ရုရှားနှင့် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရန် ညှိနှိုင်း ဆောင်ရွက်နေ

ရုရှားနှင့် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရန် ညှိနှိုင်း ဆောင်ရွက်နေ
Published 30 June 2021

ရုရှားနှင့် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရန် ညှိနှိုင်း ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး Spunink ခုနစ်သန်း ဝယ်ယူမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ကာကွယ်ဆေး ဝယ်ယူနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် COVID-19 ကာကွယ်ဆေး Sputnik V နှင့် Sputnik Light မကြာမီ ရရှိနိုင်ဖွယ်ရှိကြောင်း သိရသည်။

COVID-19 ရောဂါကာကွယ်ဆေး COVISHIELD နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ ဝယ်ယူရန်အတွက် ဆေးအလုံးပေါင်း သန်း ၃၀ ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုထားသော်လည်း ၎င်းတို့နိုင်ငံ၌ ရောဂါကူးစက်မှုနှုန်းများ မြင့်တက်လျက်ရှိသဖြင့် ကာကွယ်ဆေးရရှိမှု ရပ်တန့်သွားခဲ့ရကြောင်း သိရသည်။   

အိန္ဒိယနိုင်ငံအစိုးရက ကာကွယ်ဆေး တင်သွင်းခွင့် ပြန်လည်ခွင့်ပြုပါက မြန်မာနိုင်ငံက ဦးစားပေး ရရှိမည်ဖြစ်ပြီး ပထမအကြိမ် ဆေးထိုးထားသူသာ စောင့်ဆိုင်းရမည်ဖြစ်ကာ အိန္ဒိယနိုင်ငံဆိုင်ရာ ကာကွယ်ဆေးထိုး ကျွမ်းကျင်သူများအဖွဲ့ NITAG အဆိုအရ COVISHIELD ထိုးနှံမှုကို တစ်ကြိမ်နှင့် တစ်ကြိမ် ခြောက်လ ခြားနိုင်ကြောင်း သိရသည်။

COVID-19 ကာကွယ်ဆေးများကို ပုဂ္ဂလိက ကဏ္ဍက ခွင့်ပြုတောင်းခံပြီး တင်သွင်းဖြန့်ချိ ထိုးနှံပေးနိုင်ရန် ခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါ COVID-19 ကာကွယ်ဆေးများ  ပုဂ္ဂလိက ကဏ္ဍမှ တင်သွင်းဖြန့်ချိပြီး ထိုးနှံပေးနိုင်ရန် ၂၀၂၁ ခုနှစ် မတ်လမှစ၍ ခွင့်ပြုထားကြောင်း သိရသည်။

ပုဂ္ဂလိကဆေးရုံများတွင် COVID-19  ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းလာသည်နှင့်အမျှ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် အထောက်အကူဖြစ်စေကာ ပြည်သူလူထုအတွက် အရည်အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်ကို ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

မြန်မာနိုင်ငံအပါအဝင် Covax အစီအစဉ်က ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ဒေသများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကို ယခုနှစ်ကုန် နောက်ဆုံးထားပြီး COVID-19 ကာကွယ်ဆေး ၁ ဒသမ ၈ ဘီလျံပေးရန် လျာထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

လက်ရှိတွင် WHO က ကာကွယ်ဆေး အရေးပေါ်အတွက် အသုံးပြုသည့် ကာကွယ်ဆေး ရှစ်မျိုးရှိပြီး အဆိုပါ ရှစ်မျိုးထဲတွင် မြန်မာနိုင်ငံက ထိုးနှံနေသည့်  အိန္ဒိယနိုင်ငံထုတ် COVISHIELD နှင့် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးက အကျုံးဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မေ၂၉ ရက်အထိ အချက်အလက်များအရ COVISHIELD ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ ၁ ဒသမ ၄ သန်းကျော်ရှိပြီး တစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၈ သန်းရှိကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ ပြည်သူတွေအတွက် လှူထားသည့် COVID-19 ကာကွယ်ဆေး သုံးသိန်းအနက် ကျောင်းဖွင့်ရာသီ ဖြစ်သဖြင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် အ‌ခြေခံပညာနှင့် အဆင့်မြင့်ပညာ ကျောင်းဆရာ၊ ဆရာမတွေကို ဦးစားပေး အုပ်စုအဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွင် ကာကွယ်ဆေးရရှိမှု အနေအထားပေါ် မူတည်ပြီး ဦးစားပေး လူအုပ်စုကို ထိုးနှံပေးလျက် ရှိသည့်အတွက် တရုတ်နိုင်ငံမှ လှူထားသည့် ကာကွယ်ဆေး သုံးသိန်းမှာ လူဦးရေ တစ်သိန်းခွဲစာသာ ရှိသဖြင့် ပြည်သူများကို ထိုးနှံပေးနိုင်ခြင်း မရှိကြောင်း သိရသည်။

Most Read

Most Recent