မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ်စေလွှတ်မည့် အာဆီယံဆုံးဖြတ်ချက် ဂျပန် ထပ်မံထောက်ခံ

မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ်စေလွှတ်မည့် အာဆီယံဆုံးဖြတ်ချက် ဂျပန် ထပ်မံထောက်ခံ
Published 30 June 2021
 Ref : Vietnam Plus

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းရန် မြန်မာနိုင်ငံသို့  အထူးကိုယ်စားလှယ် စေလွှတ်ရေး အာဆီယံ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတဲဂီက ထပ်မံပြောကြားလိုက်ကြောင်း သိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆိုအရ ဇွန် ၂၈ ရက်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနှင့် တွေ့ဆုံရာတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ယခုလိုဖော်ပြခဲ့ခြင်းဖြစ်ပြီး တပ်မတော်နှင့် ဆွေးနွေးရန်  ဂျပန်နိုင်ငံက ကြိုးပမ်းနေကြောင်းကိုလည်း မိုတဲဂီက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့အရေးတွင် ဂျပန်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအနေဖြင့် ဆက်လက်၍  ပူးပေါင်းဆောင်ရွက်သွားရန်အတွက်လည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက သဘောတူခဲ့ကြသည်။

လာမည့် ဇူလိုင် ၂၉ ရက်တွင် အီတလီ နိုင်ငံတောင်ပိုင်း မက်တဲရာမြို့၌ လူကိုယ်တိုင်တက်ရောက်ရသည့်  G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရှိပြီး ဘေးဆွယ်တွေ့ဆုံမှုအဖြစ် အင်ဒိုနီးရှားနှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ 

ဇွန် ၁၀ ရက်က ၎င်းတို့နှစ်ဦး၏ မိနစ် ၄၀ ကြာ ဖုန်းဆက်ဆွေးနွေးမှုတွင်လည်း ဒေသအရေးအပြင် မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ဧပြီလက အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ ကြေညာခဲ့သည့် မြန်မာ့အရေးနှင့် ပတ်သက်သည့်  ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီက ယင်းဆွေးနွေးမှု၌ ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် တာဝန်ပေးခန့်အပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးအပါအဝင် အာဆီယံ၏လုပ်ဆောင်ချက်များကို ဂျပန်နိုင်ငံက ဆက်လက်၍ အားပေးသွားမည့်အကြောင်းနှင့် ထိန်းသိမ်းဖမ်းဆီးခံထားရသူများ ပြန်လွတ်လာရန် အရေးကြီးကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

Most Read

Most Recent