ကြွေးမြီ မဆပ်နိုင်သောကြောင့် ထောင်ဒဏ် ကျခံနေရသည့် ဂျော်ဒန် နိုင်ငံသားများ

ကြွေးမြီ မဆပ်နိုင်သောကြောင့် ထောင်ဒဏ် ကျခံနေရသည့် ဂျော်ဒန် နိုင်ငံသားများ
Published 2 July 2021
မြတ်သက်မှူးကို

ငွေကြေးပြတ်လပ်နေပြီး မသန်စွမ်းကလေးနှစ်ဦးကို စောင့်ရှောက်ရန် ရုန်းကန်နေရသော မိုဟာမက် ဆာဘားသည် ငွေကြေး ချေးငှားခဲ့သည်။လက်ရှိအချိန်တွင်မူ ယင်းချေးငှားခဲ့သည့်ငွေကြေးပမာဏကို ပြန်လည် မဆပ်နိုင်သည့်အတွက်ထောင်ဒဏ်ကျခံရမည့် အရေးကို စိုးရိမ်နေသည်။

ဂျော်ဒန်နိုင်ငံတွင် ပြဋ္ဌာန်းထားသော ကြွေးမြီ ဥပဒေသည် ဆင်းရဲချို့တဲ့သူများအပေါ် အလွန်ပြင်းထန်ပြီး မျှတမှုမရှိသည့် ပြစ်ဒဏ်ချမှတ်ရန် ပြဋ္ဌာန်းထားပြီး ယင်းဥပဒေ ချိုးဖောက်မှုကြောင့် လူပေါင်းထောင်ချီ ထောင်ဒဏ်ကျခံနေရသည်။

“ဒါဟာ ဂျော်ဒန်ဘုရင့်နိုင်ငံမှာ အလွန်ဆိုးရွားတဲ့ လူမှုရေးပြဿနာတွေထဲက တစ်ခု ဖြစ်ပါတယ်” ဟု အမ်မန်မြို့တော်တွင် စီးပွားရေးနှင့် သတင်းအချက်အလက်လေ့လာရေးဆိုင်ရာ Phenix စင်တာမှ စီးပွားရေးပညာရှင် မူဆာအယ်ဆာကက်က ပြောကြားခဲ့သည်။

ငွေကြေးအခက်အခဲရှိနေသည့် ဂျော်ဒန်နိုင်ငံသားများသည် မတတ်သာသည့်အဆုံး ပုဂ္ဂိုလ်ရေးဆိုင်ရာ ဒေဝါလီခံကြောင်း ကြေညာခွင့်မရနိုင်ကြပေ။

ငွေကြေးအနည်းငယ် ချေးငှားပြီး ပြန်လည်မဆပ်နိုင်ကြသူများပင်လျှင် ထောင်ဒဏ် ရက် ၉၀ အထိ ချမှတ်ခံရနိုင်ပြီး ဘဏ်ချက်လက်မှတ်ဖြင့်ချေးငှားပြီး ပြန်လည်မ ဆပ်နိုင်ကြသူများသည် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရနိုင်သည်။

မိုဟာမက်၏ အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ ဖာသီယာသည် ညာဘက်လက် နှင့် ခြေထောက် အကြောသေနေပြီး အသက် ၁၈ နှစ်အရွယ် သားဖြစ်သူ ခါဒါးသည် ငယ်ရွယ်စဉ်ကပြုတ်ကျမှုတစ်ခုကြောင့် မျက်လုံး တစ်ဖက်ကွယ်ခဲ့ကာ ၎င်း၏မျက်လုံးအတုကို ပုံမှန်လဲလှယ်နေရသည်။

အသက် ၄၃ နှစ်အရွယ် မိုဟာမက်သည် အလူမီနီယာ ထုတ်ကုန်များ ပြုလုပ်သည့်စက် ရုံတွင်အလုပ်လုပ်ကိုင်နေပြီး ၎င်းင်း၏ဇနီးဖြစ် သူမှာသန့်ရှင်းရေးအလုပ်လုပ်ကိုင်သည်။ ၎င်းတို့၏ နှစ်ဦးပေါင်း ဝင်ငွေမှာ တစ်လလျှင် ဂျော်ဒန်နိုင်ငံသုံးငွေကြေးဒိုင်နာ ၆၅၀ (ဒေါ်လာ ၉၃၀) ရရှိပြီး ယင်းငွေကြေးသည် ၎င်းတို့ ၏ ကုန်ကျစရိတ်များကို ကာမိရုံမျှသာရှိသည်။

အစိုးရဝန်ထမ်းများနှင့် ပင်စင်စားများသာ ကျန်းမာရေးအာမခံချက်ရရှိသောနိုင်ငံ ဖြစ်သည့် ဂျော်ဒန်တွင် မိုဟာမက်သည် ရုန်းမထွက်နိုင်သော ကြွေးမြီနှင့်အတူ ဝန်ပိနေသည်။

“ကျွန်တော့်ဇနီးနဲ့ ကျွန်တော်တို့နှစ်ယောက်လုံး အလုပ် လုပ်နေကြပေမယ့် ကျွန်တော့် ကလေးနှစ်ယောက်ကို ကုသပေးဖို့ချေး ငှားနေရပါတယ်။ဘာလို့လဲဆိုတော့ ကလေးနှစ်ယောက်ကို ဆေးကုသတဲ့ ကုန်ကျစရိတ် ဟာ တစ်နှစ်ကို ဒိုင်နာ ၅,၀၀၀(ဒေါ်လာ ၇၀၀၀) ရှိပြီး ကျွန်တော်တို့မှာ အဲ့ဒီလောက် ငွေပမာဏမရှိပါဘူး” ဟု မိုဟာမက်ကပြော ကြားခဲ့သည်။

“ကျွန်တော့်ကလေးနှစ်ယောက် ဆေးကုသစရိတ်အတွက် ငွေကြေးချေးငှားတဲ့ အဖွဲ့အစည်းငါးခုကနေ လွန်ခဲ့တဲ့ငါးနှစ်အ တွင်းဒိုင်နာ ၁၂,ဝဝဝချေးငှားခဲ့ပါတယ်။ တရားရုံးကို သွားရောက်အမှုဖွင့်ကြတဲ့ ကြွေးရှင်တွေကြောင့် ကျွန်တော်တို့ စိတ်အနှောင့် အယှက်ဖြစ်ရပါတယ်။ အခုချိန်မှာတော့ ကျွန် တော်တို့တွေ အပူမီးဝိုင်းနေပါတယ်”ဟု ၎င်း က ပြောကြားခဲ့သည်။

မိုဟာမက်သည် ကြွေးမြီပြန်မဆပ်နိုင် သောကြောင့် ထောင်ဒဏ်ကျခံခဲ့ရပြီးဖြစ်ပြီး လက်ရှိအချိန်တွင် ထောင်မှလွတ်မြောက် လာရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ COVID-19 ကပ်ရောဂါကြောင့် ဖြစ်သည်။

ပြည်သူ့ကျန်းမာရေး အကျပ်အတည်း ကြောင့် ထောင်ဒဏ်များကို ယခုနှစ်ကုန်ပိုင်း အထိ တရားဝင် ဆိုင်းငံ့လိုက်ကြောင်းအစိုးရက မတ်လ၌ ထုတ်ပြန်ကြေညာခဲ့ပြီး ယာယီ ပြစ်ဒဏ်လျှော့ပေါ့မှုသည် ကြွေးမြီ ဒိုင်နာ ၁၀၀,၀၀၀ (ဒေါ်လာ ၁၄၁,၀၀၀) အောက်ရှိ သူများအတွက်သာ ဖြစ်သည်ဟုဆိုသည်။

ယင်းဥပဒေသည် မကြာမီပြန်လည် အကျုံးဝင်လာမည်ဟုမိုဟာမက်က အခိုင်အ မာယုံကြည်ထားပြီး ထိုသို့ ပြန်လည်အကျုံး ဝင်လာမည်ဆိုလျှင်မိုဟာမက်နှင့်၎င်း၏ဇနီးတို့သည် ထောင်ဒဏ်ဆက်လက်ကျခံသွားရ မည်ဖြစ်သည်။

“အကျဉ်းကျခံရတာဟာ ကြွေးရှင် ဒါမှ မဟုတ် ငွေကြေးချေးငှားသူတွေ အားလုံးအ တွက် ဘယ်လိုအကျိုးအမြတ်မှ မရလို့ ဒီဥပ ဒေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ထောင်ထဲထည့်လို့ သူ တို့ (ကြွေးရှင်)တွေမှာ ဘာအကျိုးအမြတ်ရ သွားတာမို့လို့လဲ။ ကျွန်တော့်ရဲ့ နာမကျန်းနေ တဲ့ ကလေးတွေကို ဘယ်သူကပြုစုစောင့် ရှောက်မှာလဲ” ဟု မိုဟာမက်ကဆိုသည်။

ဂျော်ဒန်နိုင်ငံသားတစ်သန်း၏ လေးပုံ တစ်ပုံကျော်သည် လက်ရှိအချိန်တွင် ကြွေး မြီများကို မဆပ်နိုင်သောကြောင့် တရားရင်ဆိုင်ရမည့်အခြေအနေနှင့် ကြုံတွေ့နေရ သည်ဟု နယူးယောက်အခြေစိုက် လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့(HRW) ကမတ်လ တွင် ထုတ်ပြန်ခဲ့သည်။

ကြွေးမြီမဆပ်နိုင်သောကြောင့် ထောင်ဒဏ်ကျခံရနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသူဦးရေသည် မကြာသေးမီနှစ်များအတွင်း ဆယ်ဆခန့် မြင့်တက်လာပြီး ၂၀၁၅ ခုနှစ်တွင် ၄,၃၅၂ ဦးရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၄၃,၆၂၄ ဦးအထိ မြင့်တက်လာခဲ့သည်ဟု တရားဝင် ထုတ်ပြန်ထားသည့် စာရင်းဇယား တွင် ဖော်ပြထားသည်။

အကျဉ်းထောင်အတွင်းရှိ လူဦးရေ၏ ၁၆ ရာခိုင်နှုန်းခန့် သို့မဟုတ် အကျဉ်းသား ၂,၆၃၀ ခန့်သည် ၂၀၁၉ ခုနှစ်အတွင်း ချေးငွေမပေးဆောင်နိုင်သူများနှင့် ချက်လက် မှတ်အတုရေးပေးသူများဖြစ်သည်ဟု စာရင်းဇယားတွင်ဖော်ပြထားသည်။

“ဂျော်ဒန်ဥပဒေအောက်မှာ ခင်ဗျားတို့အနေနဲ့ ငွေချေးပြီး ပြန်မဆပ်နိုင်ဘူးဆိုရင် ထောင်ကျခံရမှာပဲ။ဖြစ်စဉ် တော်တော်များများမှာ လူတွေက အိမ်ငှားခပေးဖို့၊ အစားအ သောက်ဝယ်ဖို့၊ဆေးကုသစရိတ်ပေးဖို့ ပိုက် ဆံချေးကြပါတယ်။ အာဏာပိုင်တွေက ဒီလူ တွေကို အကူအညီပေးမယ့်အစား သူတို့တွေ ကို ထောင်ချနေပါတယ်”ဟု HRW အဖွဲ့မှ အရှေ့အလယ်ပိုင်းဆိုင်ရာ သုတေသီ ဆာ ရာ ကေအလီက ပြောကြားခဲ့သည်။

နိုင်ငံအများစုတွင် ကြွေးမြီအတွက် ထောင်ဒဏ်ချမှတ်သည့် ဥပဒေများကို ဖျက် သိမ်းနေကြပြီး ဂျော်ဒန်နိုင်ငံ အနေဖြင့်လည်း ပုဒ်မ ၂၂ ကိုဖျက်သိမ်းသင့်ကာ အဆုံးအ ဖြတ်ပေးသည့် တရားသူကြီးများကလည်းအ ခြားနည်းလမ်းများကို ရှာဖွေသင့်သည်ဟု HRW က တိုက်တွန်းပြောကြားခဲ့သည်။

ရေမွှေးများနှင့် အလှကုန်ပစ္စည်းများကို  ရောင်းချနေသည့် မက်ဂျ်ဒီ မိုဟာမက်သည်လည်း အကြွေး နွံတွင်နစ်နေသည့်နောက်ထပ် ဂျော်ဒန်နိုင်ငံသားတစ်ဦးဖြစ်သည်။

ကပ်ရောဂါစတင်ကူးစက်ပျံ့နှံ့ချိန်တွင် ၂၀၁၈ ခုနှစ်က ချေးငှားခဲ့သော ငွေကြေး ဒိုင် နာ၆,၀၀၀ ကို ပြန်ဆပ်ရန် ၂၄၇ ဒိုင်နာ (ဒေါ် လာ ၃၅၀)သာ လက်ဝယ်ရှိသည်ဟုဆိုသည်။

“ဒါပေမဲ့ လူတွေကရေမွှေးထက် အစား အစာကိုသာ ပိုပြီး အလေးထားလာကြတော့ ကျွန်တော့်အလုပ်က ၂၀၂၀ ခုနှစ် မတ်လမှာ ရပ်သွားပါတယ်” ဟု အသက် ၅၃ နှစ်အရွယ် မက်ဂျ်ဒီက ပြောကြားခဲ့သည်။

“ကြွေးရှင်က ကျွန်တော့်ကို တရားစွဲဆိုခဲ့တော့ ပြစ်ဒဏ်ချမှတ်မယ့်အချိန်ကို စောင့် နေရပါတယ်။ဒါပေမဲ့ ကျွန်တော်ထောင်ကျရင် သူကရောဘာများအကျိုးအမြတ်ရသွား မှာလဲ” ဟု၎င်းက ဆိုသည်။

ထောင်နှင့်ချီသည့် ဂျော်ဒန်နိုင်ငံသား များသည် ထောင်ဒဏ်ကို ရှောင်လွှဲနိုင်ရန် အီဂျစ်၊တူရကီနှင့် ဂျော်ဂျီယာနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်ဟု၎င်းင်းက ဆိုသည်။

“အချို့တွေကတော့ ပြည်ပြေးအဖြစ်နဲ့ ပဲ ခက်ခက်ခဲခဲ နေထိုင်နေရတယ်။သူတို့တွေ က ပြည်သူပိုင် ပန်းခြံတွေနဲ့ တံတားတွေ အောက်မှာအိပ်စက်နေကြရတယ်” ဟု၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်က ယင်းပြဿနာရပ်ကို ဖြေရှင်းရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး မိုဟာမက်ကဲ့သို့ အကြွေး မဆပ်နိုင်သူများကို ကာကွယ်ပေးခဲ့သည်။

“ဒီဥပဒေကို ပြောင်းလဲပေးဖို့အတွက် အစိုးရကို ဖိအားပေးသွားဖို့ ကျွန်တော်တို့တွေ ကြိုးစားသွားမှာပါ။ အကြွေး မဆပ်နိုင်သူတွေက ရာဇဝတ်သားတွေနဲ့အတူတူ ထောင်ဒဏ် မကျခံသင့်ဘူး။ ထောင်ဒဏ် ချမှတ်တာ  လူ့ဂုဏ်သိက္ခာကို ချိုးဖောက်နေတာပါ” ဟု ကော်မတီအဖွဲ့ဝင် မိုဟာမက် အယ်ကာတာမီက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent