ထိုင်းအချစ်ဒရာမာဇာတ်လမ်းတွဲ Reuan Rom Ngiw ကို ထိုင်းရုပ်သံလိုင်း Channel 8 တွင် ထုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုမှုနှုန်းများပြားခဲ့

ထိုင်းအချစ်ဒရာမာဇာတ်လမ်းတွဲ Reuan Rom Ngiw ကို ထိုင်းရုပ်သံလိုင်း Channel 8 တွင် ထုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုမှုနှုန်းများပြားခဲ့
Published 27 June 2021

ထိုင်းအချစ်ဒရာမာဇာတ်လမ်းတွဲ Reuan Rom Ngiw ကို ထိုင်းရုပ်သံလိုင်း Channel 8 တွင် ထုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုမှုနှုန်းများပြားခဲ့ကြောင်း သိရသည်။

ဒါရိုက်တာ Chajchavan Saswatgloon ရိုက်ကူးထားသော Reuan Rom Ngiw ဒရာမာဇာတ်လမ်းတွဲကို ၂၀၂၁ ဧပြီ ၂၉ ရက်တွင် စတင်ထုတ်လွှင့်ပြသခဲ့ပြီး အပတ်စဉ် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တစ်နေ့လျှင် အပိုင်းတစ်ပိုင်းနှုန်းဖြင့် ထုတ်လွှင့်ပြသခဲ့ကာ အပိုင်းစုစုပေါင်း ၂၇ ပိုင်း ပါဝင်ခဲ့သည်။

ထိုဇာတ်လမ်းတွဲ၏ဇာတ်သိမ်းပိုင်းကို ဇွန် ၁၅ ရက်တွင်ထုတ်လွှင့်ခဲ့ပြီး အပိုင်းတစ်ပိုင်းထုတ်လွှင့်ပြီးချိန်တိုင်း ကြည့်ရှုမှုနှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ကြောင်း Thai Update သတင်းတွင် ဖော်ပြထားသည်။

Malai အမည်ရှိ ငယ်ရွယ်လှပသော အမျိုးသမီးသည် Rom Ngiw စံအိမ်တော်ပိုင်ရှင် Rom Ngiw ၏သားဖြစ်သူ Laung Wisan နှင့် အတင်းအကျပ်လက်ထပ်ထိမ်းမြားခဲ့ရသော်လည်း Malai သည် ဇနီးကောင်း တစ်ယောက်အဖြစ် အကောင်းဆုံးကြိုးစား၍ ပြုမှုနေထိုင်ခဲ့သည်။ သို့သော် ခင်ပွန်းသည် Laung ၏အလေးပေးဆက်ဆံမှုကို Malai တစ်ယောက် အပြည့်အဝမရရှိခဲ့ပေ။ Rom Ngiw စံအိမ်တွင် အလုပ်လုပ်ကိုင်နေသော ချောမောသည့်အမျိုးသား Dech သည် သူ၏သခင်မဖြစ်သူ Malai ကို ချစ်ခင်မြတ်နိုး စိတ်ဖြစ်မိလေသည်။

ယင်းအခြေအနေတွင် ခင်ပွန်းသည် Laung ၌လည်း ဖုံးကွယ်ထားသည့် အကြောင်းအရာတစ်ခုရှိနေရာ Rom Ngiw စံအိမ်တော်အတွင်း Malai ၊ Dech နှင့် Laung တို့အကြား ဖြစ်ပွားလာသော သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း၊ စိတ်ထားယုတ်ညံ့သူများ၏ မကောင်းကြံမှုများရှိနေသည့် Rom Ngiw စံအိမ်အတွင်း ဖြစ်ပွားလာသော ဖြစ်ရပ်ဆိုးတို့ကို Reuan Rom Ngiw ဇာတ်လမ်းတွဲတွင် ခံစားမှုရသစုံလင်စွာ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲတွင် Malai ဇာတ်ကောင်နေရာ၌ မင်းသမီး Pinky Savika Chaiyadej ၊ Dech ဇာတ်ကောင်နေရာ၌ မင်းသား Golf Anuwat Choocherdartana ၊ Wisan ဇာတ်ကောင်နေရာ၌ မင်းသား Aun Witaya Wasukraipaisarn တို့က သရုပ်ဆောင်ထားပြီး နာမည်ကြီးမင်းသား၊ မင်းသမီးအများအပြားလည်း ပါဝင်အားဖြည့်ထားသည်။

ဇွန်လအတွင်း ထုတ်လွှင့်ပြသနေဆဲဖြစ်သည့် ထိုင်းဇာတ်လမ်းတွဲများထဲတွင် Kaen Ruk Salub Chata ဇာတ်လမ်းတွဲနှင့် Kaen Kaew ဇာတ်လမ်းတွဲကို ဇွန် ၁၂ နှင့် ဇွန် ၂၂ ရက်တို့တွင် Thai TV3 ရုပ်သံလိုင်းမှ တစ်ဆင့်ထုတ်လွှင့်နေပြီး နာမည်ကြီးမင်းသမီး Pancake Khemanit နှင့် မင်းသား New Thitipoom တို့ပါဝင်ထားသော I Need Romance ဇာတ်လမ်းတွဲ၊ သရုပ်ဆောင်မင်းသား Dj push အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားသော Boss & Me ဇာတ်လမ်းတွဲတို့ကို ဇွန် ၂၁ နှင့် ဇွန် ၅ ရက်တွင် GMM 25 ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပြသနေ သည်။

Most Read

Most Recent