ဗဟိုဘဏ်က ဒေါ်လာသုံးသန်း ထပ်မံရောင်းချခဲ့ခြင်း၊ ရန်ကုန်ကိုယ်စားလှယ်ရုံးခွဲကို ဥပဒေအရ ဖျက်သိမ်းခြင်းသာဖြစ်ပြီး ဘဏ်လုပ်ငန်းဖျက်သိမ်းခြင်းမဟုတ်ကြောင်း ကြေညာသည့် KB Bank Myanmar

ဗဟိုဘဏ်က ဒေါ်လာသုံးသန်း ထပ်မံရောင်းချခဲ့ခြင်း၊ ရန်ကုန်ကိုယ်စားလှယ်ရုံးခွဲကို ဥပဒေအရ ဖျက်သိမ်းခြင်းသာဖြစ်ပြီး ဘဏ်လုပ်ငန်းဖျက်သိမ်းခြင်းမဟုတ်ကြောင်း ကြေညာသည့် KB Bank Myanmar
KB Bank Myanmar ဖွင့်ပွဲကို တွေ့ရစဉ်
KB Bank Myanmar ဖွင့်ပွဲကို တွေ့ရစဉ်
Published 13 June 2021

၂၀၂၁ ခုနှစ် ဇွန် ၇ ရက်တွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်းရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာကျပ် ၁၅၆၀ ဖြစ်သည်။

ဗဟိုဘဏ်က ဒေါ်လာရောင်းချမှုအနေဖြင့် မေ ၁၂ ရက်တွင် နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာခြောက်သန်းရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၆၅၀ ဒသမ ၆ ကျပ်ဖြစ် သည်။

မေ ၁၃ ရက်တွင် နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာခြောက်သန်းရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာ  ၁၆၆၉ ဒသမ၅ ကျပ်ဖြစ်သည်။

မေ ၁၇ ရက်တွင် နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်းရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၆၆၅ ကျပ်၊မေ ၁၈ ရက်တွင် ဒေါ်လာသုံးသန်းရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၆၆၅ ကျပ်ဖြစ်သည်။

မေ ၂၀ ရက်တွင် နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်းရောင်းချခဲ့မှုတွင် လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ၁၆၅၃ ကျပ်ဖြစ်သည်။

မေ ၂၈ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖြင့် ဒေါ်လာသုံးသန်းရောင်းချခဲ့မှုတွင် လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ကျပ် ၁၅၈၀ ဖြစ်သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ် ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေ စျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

KB Bank Myanmar က ရန်ကုန် ကိုယ်စားလှယ်ရုံးခွဲကို ဥပဒေအရ ဖျက်သိမ်းခြင်းသာဖြစ်ကြောင်း ထုတ်ပြန်

Kookmin Bank Company Ltd (Yangon Representative Office) အား ဖျက်သိမ်းခြင်းကြေညာချက်မှာ “KB Bank Myanmar Ltd” ဖြင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ထုတ်ပေးပြီးနောက် ယခင်ကဖွင့်လှစ်ထားရှိသော Kookmin Bank Company Ltd (Yangon Representative Office) ကိုယ်စားလှယ်ရုံးခွဲအား ဥပဒေအရ ဖျက်သိမ်းခြင်းသာဖြစ်ပြီး ဘဏ်ဖျက်သိမ်းခြင်းလုံးဝမဟုတ်ကြောင်း KB Bank Myanmar Ltd က ကြေညာချက်ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် မတ် ၄ ရက်တွင် မိခင်ကုမ္ပဏီ (Kookmin Bank Co.,Ltd) ၏ ကုမ္ပဏီရုံးခန်း၌ ကုမ္ပဏီရုံးချုပ်ရှိ CEO က လက်မှတ်ရေးထိုး အတည်ပြုထားသော အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ Kookmin Bank Company Limited (Yangon Representative Office) အား ၄ ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် စီးပွားရေးလုပ်ငန်းရပ်စဲရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရေးနှင့် စီးပွားရေးလုပ်ငန်းရပ်စဲရာတွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဆုပြည့်စုံအား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားကြောင်း၊ထို့ပြင် ၂၀၂၁ ခုနှစ် မေ ၂၃ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်စီးပွားရေးလုပ်ငန်း ရပ်စဲခြင်းခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်သည်။

သို့ဖြစ်ရာ ကုမ္ပဏီမှရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ဒေါ်ဆုပြည့်စုံထံတောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ဘဏ်လုပ်ငန်းကဏ္ဍမှ အထောက်အကူပြုနိုင်စေရန်နှင့် ငွေရေးကြေးရေးအရင်းအမြစ်များ ပိုမိုရရှိစေရန်အတွက် နိုင်ငံခြားဘဏ်ရွေးချယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် တတိယအကြိမ်နိုင်ငံခြားဘဏ် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်တွင် နိုင်ငံခြားဘဏ် ခုနစ်ဘဏ်ကို ရွေးချယ်၍ ကနဦးအတည်ပြုချက် ထုတ်ပြန်ခဲ့သည်။

ယင်းဘဏ်များအနက် ကိုရီးယားသမ္မတနိုင်ငံမှ KB Kookmin Bank သည် KB Bank Myanmar Ltd. အမည်ဖြင့် လက်အောက်ခံဘဏ် ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များ ပြည့်စုံအောင် ဆောင်ရွက်ပြီးဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၆၈ နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်းဘဏ်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်သည့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် ဘဏ်လုပ်ငန်းလိုင်စင်ကို  ၂၀၂၀  ပြည့်နှစ် ဒီဇင်ဘာ၂၃ ရက်တွင် ထုတ်ပေးခဲ့သည်။

KB Bank Myanmar Ltd. သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင် လုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး လက်အောက်ခံဘဏ်အနေဖြင့် လက်လီဘဏ်လုပ်ငန်း အပါအဝင် ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းများကို ပြည်တွင်းဘဏ်များနည်းတူ ဆောင်ရွက်နိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ငွေရေးကြေးရေးကဏ္ဍတွင် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာအသစ်များနှင့်အတူ ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

KB Bank Myanmar သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကတည်းက နိုင်ငံခြားလက်အောက်ခံ (Foreign Bank Subsidiary) လုပ်ငန်းလိုင်စင်ရရှိခဲပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်မှစတင်ပြီး ဘဏ်တည်ရှိရာ အမှတ် ၁၀၄၊ တက္ကသိုလ်ရိပ်သာလမ်း၊ကမာရွတ်မြို့နယ်တွင် လက်ရှိအချိန်အထိ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်နှစ်ကာလတူထက် တင်ပို့မှုလျော့ကျခဲ့သည့် ပို့ကုန်အချို့

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၂ ဘီလျံနီးပါးသာရရှိထားပြီး ယခင်ကာလတူထက် ဝင်ငွေရရှိမှု ရာခိုင်နှုန်း ၂၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၁၉၃ ဘီလျံရရှိထားသည်။

ယခင်နှစ်ကာလတူတွင် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၇၁၈ ဘီလျံအထိရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါကဝင်ငွေရရှိမှု ဒေါ်လာ ၅၂၄ ဒသမ ၄၃၃ သန်းလျော့ကျခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၂၀ ကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၄ သန်းကျော်သာ တင်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ငါးသိန်းကျော် လျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာ သန်း ၃၀ နီးပါးလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ရှစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုတန်ချိန် ၁ ဒသမ ၄၃၈ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၄၆ ဒသမ ၆၂၁ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင်နှစ်ကာလတူတွင် ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၉၅၈ သန်းတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၅၇၆ ဒသမ ၂၈ သန်း အထိရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၅၂၀၅၆၅ တန်လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၉ ဒသမ ၆၅၉ သန်းလျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ဆန်တင်ပို့မှုမှာ တန်ချိန်ရှစ်သိန်းနှစ်သောင်းကျော်ရှိပြီး  ဝင်ငွေဒေါ်လာ ၃၃၅ သန်းရရှိခဲ့သည်။ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းခွဲနီးပါးလျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၆၁ သန်း ကျော်လျော့ကျခဲ့သည်။

ဆန်ကွဲတင်ပို့မှုမှာ တန်ချိန်ခြောက်သိန်းတစ်သောင်းကျော်ရှိပြီး ဝင်ငွေဒေါ်လာ ၂၁၁ သန်းကျော် ရရှိထားသည်။ ယခင်နှစ်ကာလတူထက် တန်ချိန်ခုနစ်သောင်းကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာ ၃၁ သန်းကျော် ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ တစ်ဘီလျံကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ရှစ်လခန့်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၃၈၉ ဘီလျံသာ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ဝင်ငွေ ဒေါ်လာ ၂  ဒသမ ၄၀၆ ဘီလျံရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ သဘာဓာတ်ငွေ့တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ကြည့်ပါက ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၁၇ ဘီလျံလျော့ကျခဲ့သည်။

ထို့ပြင် ရှစ်လခန့်တွင် ပြည်ပသို့ပို့ကုန်တင်ပို့မှုအနေဖြင့် ယခင်နှစ်ကာလတူထက် လျော့ကျနေသည်။

Most Read

Most Recent