ဇွန် ၁၁ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသနေသည့် The House Next Door : Meet the Blacks 2 သည်းထိတ်ရင်ဖိုဟာသဇာတ်ကား ဝင်ငွေဒေါ်လာ နှစ်သန်းကျော်ရရှိထား

ဇွန် ၁၁ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ပြသနေသည့် The House Next Door : Meet the Blacks 2 သည်းထိတ်ရင်ဖိုဟာသဇာတ်ကား ဝင်ငွေဒေါ်လာ နှစ်သန်းကျော်ရရှိထား
Published 25 June 2021

ဇွန် ၁၁ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသနေသည့် The House Next Door : Meet the Blacks 2 အမေရိကန် သည်းထိတ်ရင်ဖိုဟာသဇာတ်ကားသည် ဝင်ငွေဒေါ်လာနှစ်သန်းကျော်ရရှိထားပြီး ဇွန် ၁၈ ရက်မှ ၂၀ ရက်အတွင်း ရုံတင်ပြသမှုမှ ဝင်ငွေအများဆုံးရရှိခဲ့သည့် Box Office Mojo စာရင်းတွင် ယင်းဇာတ်ကားသည် နံပါတ်ကိုးနေရာ၌ ရပ်တည်နေကြောင်း သိရသည်။

ထိုဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ရုံ ၄၂၀ တွင် ပွဲဦးထွက်ပြသမှုမှ သီတင်းတစ်ပတ်အတွင်း ဝင်ငွေတစ်သန်းကျော်ရရှိထားခဲ့ပြီး မြောက်အမေရိက Box Office တွင် ရုံတင်ပြသနေသည်မှာ သီတင်းပတ် ခုနစ်ပတ် ရှိနေပြီဖြစ်သည်။

The House Next Door : Meet the Blacks 2 ဇာတ်ကားသည် ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သော Meet the Blacks သည်းထိတ်ရင်ဖိုဇာတ်ကား၏ နောက်ဆက်တွဲရုပ်ရှင်ဖြစ်သည်။

ပထမရုပ်ရှင်ကားတွင် ကြည့်ရှုခံစားခဲ့ရသော အဖြစ်အပျက်များကို ကျော်လွှားလွန်မြောက်နိုင်ခဲ့ပြီး အောင်မြင်သောစာရေးဆရာတစ်ဦးဖြစ်လာခဲ့သည့် Carl Black သည် ၎င်းရေးသားထုတ်ဝေမည့် စာအုပ်သစ်အအတွက် ပိုမိုအာရုံစိုက်နိုင်ရန် အက်တလန်တာတွင်တည်ရှိသော ၎င်းငယ်စဉ်ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ်သို့ မိသားစုဝင်များနှင့်အတူ ပြောင်းရွှေ့လာခဲ့သည်။

နေအိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်စဉ်တွင် နေအိမ်အနီး၌ နေထိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အိမ်နီးချင်းသစ်တစ်ဦးနှင့် Black မိသားစုများ မမျှော်လင့်ဘဲ တွေ့ဆုံမိခဲ့ကြသည်။

ပြည့်တန်ဆာ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အဆိုပါအိမ်နီးချင်းသည် သွေးစုပ်ဖုတ်ကောင်တစ်ဦးဖြစ်သည်ဟု Carl က သံသယရှိလာခဲ့ပြီး ၎င်း၏မိသားစုဝင်များကို ထိုအိမ်နီးချင်းက ခေါ်ဆောင်ရန်ကြိုးပမ်းနေသည်ဟု ထင်မြင်လာသောအခါ ဖြစ်ပွားလာမည့် အန္တရာယ်၊ အခက်အခဲများကို Carl တစ်ယောက် မည်သို့ရင်ဆိုင်မည်၊ Carl ၏ ပရမ်းပတာအပြုအမှုများက ထိုအန္တရာယ်များကို ကျော်လွှားနိုင်မည်လားဆိုသည်ကို The House Next Door : Meet the Blacks 2 သည်းထိတ်ရင်ဖို ဟာသဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမည်ဖြစ်သည်။

ဒါရိုက်တာ Deon Taylor ရိုက်ကူးထားပြီး ဒေါ်လာ ၃.၅ သန်းအကုန်ကျခံထားသော The House Next Door : Meet the Blacks 2 ဇာတ်ကားတွင် Carl Black ဇာတ်ကောင်နေရာ၌ မင်းသား Mike Epps ၊ ဒေါက်တာ Mamuawlde ဇာတ်ကောင်နေရာ၌ Katt Williams ၊ Cronut ဇာတ်ကောင်နေရာ၌ Lil Duval တို့က ပါဝင်သရုပ်ဆောင်ထားသည်။

ဇွန် ၁၈ မှ ၂၀ ရက်အတွင်း ရုံဝင်ငွေအများဆုံး ရရှိခဲ့သည့်ဇာတ်ကားစာရင်း Box Office Mojo တွင် The Hitman’s Wife’s Bodyguard ဇာတ်ကားက ထိပ်ဆုံး၌ရပ်တည်နေပြီး ယင်းနောက်တွင် A Quiet Place II ၊ Peter Rabbit 2 : The Runaway ၊ The Conjuring : The Devil Made Me Do It ၊ Cruella ဇာတ်ကားတို့က အသီးသီးရပ်တည်လျက်ရှိသည်။

Most Read

Most Recent