပိုပါတယ်။ စာအုပ်ဆိုင် ကိုယ်တိုင်လှပတဲ့ကဗျာတစ်ပုဒ်ပါ။ စာအုပ်ဆိုင်ဟာ နူးညံ့တဲ့အက်ဆေးလေးပါ။ အခုဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ WE Bookstore ဆိုင်လေးဟာ အကျယ်အဝန်းအားဖြင့် သိပ်ကြီးကြီးမားမားမရှိလှပေမဲ့ အလှပဆုံး ပြင်ဆင်ထားပါတယ်။ အားတဲ့နေ့တစ်နေ့လောက်လာခဲ့ပါ။ စာအုပ်ဝယ်ဖို့အဓိက မဟုတ်ပါဘူး။ အေးအေးဆေးဆေး စာထိုင်ဖတ်နိုင်ပါတယ်။ စာထိုင်ဖတ်တဲ့သူတွေကို ဝန်ထမ်းတွေက နွေးထွေးစွာကြိုဆိုပါတယ်။ ဝန်ထမ်းတွေက နှောင့်ယှက်မှာမဟုတ်ပါဘူး။ ဖတ်ပြီးတော့ မဝယ်လည်းရပါတယ်။ ဝယ်ချင်တယ်ဆိုရင်လည်း အထူးလျှော့စျေး အစီအစဉ်လည်းရှိတာကြောင့် တန်ပါတယ်။ စာပေသမားတွေအတွက် စိတ်ကျေနပ်စေမယ့် နေရာလေးတစ်နေရာဖြစ်ဖို့ အားထုတ်ထားပါတယ်” ဟု WE Bookstore - Thuwanna Brunch ၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။

အဆိုပါ WE Bookstore - Thuwanna တွင် စာဖတ်ရင်း ကော်ဖီသောက်နိုင်ရန်အတွက်ပါ စီစဉ်ထားသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် ဆိုင်သို့လာရောက်သူများအနေဖြင့် Mask များကို ဆိုင်အတွင်းရှိနေစဉ်၌လည်း တပ်ထားရန်လိုအပ်သည့်အတွက် ကော်ဖီရောင်းချခြင်းဝန်ဆောင်မှုကို ရပ်နားထားသည်ဟု သိရသည်။

WE Bookstore - Thuwanna တွင် ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဘာသာစကား၊ ကျန်းမာရေး၊ ဘာသာရေး၊ နည်းပညာ၊ စီပွားရေး၊ ဘာသာပြန်၊ English Novel ၊ ကလေးစာပေနှင့် သင်ထောက်ကူ စသည်ဖြင့် စာအုပ်စာပေအမျိုးစုံကို ဝယ်ယူရရှိနိုင်မည့်အပြင် ဖတ်ရှုရန်လည်း ခွင့်ပြုပေးထားခြင်းဖြစ်သည်။ လက်ရှိတွင် ဆိုင်ဖွင့်ပွဲအထိမ်းအမှတ် လျော့စျေးအစီအစဉ်အဖြစ် ၂၀ ရာခိုင်နှုန်း လျော့စျေးအစီအစဉ်ကို ဇူလိုင် ၃ ရက်မှ ၁၈ ရက်နေ့အထိ ပြုလုပ်ပေးထားသည်ဟုလည်း သိရသည်။

Most Read

Most Recent