မြန်မာနောက်ခံလူ ဇော်မင်းထွန်း ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းတွင် နံပါတ် ၃ ဝတ်ဆင်ကစားမည်

မြန်မာနောက်ခံလူ ဇော်မင်းထွန်း ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းတွင် နံပါတ် ၃ ဝတ်ဆင်ကစားမည်
Photo: Trac FC
Photo: Trac FC
Published 20 June 2021

 

ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းသို့ ပြောင်းရွှေ့သွားသည့် မြန်မာနောက်ခံလူ ဇော်မင်းထွန်းသည် နံပါတ် ၃ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းထွန်းသည် ကစားသမားဘဝတစ်လျှောက် ကလပ်အသင်းများတွင် နံပါတ် ၃ ကိုသာ ဦးစားပေးဝတ်ဆင်လေ့ရှိသူဖြစ်ပြီး ထရတ်အသင်းတွင်လည်း ယင်းနံပါတ် ဆက် လက်ဝတ်ဆင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ "ထရတ် အသင်းမှာ ကျောနံပါတ် ၃ ဝတ်ဆင်ကစား မှာ ဖြစ်ပါတယ်။ သူတို့နဲ့ တစ်ရာသီစာချုပ် ချုပ်ဆိုထားပြီး ဇွန် ၁၈ ရက်မှာ စတင်လေ့ကျင့် နေပါတယ်။ စာချုပ်နဲ့ အသေးစိတ်အချက် အလက်တွေ သဘောတူညီမှုရခဲ့တာကြောင့် ထရတ်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်" ဟု ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ဇော်မင်းထွန်းသည် ၂၀၁၉ ခုနှစ်မှစ၍ ပြည်ပကလပ်အသင်းများ၌ သွားရောက်ကစားခဲ့ပြီး ၂၀၁၉ ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ချောင်ဘူရီအသင်း၊ ၂၀၂၀-၂၀၂၁ ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်း အသင်းတွင် ကစားခဲ့သည်။ ထရတ်အသင်း မှာ ၎င်းင်းအတွက် တတိယမြောက် ထိုင်းကလပ် အသင်း၌ ပါဝင်ကစားခွင့်ရခြင်းဖြစ်သည်။  

ထရတ်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် မြန်မာကစားသမားများ အသုံးပြုခဲ့ဖူးပြီး ယခုရာသီတွင် ဇော်မင်းထွန်းကို ထပ်မံခေါ်ယူခဲ့ ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီအစတွင် တိုက်စစ်မှူး အောင်ကောင်းမာန်နှင့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် ပြိုင်ပွဲအား ပထမ အကြိမ် ရပ်နားပြီး ပြန်လည်စတင်ချိန်တွင် တိုက်စစ်ကစားသမား ဆွမ်လမန်တို့ကို ခေါ်ယူခဲ့သော်လည်း ကာလတိုသာ ပါဝင်ကစားခဲ့သည်။ လာမည့်ရာသီတွင် မြန်မာကစားသမား ငါးဦး ထိုင်းကလပ်အသင်းများ၌ ပါဝင်ကစားမည်ဖြစ်သည်။

Most Read

Most Recent