အိန္ဒိယနှင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသူ မြန်မာဒုက္ခသည် ၁၀၀၀၀ နီးပါးရှိဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြောကြား

အိန္ဒိယနှင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသူ မြန်မာဒုက္ခသည် ၁၀၀၀၀ နီးပါးရှိဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြောကြား
Published 23 June 2021
Ref : ndtv

မြန်မာနိုင်ငံတွင် တိုက်ပွဲပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြေးသူ အရပ်သား သိန်းချီရှိလာပြီး အိမ်နီးချင်းအိန္ဒိယနှင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် ဒုက္ခသည်ဦးရေမှာ ၁၀၀၀၀ ခန့်ရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာက ပြောဆိုထားသည်။

ယင်းမှတ်ချက်ကို ကုလသမဂ္ဂအထူး ကိုယ်စားလှယ်က ဇွန် ၁၈ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေး၌ တက်ရောက်ပြောကြားသွားခြင်း ဖြစ်သည်။

၎င်းအနေဖြင့် မြန်မာ့အရေးပတ်သက်ဆက်နွယ်နေသူများနှင့် နေ့စဉ်အဆက်အသွယ်ရှိပြီး ယင်းအခြေအနေများကို တိုက်ရိုက်ကြားသိရခြင်းဖြစ်ကြောင်း၊ ဆယ်စုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ မမြင်ခဲ့ရသည့် နိုင်ငံ၏ နေရာဒေသအများစုသည် သိသိသာသာမတည်ငြိမ်သည့် နေရာများ ဖြစ်လာကြောင်း၊  နိုင်ငံအလယ်ပိုင်းနှင့်တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့် နေရာများအပါအဝင် နိုင်ငံအနှံ့၌ မတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာသူ ၁၇၅၀၀၀ နီးပါး ရှိလာကြောင်း၊ အိန္ဒိယနှင့် ထိုင်းဘက်သို့ ထွက်ပြေးလာသည့် အရေအတွက်မှာ  ၁၀၀၀၀ ခန့်ရှိကြောင်း ကုလအထူးကိုယ်စားလှယ်က ပြောကြားသည်။

ဆက်လက်၍ ၎င်းက မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ဆက်လက်ပြီး ရှုတ်ချရမည် ဖြစ်ကြောင်း၊  အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ဆက်လက်ပြီး တိုက်တွန်းရမည်ဖြစ်ကြောင်းနှင့် အာရှအလယ်တွင် ဒေသတွင်းရှုပ်ထွေးသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည့်အတွက် အချိန်မီ တုံ့ပြန်ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

တစ်ဆက်တည်းအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဘင်္ဂါလီဒုက္ခသည် ပြဿနာကို မေ့မသွားရန်လည်း  မစ္စစ်ဘာဂနာက သတိပေးခဲ့ပြီး မြန်မာ့အရေးပါဝင် ဆောင်ရွက်မှုများတွင် ကုလသမဂ္ဂအထွေထွေ ညီလာခံအနေဖြင့် ဘင်္ဂါလီအရေးကို တစ်စိတ်တစ်ပိုင်းထည့်သွင်းထားရန် တိုက်တွန်းခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်များသည် ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ကို အရဲစွန့် ဖြတ်သန်းနေကြဆဲဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်က ပြောကြားသွားသည်။

အထွေထွေညီလာခံမှ မဲခွဲအတည်ပြုလိုက်သည့် တိုက်တွန်းချက်များထဲတွင် မစ္စစ်ဘာဂနာကို မြန်မာနိုင်ငံလာရောက်ခွင့်ပေးရန်နှင့် ဘေးကင်းစွာ လူသားချင်းစာနာထောက် ပံ့ရေးအကူအညီများ ပေးခွင့်ပြုရန်လည်း ပါဝင်သည်။

Most Read

Most Recent