ပြိုင်ဘက် ဒီယွန်တေးဝိုင်လ်ဒါကို စောစောစီးစီးပွဲသိမ်းပြီးအလဲထိုးအနိုင်ယူမည်ဟု WBC ချန်ပီယံ တိုင်ဆန်ဖျူရီ ကတိပေး

ပြိုင်ဘက် ဒီယွန်တေးဝိုင်လ်ဒါကို စောစောစီးစီးပွဲသိမ်းပြီးအလဲထိုးအနိုင်ယူမည်ဟု WBC ချန်ပီယံ တိုင်ဆန်ဖျူရီ ကတိပေး
Photo: AFP
Photo: AFP
Published 20 June 2021

 

WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်သူ တိုင်ဆန်ဖျူရီက လာမည့်လတွင် ပြိုင်ဘက် ဒီယွန်တေးဝိုင်လ်ဒါနှင့် တတိယအ ကြိမ်မြောက်အဖြစ် ရင်ဆိုင်ထိုးသတ်မည့် ချန်ပီယံကာကွယ်ပွဲတွင် စောစောစီးစီးပွဲသိမ်းပြီး အလဲထိုးအနိုင်ယူသွားမည်ဟု ကြုံးဝါးခဲ့သည်။ ယင်းပွဲအတွက် သတင်းစာရှင်းလင်းပွဲကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တွင် ပြုလုပ်ခဲ့ပြီး တိုင်ဆန်ဖျူရီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်ဆန်ဖျူရီနှင့် ဒီယွန်တေးဝိုင်လ်ဒါတို့၏ တတိယအကြိမ်မြောက် မကျေပွဲအဖြစ်ထိုးသတ်မည့် ယင်းပွဲကို လာမည့်ဇူလိုင်လ (၂၄)ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ လက်စ်ဗီး ဂတ်စ်မြို့ရှိ T.Mobile Arena တွင် ကျင်းပရန် စီစဉ်ထားသည်။  ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ထိုးသတ်ခဲ့သည့် ဒုတိယမြောက်မကျေပွဲတွင် တိုင်ဆန်ဖျူရီက တစ်ဖက်သတ်အသာစီးမှ ထိုးသတ်ပြီး (၇)ချီမြောက်တွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

၀ိုင်လ်ဒါသည် အဖွင့်မိတ်ဆက်စကားသာ ပြောကြားပြီး နောက်ပိုင်းတွင် နှုတ်ဆိတ်နေခဲ့ကြောင်း သိရသည်။ "လုံလုံ လောက်လောက် ပြောကြားခဲ့ပြီးပါပြီ။ သူ့(တိုင်ဆန်ဖျူရီ)ရဲ့ခေါင်းကို ဖြတ်ဖို့ အချိန်ရောက်လာနေပြီ။ ဘာကြောင့်လဲဆိုတော့ ဇူလိုင် လ (၂၄)ရက်ပွဲဟာ သေကျေဒဏ်ရာရမှုတွေ ရှိလာပါလိမ့်မယ်။ ခင်ဗျားနဲ့ ကျွန်တော် မကြာမီတွေ့ပါလိမ့်မယ်"ဟု ၀ိုင်လ်ဒါက ပြောကြားခဲ့သည်။ ၀ိုင်လ်ဒါသည် နေကာမျက်မှန်တပ်ထားကာ ကြီးမားသည့် Headphone ကိုလည်း နားတွင်ကပ်ထားပြီး Moderator ၏မေးမြန်းမှုကိုလည်း လျစ်လျူရှုခဲ့သည်။ ၀ိုင်လ်ဒါနှင့် တိုင်ဆန်ဖျူရီသည် စင်မြင့်ထက်တွင် (၅)မိနစ်ခွဲခန့် မျက်နှာချင်း ဆိုင်ခဲ့ပြီးနောက် ၀ိုင်လ်ဒါမှာ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။ 

"ဒါဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ဘယ်လိုအားနည်းသလဲဆိုတာ ပြသလိုက်တာပါပဲ။ နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာ သူ့ကို ထိုးနှက်ခဲ့ တာတွေက သူ့ရဲ့ဘဝမှာ စိတ်ထိခိုက်စေခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာသက် ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒီသေကျေဒဏ်ရာရမှုဆိုတဲ့စကား လုံးကို အခုမတိုင်မီကတည်းက ကျွန်တော် ကြားခဲ့ပြီးသားပါ။ နောက်ဆုံးအချိန်တိုင်းမှာ ဒါကို သူ ပြောနေကျပါပဲ။ ခေါင်းဖြတ်တာ၊ သေကျေဒဏ်ရာရမှုစတဲ့ အားလုံးကိုပေါ့။ ပြီးတော့ အဲဒီနောက်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်"ဟု တိုင်ဆန်ဖျူရီက ပြောကြားခဲ့သည်။ 

တိုင်ဆန်ဖျူရီသည် တစ်နိုင်ငံတည်းသားဖြစ်သူ WBA(Super)၊ IBF၊ WBO ချန်ပီယံ အန်သိုနီဂျိုရှူအာနှင့် ဟဲဗီးဝိတ်ချန်ပီယံခါးပတ် ပေါင်းစည်းပွဲထိုးသတ်ရန် ပြင်ဆင်နေစဉ် အမေရိကန်တရားသူကြီးတစ်ဦးက စာချုပ်အရ ၀ိုင်လ်ဒါနှင့် တတိယမြောက်မကျေပွဲ ထိုးသတ်ရမည်ဟု အမိန့်ချမှတ်ခဲ့သောကြောင့် ယခုမကျေပွဲ ထပ်မံ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ 

တိုင်ဆန်ဖျူရီနှင့် ၀ိုင်လ်ဒါသည် ၂၀၁၈ ဒီဇင်ဘာလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ယင်းပွဲတွင် ၀ိုင်လ်ဒါက တိုင်ဆန်ဖျူရီကို (၂) ကြိမ်တိုင် လဲကျအောင်ထိုးသတ်နိုင်ခဲ့သော်လည်း ဖျူရီမှ လက်ရည်အသာစီး ရရှိခဲ့သောကြောင့် သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့ရသည်။ တိုင်ဆန်ဖျူရီသည် ထိုးသတ်ခဲ့သည့် ပရိုလက်ဝှေ့ပွဲ (၃၁)ပွဲတွင် (၁)ပွဲသာသရေကျကာ (၃၀)ပွဲအထိ အနိုင်ရရှိပြီး ၀ိုင်လ်ဒါမှာလည်း (၄၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားလျက်ရှိသည်။

Most Read

Most Recent