IS ၀ါဒ လွှမ်းမိုးခံနေရသည့် ကလေးငယ်များ

IS ၀ါဒ လွှမ်းမိုးခံနေရသည့် ကလေးငယ်များ
Photo:AP
Photo:AP
Published 15 June 2021
ခိုင်

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ဖြစ်သလို တည်ဆောက်ထားရှိထားသော al-Hol ခိုလှုံရေးစခန်းဝင်းအတွင်း ကလေးငယ်များသည် ပုံစံတု ဓားများ၊ IS စစ်သွေးကြွအဖွဲ့ အသုံးပြုသော အမည်းရောင် အောင်လံတံခွန်အတိုင်း ပုံစံတုပထားသော အောင်လံတံခွန်များ ကိုင်ဆောင်လျက် ညစ်ပေနေသော လမ်းများထက်တွင် ပြေးလွှားဆော့ကစားရင်း နေ့ရက်များကို ကုန်ဆုံးနေကြသည်။

ခိုလှုံရေးစခန်းများတွင် နေထိုင်သော ကလေးငယ်အနည်းငယ်သာ စာရေးနိုင်၊ ဖတ်နိုင်ကြပြီး ကလေးငယ်အချို့ရရှိနေသည့် တစ်ခုတည်းသော ပညာရေးသည် IS ၀ါဒများကို ပြန်လည်ပြောကြားနေသော ၎င်းတို့၏ မိခင်များထံမှ ဖြစ်သည်။

IS အဖွဲ့က ၎င်းတို့၏မွတ်စလင်ပိုင်နက်အဖြစ် ကြေညာထားသော နယ်မြေများကို လက်လွတ်ဆုံးရှုံးခဲ့သည်မှာ နှစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး ထိုနှစ်နှစ်ကျော်ကာလအတွင်း IS အဖွဲ့ဝင်များ၏ မိသားစုဝင်များ နေထိုင်နေကြသည့် al-Hol ခိုလှုံရေးစခန်းတွင် ကလေးငယ် ၂၇ç၀၀၀ ကျော်မှာ ဆင်းရဲဒုက္ခများနှင့်အတူ နိုင်ငံတကာ အသိုက်အဝန်း၏ လျစ်လျရှုမှုကို ခံနေရသည်။

ထိုစခန်းတွင် နေထိုင်သော ကလေးငယ်အများစုသည် ဆယ်ကျော်သက်အရွယ် မရောက်သေးပေ။ ၎င်းတို့သည် စာသင်ကျောင်းများ၊ ကစားရန် သို့မဟုတ် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် နေရာများ မရှိသော အလွန်စိတ်မချမ်း မြေ့ဖွယ်ကောင်းသည့် အခြေအနေမျိုးတွင် ၎င်းတို့၏ကလေးဘဝကို ကုန်ဆုံးနေကြပြီး ထိုအခြေအနေများကို ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းကလည်း စိတ်ဝင်စားမှု မရှိသည့် အသွင်ထွက်နေသည်။

ထိုကလေးငယ်များအား ၀ါဒသွတ်သွင်းရန် အဖွဲ့အစည်းတစ်ခုသာကျန်ပြီး ထိုအဖွဲ့အစည်းမှာ IS အဖွဲ့၏ လက်ကျန်ဝါဒဖြန့်သမားများဖြစ်သည်။ IS အဖွဲ့၏ ကျွမ်းကျင်အကြမ်းဖက်သမားများနှင့် IS အဖွဲ့ ထောက်ခံသူများသည် al-Hol စခန်းအတွင်း ကွန်ရက်များ ထားရှိထားကြသည်။ IS အဖွဲ့သည် ဆီးရီးယားအရှေ့ပိုင်းတွင် လှုပ်ရှားမှု မပြုသေးသည့် အကြမ်းဖက်ကွန်ရက်များကို ချထားသည်။ သို့သော် ထိုအကြမ်းဖက်ကွန်ရက်အဖွဲ့များသည် ပြန်လည်သက်ဝင်လှုပ်ရှားမည့် အခွင့်အရေးကို စောင့်ဆိုင်းရင်း မပြင်းထန်သော ဆူပူသောင်းကျန်းမှုများကို ဆက်လက်လုပ်ဆောင်နေကြသည်။

Al-Hol စခန်းတွင် စစ်သွေးကြွ မျိုးဆက်သစ်တစ်ခု ဖန်တီးလာနိုင်ဖွယ်ရှိမှုအပေါ် အကူအညီပေးရေးအဖွဲ့များနှင့် ကာ့ဒ် အာဏာပိုင်များက စိုးရိမ်ပူပန်နေကြပြီး ထိုစခန်းတွင် နေထိုင်နေကြသည့် အမျိုးသမီးများနှင့် ကလေးငယ်များကို သက်ဆိုင်ရာ နိုင်ငံများက ပြန်လည်ခေါ်ယူကြရန် ၎င်းတို့က တောင်းဆိုနေကြသည်။ အဓိကပြဿနာမှာ သက်ဆိုင်ရာနိုင်ငံများ၏အစိုးရအဖွဲ့များက al-Hol စခန်းရှိ ကလေးငယ်များကို ကယ်ဆယ်လိုသည့် စိတ်ဆန္ဒထက် ယင်းကလေးငယ်များအား အန္တရာယ်တစ်ခုအဖြစ် ရှုမြင်နေကြခြင်းဖြစ်သည်။

“ အဲ့ဒီ့ကလေးတွေက ISIS ရဲ့ ပထမဆုံး သားကောင်တွေပါ။ လေးနှစ်အရွယ် ယောကျ်ားလေးတစ်ယောက်မှာ အကြမ်းဖက်သဘောတရား တကယ်မရှိပါဘူး။ အဲ့ကလေးငယ်က ကာကွယ်မှုနဲ့သင်ယူမှု လိုအပ်နေတာပါ။ စခန်းတွေက ကလေးငယ်တွေအတွက် နေထိုင် ကြီးပြင်းဖို့နေရာ မဟုတ်ပါဘူး။ အဲ့စခန်းတွေက ကလေးငယ်တွေ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ကုစားပေးမှာ မဟုတ်ဘူး။ ပညာသင်ယူဖို့၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ရင်းရင်းနှီးနှီးနေဖို့ ခွင့်ပြုမှာ မဟုတ်ဘူး” ဟု Save the Children အဖွဲ့၏ ဆီးရီးယား ပဋိပက္ခ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဆိုနီယာကုရှ်က ပြောကြားခဲ့သည်။

စည်းရိုးကာရံထားခြင်းမရှိသော စခန်းတွင် ရွက်ဖျင်တဲတန်း တစ်တန်းနှင့်တစ်တန်းသည် တစ်စတုရန်းမိုင်နီးပါး ကွာဝေးသည်။ ရွက်ဖျင်တဲများတွင် မိသားစုအများအပြား ပြွတ်သိပ်နေထိုင်နေကြပြီး ဆေးကုသရေး ပစ္စည်းများ ရှားပါးခြင်း၊ သန့်ရှင်းသောရေနှင့် ရေဆိုးနုတ်စနစ် အကန့်အသတ်ရှိခြင်း၊ ဆောင်းရာသီတွင် ရွက်ဖျင်တဲများအတွင်း ရေကြီးခြင်းတို့ ဖြစ်ပွားလေ့ရှိကာ အစားအစာ ချက်ပြုရန်အတွက်သော်လည်းကောင်း၊ အပူပေးရန်အတွက်သော်လည်းကောင်း ဂက်စ်မီးဖိုများကို အသုံးပြုကြသည့်အတွက် မီးလောင်မှုများလည်း ဖြစ်ပွားလေ့ရှိသည်။

Al-hol စခန်းတွင် ဆီးရီးယားနိုင်ငံသားနှင့် အီရတ်နိုင်ငံသား ၅၀,၀၀၀ ခန့် နေထိုင်နေပြီး ၂၀,၀၀၀ နီးပါးမှာ ကလေးငယ်များဖြစ်ကာ ကျန်လူအများစုမှာ IS တိုက်ခိုက်ရေးသမားများ၏ မိန်းမများနှင့် မုဆိုးမများ ဖြစ်ကြသည်။

လုံခြုံရေးထူထပ်စွာ ချထားကာ တိုးချဲ့ဆောင်ဟု အသိများသည့် သီးခြားစခန်းတစ်ခုတွင် နိုင်ငံ ၅၇ နိုင်ငံမှ အမျိုးသမီး ၂,၀၀၀ နေထိုင်ပြီး IS ကို အပြင်းအထန်ထောက်ခံသူများဟု ယူဆရသော ထိုအမျိုးသမီးများသည် ၎င်းတို့၏ ကလေးငယ် ၆,၀၀၀ နှင့်အတူ နေထိုင်လျက်ရှိသည်။

ပြီးခဲ့သည့်လက al-Hol စခန်းသို့ အေပီသတင်းဌာနမှ သတင်းသွားယူသည့် အချိန်၌ ထိုစခန်းတွင် IS ၀ါဒလွှမ်းမိုးမှု ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

တိုးချဲ့စခန်းအတွင်း နေထိုင်သည့် ငယ်ရွယ်သော ယောကျ်ားလေး တစ်ဒါဇင်ဝန်းကျင်သည် ကာ့ဒ်အစောင့်တပ်ဖွဲ့ဝင်များ လုံခြုံရေးပေးထားသော အေပီသတင်းအဖွဲ့ကို ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ကလေးငယ်အချို့မှာ ဓါးပုံသဏ္ဍာန်ရှိသည့် ချွန်ထက်သော သတ္တုချောင်းများကို ဝှေ့ယမ်းပြခဲ့သည်။

“ နင်က မိစ္ဆာဖြစ်လို့ နင့်ကို ငါတို့ သတ်မှာ။ နင်က အရှင်ရဲ့ ရန်သူ။ ငါတို့က IS ။ နင်က မိစ္ဆာ၊ ငါက နင့်ကို ဓါးနဲ့သတ်မှာ၊ နင် လွင့်စင်သွားအောင် ငါက အမြောက်နဲ့ထုမှာ” ဟု အသက် ၁၀ နှစ်ဝန်းကျင်အရွယ်ရှိ ကလေးငယ်တစ်ဦးက သတင်းထောက်များအား အော်ဟစ်ပြောကြားနေပြီး အခြားကလေးငယ်တစ်ဦးမှာ ၎င်း၏လည်းပင်းကို လက်ဖြင့် ကန့်လန့်ဖြတ်ဆွဲသော ပုံစံလုပ်ပြခဲ့သည်။

တိုးချဲ့စခန်းအတွင်း ဖွင့်လှစ်ထားသည့် စျေးတစ်ခုတွင် အမျိုးသမီးများသည် ခေါင်းလျှော်ရည်၊ ရေပုလင်း၊ ဝတ်ပြီးသား အဝတ်အစားများကို ရောင်းချနေကြပြီး အမျိုးသမီးတစ်ဦးမှာ အေပီသတင်းထောက်တစ်ဦးကို ကြည့်၍ IS အဖွဲ့၏ ဟစ်ကြွေးသံဖြစ်သော “အစ္စလာမ္မစ်နိုင်ငံတော် အဓွန့်ရှည်ပါစေ” ဟု ပြောကြားခဲ့သည်။

ဆီးရီးယားနှင့်အီရတ်၏ နယ်မြေဒေသ အများစုကို ငါးနှစ်နီးပါးကြာ အုပ်ချုပ်မှုအတွင်း IS အဖွဲ့သည် အစ္စလာမ္မစ်ဥပဒေကို ၎င်းတို့၏အညှာအတာမဲ့ အဓိပ္ပာယ်ကောက်ယူမှုတွင် ကလေးငယ်များအား ၎င်းတို့၏ အယူဝါဒသွတ်သွင်းခြင်းကို ဦးစားပေးအဖြစ် လုပ်ဆောင်ခဲ့သည်။ IS အဖွဲ့သည် ကလေးငယ်များကို တိုက်ခိုက်ရေးသမားများအဖြစ် လေ့ကျင့်ပေးခြင်း၊ ခေါင်းဖြတ်သတ်ခြင်းအား မည်သို့လုပ်ကိုင်ရမည်ကို အရုပ်များအသုံးပြု၍ သင်ကြားပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီး ၀ါဒဖြန့်ဗီဒီယိုများ၌ ဓားစာခံများအား သတ်ဖြတ်ပြခြင်းတွင်ပင် ကလေးငယ်များအား လုပ်ဆောင်ခိုင်းကြသည်။

တိုးချဲ့စခန်းတွင် နေထိုင်သော မာဒီနာ ဘာကာရောအမည်ရှိ ရုရှားဘာသာစကား ပြောကြားသော အမျိုးသမီးတစ်ဦးက ၎င်း၏ သားသမီးများ၏ အနာဂတ်အတွက် စိုးရိမ်ထိတ်လန့်မိကြောင်း ပြောကြားခဲ့သည်။

“ကျွန်မရဲ့ ကလေးငယ်တွေကို ပညာသင်ယူစေချင်တယ်။ စာရေးတတ်၊ ဖတ်တတ်၊ ကိန်းဂဏန်းတွေကို ရေတွက်တတ်စေချင်တယ်။ ကျွန်မတို့ အိမ်ကို ပြန်ချင်တယ်။ ကျွန်မရဲ့ ကလေးတွေကို ပျော်ရွှင်တဲ့ ကလေးဘဝကို ရစေချင်တယ်” ဟု အသက် ၄၂ နှစ်အရွယ် မာဒီနာက ဆိုသည်။ ၎င်း၏ ခင်ပွန်းဖြစ်သူမှာ သေဆုံးသွားပြီဖြစ်ကြောင်း မာဒီနာက ပြောကြားခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့သည်ဆိုသည်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

စခန်းတွင် နေထိုင်သော အမျိုးသမီးအချို့မှာ IS ကို သစ္စာခံနေဆဲဖြစ်သော်လည်း အမျိုးသမီးအချို့မှာ IS အဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုပုံစံကြောင့် အမြင်မှန်ရလာခဲ့ကြသည်။

Ref: AP