မြန်မာနိုင်ငံအပေါ် ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်

မြန်မာနိုင်ငံအပေါ် ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်
Published 1 July 2021
Ref: Swissinfo.ch

ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာ့တပ်မတော်အပေါ် ဆွစ်ဇာလန်နိုင်ငံက ဇူလိုင် ၁ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

လတ်တလော ဒဏ်ခတ်အရေးယူမှုစာရင်းတွင် ရှေ့နေချုပ်၊ အစိုးရဝန်ကြီး လေးဦးနှင့် ဒုတိယဝန်ကြီးသုံးဦး အပါအဝင် လူပုဂ္ဂိုလ် ရှစ်ဦးကို ထပ်မံထည့်သွင်းလိုက်ခြင်းဖြစ်သည်။

အဆိုပါစာရင်းတွင်ပါဝင်သည့် ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်စေသည့် မူဝါဒများ၊ လုပ်ဆောင်ချက်များ၊ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုကိုခြိမ်းခြောက်နေသော လုပ်ဆောင်ချက်များတွင် ပါဝင်ပြီး အားပေးထောက်ခံခဲ့ကြောင်း နိုင်ငံတော်စီးပွားရေးရာဌာန (SECO) က ထုတ်ပြန်ခဲ့သည်။

လတ်တလော ဒဏ်ခတ်ပိတ်ဆို့ခံရသော ပုဂ္ဂိုလ်များသည် ဆွစ်ဇာလန်နိုင်ငံသို့ သွားလာခွင့် ပိတ်ပင်ခံရမည် ဖြစ်သကဲ့သို့ အဆိုပါနိုင်ငံတွင်ရှိနေနိုင်သည့် ၎င်းတို့၏ ပိုင်ဆိုင်မှုမှန်သမျှကိုလည်း ထိန်းချုပ်ပိတ်ပင်ခံရမည် ဖြစ်ကြောင်း သိရသည်။

ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ကျောက်မျက်လုပ်ငန်းနှင့် သစ်လုပ်ငန်းလုပ်ကိုင်နေသည့် အဖွဲ့အစည်းလေးခုကိုလည်း ထည့်သွင်းခဲ့သည်။

ဆွစ်ဇာလန်၏ အရေးယူပိတ်ဆို့မှုသည် ပြီးခဲ့သော သီတင်းပတ်တွင် ဥရောပသမဂ္ဂက ချမှတ်ခဲ့သည့် အရေးယူမှုများနှင့် တူညီနေခြင်းလည်း ဖြစ်သည်။

ယခုနှစ် ဧပြီလကလည်း ဆွစ်ဇာလန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်၏ထိပ်ပိုင်းအဆင့် အရာရှိကြီး ကိုးဦးနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ကို ပစ်မှတ်ထား အရေးယူမှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent