လာမည့်နှစ်အနည်းငယ်အတွင်း ရေနံဈေးနှုန်း မတည်မငြိမ်ဖြစ်မှုများ ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း အမေရိကန် ကုန်ပစ္စည်းကုန်သွယ်ရေးကုမ္ပဏီ Castleton Commodities International ခန့်မှန်း

လာမည့်နှစ်အနည်းငယ်အတွင်း ရေနံဈေးနှုန်း မတည်မငြိမ်ဖြစ်မှုများ ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း အမေရိကန် ကုန်ပစ္စည်းကုန်သွယ်ရေးကုမ္ပဏီ Castleton Commodities International ခန့်မှန်း
Photo:AP
Photo:AP
Published 20 June 2021
Ref:Reuters

အသစ်ပြန်လည်မွမ်းမံမှု လုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်နေမှုအတွင်း ရေနံထုတ်လုပ်မှုလုပ်ငန်းအတွက် ငွေကြေးထည့်ဝင်မှု အရာမထင်ဖြစ်နေစဉ် ရေနံဝယ်လိုအားထက် ရေနံရောင်းချမှုကန့်သတ်ချက်များ ရှိနေခြင်းကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း ရေနံစျေးနှုန်းများ မတည်မငြိမ်ဖြစ်ခြင်းနှင့် အတက်အကျမြန်ခြင်းတို့ ပိုမိုပြင်းပြင်းထန်ထန် ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း အမေရိကန်အခြေစိုက် ကုန်သွယ်ရေးလုပ်ငန်းကုမ္ပဏီ Castleton Commodities International က ခန့်မှန်းခဲ့သည်။

“ရေနံတစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ၊ တစ်ခါတစ်ရံ ဒေါ်လာ ၁၃၀ အထိ တစ်ဟုန်ထိုးမြင့်တက်လာတာကို သင်တို့တွေ့လာရနိုင်ပါတယ်။ အဲ့လိုထိုးတက်ပြီး အချိန်အနည်းငယ်အတွင်းမှာပဲ ရေနံတစ်စည်ကို ၃၅ ဒေါ်လာအထိ ထိုးကျသွားတာကိုလည်း သင်တို့တွေ့လာရပါလိမ့်မယ်။ အဲ့လို စျေးနှုန်းအတက်ကြမ်း၊ အကျကြမ်းတဲ့ အနေအထားက ဆက်ဖြစ်နေနိုင် ဖွယ်ရှိပါတယ်။ ဘယ်အနေအထားက ပထမဆုံးဖြစ်လာမလဲဆိုတဲ့ မေးခွန်းမှာ ဝယ်လိုအားမြင့်တက်လာတာလား၊ ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာတာလား” ဟု Castleton ၏ အမှုဆောင်အရာရှိ Willaim Reed II က FT Global Commodities Summit ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့သည်။

Willaim ၏ ပြောကြားချက်များသည် ဥရောပမှ ပြိုင်ဘက်ကုန်သွယ်ရေး လုပ်ငန်းကုမ္ပဏီများ၏ ခန့်မှန်းချက်နှင့် ကိုက်ညီနေကာ ဥရောပမှ ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့များက ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ ပြန်လည် ရောက်ရှိလာနိုင်ခြင်းကို သေချာသော ဖြစ်နိုင်ခြေတစ်ခုအဖြစ် ရှုမြင်ထားကြသည်။

အမေရိကန်၏ နုန်းကျောက်ရေနံထုတ်လုပ်မှု မြင့်တက်လာခြင်းက ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးကွက်ကို အပြင်းအထန်လှုပ်ခါစေခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း စီးပွားရေးအကျဘက်သို့ ဦးတည်ခဲ့သည့်အချိန်ကတည်းက ရေနံစျေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက် သို့မဟုတ် ဒေါ်လာ ၉၀ ဝန်းကျင်သို့ပင် ရောက်ရှိမလာတော့ချေ။

ကမ္ဘာတစ်ဝန်းလုံးတွင် ကာဗွန်ထုတ်လွှတ်မှုကို ချက်ချင်းလျှော့ချရန် ကြိုးပမ်းချက်သည် ဖြစ်နိုင်ခြေမရှိဘဲ စွန့်စားရာလည်းရောက်ကြောင်း၊ စွမ်းအင်အသွင်ကူးပြောင်းမှုနှင့်အတူ သဘာဝဓာတ်ငွေ့နှင့်အခြားသော စွမ်းအင်များကို ဝယ်လိုအားမြင့်တက်လာလိမ့်မည်ဖြစ်သည့်အတွက် Castleton ကုမ္ပဏီအနေဖြင့် သဘာဝဓာတ်ငွေ့နှင့်စွမ်းအင်စျေးကွက်များကို ဆက်လက်၍ အာရုံစိုက်သွားရန်ပြင်ဆင်ထားကြောင်း Willaim ကဆိုသည်။

အပူပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ပြောင်းလဲခြင်းအတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု အခန်းကဏ္ဍကာလရှည်ကြာမည်ဟု ခန့်မှန်းရကာ ဟိုက်ဒရိုဂျင်နှင့်ကာဗွန်ထိန်းသိမ်းလျှော့ချရေး ပိုက်လိုင်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့်အတူ သဘာဝဓာတ်ငွေ့အသုံးပြုခြင်းမှ ထွက်ရှိသည့် ကာဗွန်ပမာဏကို လျှော့ချနိုင်ရန် Castleton က ကြိုးပမ်းနေကြောင်း Willaim ကဆိုသည်။

ကြေးနီနှင့် အလူမီနီယံသတ္တုကဲ့သို့ သတ္တုပစ္စည်းများ၏တန်ဖိုးသည် မကြာသေးမီက တစ်ရှိန်ထိုးမြင့်တက်ခဲ့ပြီး စွမ်းအင်အသွင်ကူးပြောင်းမှုအတွင်း စွမ်းအင်ဝယ်လိုအားပမာဏကို ပြည့်မှီစေရန် အခြေခံအဆောက်အအုံများ၏ လိုအပ်ချက်သစ်များက စွမ်းအင်စျေးနှုန်းကို မြင့်သထက် ပိုမြင့်စေရန် စေ့ဆော်လျက်ရှိသည်။

ရေနံထွက်ကုန်၊ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများ၏ အန္တရာယ်နှင့် COVID-19 ကာကွယ်ဆေး စျေးကွက်ထွက်ပေါ်လာခြင်းတို့ အပေါ်တွင်မူတည်၍ ရေနံဝယ်လိုအားသည် ယခုနှစ်ကုန်ထက်နောက်မကျဘဲ ကပ်ရောဂါမတိုင်မီကာလက ရှိခဲ့သောအဆင့်များသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု Willaim က ခန့်မှန်းခဲ့သည်။

ဇွန် ၁၆ ရက်တွင် ရေနံစိမ်းစျေးနှုန်းသည် ၂၀၁၉ ခုနှစ် ဧပြီလ နောက်ပိုင်းအမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့ပြီး WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့သည်။

U.S.Federal Reserve ဘဏ်က ၂၀၂၃ ခုနှစ်အတွင်း ဘဏ်အတိုးနှုန်းများကို တိုးမြှင့်ပေးနိုင်ဖွယ်ရှိသည့် အစီအစဉ်ဆွဲခဲ့ပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာတန်ဖိုးမှာ တစ်ဟုန်တိုးမြင့်တက်ခဲ့သည်။ ဒေါ်လာ တန်ဖိုးမြင့်တက်ချိန်ကာလသည် ဒေါ်လာစျေးစောင့်ကြည့်ရေးအဖွဲ့များ၏ ယခင်ကခန့် မှန်းထားခဲ့သော အချိန်ကာလထက် ပိုစောခဲ့သည်။

မကြာသေးမီ ကာလတိုအတွင်း ရေနံစျေးနှုန်း မတည်မငြိမ်ဖြစ်မှုသည် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းနှင့် ဆက်နွှယ်နိုင်ဖွယ်ရှိကြောင်း CMC Markets မှ စျေးကွက်သုံးသပ်သူ Kelvin Wong က ခန့်မှန်းခဲ့သည်။

Most Read

Most Recent