၂၀၂၁ ရာသီ စတင်မည့်ကာလ သတ်မှတ်နိုင်ခြင်းမရှိသဖြင့် MNL ကလပ်အသင်းအများစု အခက်အခဲများ ရင်ဆိုင်နေရ

၂၀၂၁ ရာသီ စတင်မည့်ကာလ သတ်မှတ်နိုင်ခြင်းမရှိသဖြင့် MNL ကလပ်အသင်းအများစု အခက်အခဲများ ရင်ဆိုင်နေရ
Photo: MNL
Photo: MNL
Published 20 June 2021

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပြင် လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ၂၀၂၁ ရာသီ စတင်မည့်ကာလမသတ်မှတ်နိုင်သေးသဖြင့် မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ်အသင်းအများစု အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် ယခင်က ၂၀၂၁ ရာသီ MNL ပြိုင်ပွဲကို ဧပြီတတိယပတ် တွင် စတင်ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် နောက်ဆုတ်ထားရခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရာသီကလည်း ကပ်ရောဂါအခြေအနေကြောင့် MNL စီနီယာလိဂ်ပြိုင်ပွဲ တစ်ခုတည်းကိုသာ ပြီးဆုံးအောင် ကျင်းပနိုင်ခဲ့ပြီး ပြိုင်ပွဲကျင်းပနေသည့်ကာလနှင့် ရာသီပိတ်သိမ်းချိန်တွင် နေ ရှင်နယ်လိဂ်ကလပ် လေးသင်းအထိ ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ် သည် ၂၀၂၁ ရာသီကို အသင်းစုစုပေါင်း ၁၀ သင်းဖြင့်သာ ကျင်းပရန် စီစဉ်ထားပြီး ဧပြီမှ စတင်ကာ ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ဆောင်ရွက်ခဲ့သော်လည်း နောက်ဆုတ်ထားရခြင်းဖြစ်သည်။ 

ဧပြီတွင် လိဂ်ပြိုင် ပွဲ စတင်မည်ဖြစ်သောကြောင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းအများစုမှာ ယခုနှစ်ဆန်းပိုင်းတွင် ကစားသမားသစ်ခေါ်ယူခြင်းအပါအဝင် ရာသီကြိုပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ရန်ကုန်အသင်းမှာ ရာသီသစ်ယှဉ်ပြိုင် မည့် ကစားသမားစာရင်းပင် အတည်ပြုနိုင်သည့် အနေအထားဖြစ်ခဲ့သလို ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းမှာလည်း ကစားသမားသစ်များ အားဖြည့်ထားသည်။ သို့သော် ကလပ်အသင်းအချို့မှာ ပြင်ဆင်မှုများ ပြုလုပ် ရခြင်းမရှိသေးဘဲ နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ အား စာချုပ်ချုပ်ဆိုရခြင်း မရှိသေးသည့် အသင်းများလည်း ရှိနေသည်။

ရာသီသစ်စတင်မည့်ကာလ သတ်မှတ်နိုင်ခြင်းမရှိသေးသဖြင့် ကလပ်အသင်းအများစုမှာ ပြင်ဆင်မှုပြုလုပ်မည့် အစီအစဉ်များကို ရပ်နားထားသလို အုပ်ချုပ်/နည်းပြအဖွဲ့ဝင် များနှင့် ကစားသမားများ၏ လစာကိုလည်း ရာခိုင်နှုန်းအလိုက်သာ ပေးချေလျက်ရှိသည်။ အသင်းအချို့မှာ လစာပေးချေရန်ပင် အခက်အခဲများရှိနေပြီး လစာပုံမှန်ပေးချေနေသည့် အသင်းအဖြစ် ဟံသာဝတီအသင်းတစ်သင်းတည်းသာ ကျန်ရှိတော့သည်။ ဟံသာဝတီ အသင်းမှာလည်း တစ်နှစ်ချင်း ဘတ်ဂျက်ရေး ဆွဲထားခြင်းဖြစ်သောကြောင့် လစာပုံမှန် ပေးချေနိုင်ခြင်းဖြစ်ပြီး နိုင်ငံခြားသားကစားသမား ခေါ်ယူထားသည့် အသင်းအချို့မှာလည်း စာချုပ်ဖျက်သိမ်းမှုများ ပြုလုပ်လျက်ရှိသည်။ ရှမ်းယူနိုက်တက်အသင်းမှာ နိုင်ဂျီး ရီးယားတိုက်စစ်ကစားသမား ဆာဆက်ကို မေလကုန်ပိုင်းတွင် စာချုပ်ဖျက်သိမ်းခဲ့သည်။

"အခက်အခဲကတော့ အသင်းတိုင်းမှာ ရှိပါတယ်။ အသင်းအများစုက လစာကို ရာခိုင်နှုန်းအလိုက်ပဲ ပေးချေနိုင်တော့ပြီး တစ်ဝက်ရတဲ့အသင်းတောင် တော်တော်ရှားပါ တယ်။ ဧပြီမှာ ရာသီသစ်စတင်မယ်ဆိုပြီး ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမဲ့ ရာသီမစတင်နိုင်တဲ့ အခြေအနေဖြစ်နေလို့ လစာပေးချေနေတဲ့ စရိတ်တွေက မနည်းပါဘူး။ အခြေအနေတွေက ဆက်တိုက်ဖြစ်လာတဲ့အတွက် ကလပ်အသင်းပိုင်ရှင်တွေ စီးပွားရေးအခက်အခဲရှိသလို စပွန်ဆာကုမ္ပဏီတွေ လည်း အဆင်မပြေပါဘူး။ ဒါကြောင့် အသင်းအသုံးစရိတ်ကို တတ်နိုင်သလောက် လျှော့ချနေရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ပြိုင်ပွဲလုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတဲ့ အဖြေတစ်ခုထွက်လာရင်တော့ အသင်းတွေအနေနဲ့ ဆုံးဖြတ် ချက်တစ်ခုခုချပြီး လုပ်လို့ရပါတယ်။ နိုင်ငံခြားသားကစားသမား ခေါ်ယူထားတဲ့ အသင်းတွေဆိုရင်လည်း သူတို့ကို လစာပေးထားရတဲ့ စရိတ်က မနည်းပါဘူး။ လစာလျှော့ချထားပေမဲ့လည်း တစ်လကို လစာအတွက် ကျပ်သိန်းရာနဲ့ချီပြီး အသုံးပြုနေရတာ ဖြစ်ပါတယ်။ ကလပ်အသင်းတွေခက်ခဲသလို ကစားသမားတွေလည်း လစာနည်းနည်းပဲရတဲ့အတွက် အဆင်မပြေတာတွေ အများကြီးရှိတယ်လို့ သိရပါတယ်။ မိသားစုစားဝတ်နေရေးရှိတဲ့အတွက် အပြင်မှာ ကြုံရာအလုပ်တွေ လုပ်နေရတဲ့သူတွေတောင် ရှိပါတယ်" ဟု မြန်မာ နေရှင်နယ်လိဂ်ကလပ်အသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၁ ရာသီတွင် MNL စီနီယာလိဂ်၊ ရှုံးထွက်ပြိုင်ပွဲ၊ ယူ-၂၁ လူငယ်လိဂ်၊ MNL-2 လိဂ်နှင့် အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

 

Most Read

Most Recent