ပြည်တွင်းစျေးကွက်၌ ဒေသအစုံမှ ထွက်ရှိသော ဆန်ချောစျေး လေးလအတွင်း တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၀၀၀ အထိ မြင့်တက်

ပြည်တွင်းစျေးကွက်၌ ဒေသအစုံမှ ထွက်ရှိသော ဆန်ချောစျေး လေးလအတွင်း တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၀၀၀ အထိ မြင့်တက်
ဘုရင့်နောင်ရှိ ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ်
ဘုရင့်နောင်ရှိ ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ်
Published 14 June 2021

ပြည်တွင်းစျေးကွက်၌ ဒေသအစုံမှ ထွက်ရှိသောဆန်ချောစျေးများ လေးလအတွင်း တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၀၀၀ အထိ မြင့်တက်လာကြောင်း ဆန်စပါးကုန်စည်ဒိုင်များမှ သိရသည်။

မြောင်းမြ/ ပုသိမ်ပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ဒေးဒရဲပေါ်ဆန်းအပါအဝင် ဆန်ချောများ စျေးတက်နေပြီး ဆန်ကြမ်းများ စျေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်စျေးနှုန်း (တစ်အိတ်) များမှာ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း (သစ်) ကျပ် ၃၆၀၀၀ မှ ကျပ် ၃၈၀၀၀ ကြား၊ ဒေးဒရဲ ကြားပျံ ကျပ် ၃၈၀၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ဖျာပုံပေါ်ဆန်း (သစ်) ကျပ် ၃၅၀၀၀ မှ ကျပ် ၃၆၀၀၀ ကြား၊ ဒေးဒရဲပေါ်ဆန်း (သစ်) ကျပ် ၃၅၀၀၀ မှ ကျပ် ၃၇၀၀၀ ကြား၊ ပေါ်ဆန်း နယ်စုံ (သစ်) ကျပ် ၃၄၀၀၀ မှ ၃၅၅၀၀ ကြား၊ မြီးဒုံး (သစ်) ကျပ် ၂၉၀၀၀ မှ ကျပ် ၃၁၀၀၀ ကြား၊  ရက် ၉၀ ကျပ် ၃၁၀၀၀ မှ ကျပ် ၃၃၀၀၀ ကြား၊ ကြားပျံရှယ်(သစ်) ကျပ် ၃၇၀၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ငစိန် (သစ်) ကျပ် ၂၂၈၀၀ မှ ကျပ် ၂၃၅၀၀ ကြား၊ ရွှေဘိုပေါ်ဆန်း (သစ်) ကျပ် ၄၇၀၀၀ မှ ကျပ် ၅၀၀၀၀ ကြား၊ ဧည့်မထ (သစ်) ကျပ် ၂၆၀၀၀ မှ ကျပ် ၂၇၀၀၀ ကြား၊ ပေါ်ဆန်းရှယ် ကျပ် ၃၅၀၀၀ မှ ကျပ် ၃၆၀၀၀ ကြားဖြစ်သည်။

၂၀၂၁ ခုနှစ် ဇွန် ၁၄ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်စျေးနှုန်း (တစ်အိတ်) များမှာ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း (သစ်) ကျပ် ၃၇၀၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ဒေးဒရဲကြားပျံ ကျပ် ၄၁၀၀၀ မှ ကျပ် ၄၂၀၀၀ ကြား၊ ဖျာပုံ ပေါ်ဆန်းကျပ် ၃၆၀၀၀ မှ ကျပ် ၃၉၀၀၀ ကြား၊ ဒေးဒရဲပေါ်ဆန်းကျပ် ၃၆၀၀၀ မှ ကျပ် ၃၉၀၀၀ ကြား၊ ပေါ်ဆန်းနယ်စုံ ကျပ် ၃၅၀၀၀ မှ ၃၈၅၀၀ ကြား၊ မြီးဒုံး (သစ်) ကျပ် ၃၁၅၀၀ မှ ကျပ် ၃၃၀၀၀ ကြား၊ ရက် ၉၀ ကျပ် ၂၅၀၀၀ မှ ကျပ် ၂၆၃၀၀၀ ကြား၊ ကြားပျံရှယ် (သစ်) ကျပ် ၃၅၅၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ငစိန် (သစ်) ကျပ် ၂၁၅၀၀ မှ ကျပ် ၂၂၅၀၀ ကြား၊ ရွှေဘိုပေါ်ဆန်း (သစ်) ကျပ် ၄၇၀၀၀ မှ ကျပ် ၅၀၀၀၀ ကြား၊ ဧည့်မထ (သစ်) ကျပ် ၂၂၅၀၀ မှ ကျပ် ၂၃၀၀၀ ကြား၊ ပေါ်ဆန်းရှယ် ကျပ် ၃၈၀၀၀ မှ ကျပ် ၃၉၀၀၀ ကြားဖြစ်သည်။

အဆိုပါလေးလအတွင်း ရက် ၉၀ တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့်၊ ကြားပျံရှယ် တစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့်၊ ငစိန်တစ်အိတ်လျှင် ကျပ်၁၀၀၀ ခန့်၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် စျေးကျခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၄ သန်းကျော်သာ တင်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ငါးသိန်းကျော် လျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၃၀ နီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ရှစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု တန်ချိန် ၁ ဒသမ ၄၃၈ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၄၆ ဒသမ ၆၂၁ သန်း ရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၉၅၈ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၅၇၆ ဒသမ ၂၈ သန်းအထိ ရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၅၂၀၅၆၅ တန် လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၉ ဒသမ ၆၅၉ သန်း လျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ရှစ်သိန်းနှစ်သောင်းကျော်ရှိပြီး ဝင်ငွေဒေါ်လာ ၃၃၅ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းခွဲနီးပါး လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၆၁ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent