ရီးမီးယားလိဂ်ကလပ်အသင်းများသည် ပြီးခဲ့သည့်ရက်ပိုင်းက ယခုနွေရာသီတွင် စာချုပ်သစ်ချုပ် ဆိုခြင်းမပြုဘဲ လမ်းခွဲမည့် ကစားသမားများအမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ကြပြီး ယင်းထဲတွင် နာမည်ကြီးကစားသမားများဖြစ်သည့် ဒေးဗစ်လူးဝစ်ဇ် (အာဆင်နယ်)၊ ရိုမဲရိုး (မန်ယူ)၊ ဒန်နီရို့စ် (စပါး)၊ ကာဘယ်လာရို (ချယ်လ်ဆီး)၊ အဂွဲရိုး၊ ဖာနန်ဒင်ဟို (မန်စီးတီး)အစရှိသည့်ကစားသမားများပါဝင်ခဲ့ကြောင်း သိရှိရသည်။
ယခုနွေရာသီတွင် လက်ရှိအသင်းမှကစားသမားများနှင့် အရေအတွက်အများဆုံးလမ်းခွဲသည့်အသင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းဖြစ်ပြီး ကစားသမား(၂၂)ဦးနှင့် လမ်းခွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်အသင်း လမ်းခွဲမည့်ကစားသမားများထဲတွင် ဂယ်ရီကာဟေးလ်၊ ကလိုင်း၊ ဗန်အန်ဟော့၊ တောင်ဆန်၊ ဆာခိုအစရှိသော ပရီးမီးယားလိဂ်နာမည်ကြီးကစားသမားများ ပါဝင်နေသည်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းမှာ အဂွဲရိုး၊ ဖာနန်ဒင်ဟို အဲရစ်ဂါစီယာအစရှိသော ကစားသမားများအပါအဝင် ကစားသမား(၇)ဦးနှင့် လမ်းခွဲမည်ဖြစ်ပြီး၊ မန်ယူအသင်းမှာလည်း အာဂျင်တီးနားဂိုးသမား ရိုမဲရိုး၊ ပေါ်တူဂီဂိုးသမား ဂျိုယဲလ်ပယ်ရဲရားအပါအဝင် ကစားသမား(၇)ဦးနှင့် လမ်းခွဲမည်ဖြစ်သည်။
ချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းမှာ ဗန်ဂင်ကယ်လ်၊ ကာဘယ်လာရိုအစရှိသူတို့အပါအဝင် ကစားသမား (၇)ဦးနှင့် လမ်းခွဲမည်ဖြစ်ပြီး၊ ချယ်လ်ဆီးအသင်းတွင် (၈)နှစ်အတွင်း ပြိုင်ပွဲစုံ(၄)ပွဲသာကစားခဲ့ရသည့် နယ်သာလန်ကွင်းလယ်လူ ဗန်ဂင်ကယ်လ်မှာ နောက်ဆုံးတွင် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲချိန်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
အာဆင်နယ်အသင်းမှာ ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်၊ နိုင်ဂျီးရီးယားကွင်းလယ်လူ ဂျိုးဆပ်အိုလိုဝူ (၂)ဦးနှင့်သာ လမ်းခွဲခဲ့ပြီး လီဗာပူးလ်အသင်းမှာလည်း နာမည်ကျော်ကြားခြင်းမရှိသည့် ကစားသမား (၄)ဦးနှင့်သာ လမ်းခွဲခဲ့သည်။
စပါးအသင်းမှာမူ အင်္ဂလန်ဝါရင့်နောက်ခံလူ ဒန်နီရို့စ်အပါအဝင် ကစားသမား (၉)ဦးနှင့် လမ်းခွဲခဲ့ကြောင်းသိရှိရသည်။
အဲဗာတန်အသင်းလမ်းခွဲခဲ့သော ကစားသမား(၁၀)ဦးထဲတွင် ဝေါလ်ကော့၊ ဘိုလာဆီ၊ ဂျိုရှူအာကင်း ကဲ့သို့သော နာမည်ကြီးကစားသမားများ ပါဝင်နေကြောင်း သိရှိရသည်။















