၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွက် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ ဒသမ ၆၁ ရာခိုင်နှုန်းရှိကြောင်း ငွေကြေးဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ငွေကြေးဖောင်းပွမှုနှုန်း ဆက်တိုက်ပြန်လည် ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားသည်။
ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီတို့တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအထိ တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၃၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ ပြည့်နှစ် မတ်လ၌ မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားလာချိန်မှစ၍ အိမ်ထောင်စုများ၏ သုံးစွဲမှု လျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ၁ ဒသမ ၅၁ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့သည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နှစ်ပျမ်းမျှ ၂ ဒသမ ၆၁ ရာခိုင်နှုန်း ရှိ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ တစ်နှစ်ပျမ်းမျှ ၃ ဒသမ ၁၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၅၇ ရာခိုင်နှုန်း လျော့နည်းလာကြောင်း တွေ့ရှိရသည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ မြန်မာနိုင်ငံ၌ COVID-19 သက်ရောက်မှုကြောင့် ပြည်သူများ သုံးစွဲမှုကျဆင်းပြီး စားသုံးသူစျေးဆနှုန်းမှာ တိုးနှုန်း အရှိန်လျော့နည်းလာရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ ဒသမ ၆၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး သုံးမြို့၏ စားသုံးသူစျေးဆနှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၆ ဒသမ ၄၉ ရာခိုင်နှုန်းဖြင့် ပထမ အမြင့်ဆုံး၊ ပြည်ထောင်စုနယ်မြေတွင် ၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး၊ ကရင်ပြည်နယ်တွင် ၄ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး အသီးသီးဖြစ်ပေါ်လျက်ရှိသည်။
နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် -၁ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။










