ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ ခုနစ်ခုအထိရှိလာပြီး အများပိုင်ကုမ္ပဏီငယ်များ ဝင်ရောက်နိုင်ရန် Pre-Listing Board တစ်ခုထူထောင်ရန် ဆောင်ရွက်

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ ခုနစ်ခုအထိရှိလာပြီး အများပိုင်ကုမ္ပဏီငယ်များ ဝင်ရောက်နိုင်ရန် Pre-Listing Board တစ်ခုထူထောင်ရန် ဆောင်ရွက်
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာအရောင်းအဝယ်ပြုလုပ်နေမှုကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာအရောင်းအဝယ်ပြုလုပ်နေမှုကို တွေ့ရစဉ်
Published 6 June 2021

ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီငယ်များ ဝင်ရောက်နိုင်ရန် Pre-Listing Board တစ်ခုထူထောင်ရန် ဆောင်ရွက်လျက်ရှိ

ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီငယ်များ ဝင်ရောက်လာနိုင်စေရန် Pre-Listing Board တစ်ခုကို ထူထောင်နိုင်ရန်လည်း သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အများပြည်သူ အလွယ်တကူ ရင်းနှီးမြှုပ်နှံမှုပြုနိုင်ရန် အွန်လိုင်းမှ တစ်ဆင့် Securities Account ဖွင့်လှစ်၍ အရောင်းအဝယ် ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက်တွင် နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမှုကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံခြားသားများလည်း ပါဝင်ရင်းနှီး မြှုပ်နှံလျက်ရှိသည်။

ထို့ပြင် ကော်မရှင်သည် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများနှင့် အစုရှယ်ယာရှင် ၁၀၀ အထက်ရှိသည့် အများပိုင်ကုမ္ပဏီများ လိုက်နာရမည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ကြော်ငြာစာကိုလည်း ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက်သည် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က စျေးကွက်ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျထိန်းကျောင်းထားရှိသည့်အတွက် ပြည်သူများအနေဖြင့် ယုံကြည့်စိတ်ချစွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် စျေးကွက်တစ်ခုဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းကို  နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံဒိုင်ဝါ သုတေသနအဖွဲ့၊ တိုကျိုစတော့အိတ်ချိန်းတို့က ဖက်စပ်တည်ထောင်ထားခြင်းဖြစ်ပြီး လက်ရှိအထိ မတည်ရင်းနှီးငွေ ကျပ် ၃၂ ဘီလျံ၊ စတော့ရှယ်ယာကုန်သွယ်မှုတန်ဖိုး ကျပ်ဘီလျံ ၁၆၀ ရှိကြောင်း သိရသည်။

လက်ရှိရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် First Myanmar Investment Public Co.,Ltd (FMI) ၊ Myanmar Thilwa SEZ Holdings Public Co., (MTSH) ၊ Myanmar Citizens Bank Ltd. (MCB) ၊ First Private Bank Ltd. (FPB) ၊ TMH Telecom Public Co.,Ltd (TMH) ၊ Ever Flow River Group Public Co.,Ltd (EFR) ၊ Amata Holding Public Co.,Ltd စသည့် ကုမ္ပဏီ ခုနစ်ခု၏ အစုရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်နေခြင်း ဖြစ်သည်။

ဇွန်လ ၃ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာစျေးနှုန်းများမှာ  ရှယ်ယာတစ်ခုလျှင် First Myanmar Investment Public Co.,Ltd (FMI)  ကျပ် ၉၀၀၀ ၊ Myanmar Thilwa SEZ Holdings Public Co., (MTSH) ရှယ်ယာတစ်ခုလျှင် ကျပ် ၃၅၀၀ ၊ Myanmar Citizens Bank Ltd. (MCB) ရှယ်ယာတစ်ခုလျှင် ကျပ် ၇၈၀၀ ၊ First Private Bank Ltd. (FPB) ရှယ်ယာတစ်ခုလျှင် ကျပ် ၁၉၅၀၀ ၊ TMH Telecom Public Co.,Ltd (TMH) ရှယ်ယာတစ်ခုလျှင် ကျပ် ၂၈၅၀ ၊ Ever Flow River Group Public Co.,Ltd (EFR) ရှယ်ယာတစ်ခုလျှင် ကျပ် ၂၉၅၀ ၊ Amata Holding Public Co.,Ltd ရှယ်ယာတစ်ခုလျှင် ကျပ် ၄၆၀၀ အသီးသီးရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဘဏ်ချေးငွေများ ပြန်ပေးသွင်းကြရန် ထုတ်ပြန်

ဘဏ်ချေးငွေများကို အချိန်မီ ပြန်လည်ပေးသွင်းကြရန်နှင့် ချေးငွေများကို ငွေသားဖြင့်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့် လည်းကောင်း၊ စာရင်းရှင်းနည်းဖြင့်လည်းကောင်း ပေးဆပ်နိုင်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်ထားသည်။

အပ်ငွေအသစ် စာရင်းရှင်အပ်ငွေစာရင်းတွင် ကနဦးအပ်နှံငွေကို အနည်းဆုံး ကျပ် ၁၀၀၀၀ မှ ကျပ်သိန်း ၁၀၀ အတွင်း ငွေသားဖြင့်ထည့်သွင်း၍ စာရင်းဖွင့်နိုင်ခြင်း အပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ထုတ်ပြန်ထားသည်။

စာရင်းရှင်အပ်ငွေစာရင်း (Current Account) တွင် ကနဦးအပ်ငွေ အနည်းဆုံး ကျပ် ၁၀၀၀၀ မှ ကျပ်သိန်း ၁၀၀ အတွင်း ငွေသားဖြင့် ထည့်သွင်း၍စာရင်းဖွင့်နိုင်သည်။ ဘဏ်တစ်ခုနှင့်တစ်ခု မတူညီနိုင်ကြောင်းနှင့် ဘဏ်တစ်ခုချင်းအလိုက် အတိုးနှုန်းအတိုးအလျော့ ရှိနိုင်သည်။

ငွေပေးသွင်းမှုကိုငွေသားဖြင့် ပေးသွင်းနိုင်ခြင်း၊ ငွေထုတ်ယူရာတွင် ချက်လက်မှတ်အသုံးပြု၍ (ငွေသားဖြင့်စာရင်းပြောင်း ၊ စာရင်းရှင်း (CBM Net, Digital Payment, Any Channel)တို့ဖြင့် ဆောင်ရွက်နိုင်သည်။

ခေါ်ယူအပ်ငွေစာရင်း Call Deposit တွင် ကနဦးအပ်ငွေ အနည်းဆုံးကျပ် ၁၀၀၀၀ မှ ကျပ်သိန်း ၁၀၀ အတွင်း ငွေသားဖြင့်ထည့်သွင်း၍ စာရင်းဖွင့်နိုင်ကြောင်းနှင့် ဘဏ်တစ်ခုချင်းအလိုက် အတိုးနှုန်းအတိုးအလျော့ ရှိနိုင်သည်။ငွေပေးသွင်းမှုကို ငွေသားဖြင့်ပေးသွင်းနိုင်ခြင်း၊ငွေထုတ်ယူရာတွင် ချက်လက်မှတ်အသုံးပြု၍ (ငွေသားဖြင့် စာရင်းပြောင်း၊စာရင်းရှင်း CBM Net, Digital Payment, Any Channel) တို့ဖြင့် ဆောင်ရွက်နိုင်သည်။

ချေးငွေအရင်း/အတိုးပေးဆပ်ခြင်းတွင် ဘဏ်များမှချေးယူထားခဲ့သည့် ချေးငွေအရင်း/အတိုးတို့ကို ငွေသားဖြင့်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့် လည်းကောင်း၊စာရင်းရှင်းနည်းဖြင့် လည်းကောင်း၊ လွတ်လပ်စွာပေးဆပ်နိုင်ကြောင်း၊လက်ရှိအချိန်တွင် ဘဏ်များသို့ယုံကြည်စွာဖြင့် အပ်နှံထားသည့်ငွေများကို ပြန်လည်ထုတ်ပေးရာတွင် အဆင်ပြေစွာလည်ပတ်စေရန်အတွက် ဘဏ်များကထုတ်ချေးထားသော ချေးငွေများကို သက်တမ်းစေ့ရောက်ချိန်အမီ ပြန်လည်ပေးသွင်းကြရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင်အပ်ငွေစာရင်းဟောင်းများ၊ငွေပေးအမိန့်လွှာ (Payment Order-PO) ရောင်းချပေးခြင်း၊ ဘဏ်အာမခံစာတမ်း (Bank Guarantee-BG) ထုတ်ပေးခြင်း၊ ငွေလွှဲခြင်းနှင့် TT/LC ဝန်ဆောင်မှုများ၊ စသည်တို့နှင့် ပတ်သက်၍လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေသားအသုံးပြုမှုလျှော့ချပြီး Digital နည်းလမ်းများဖြင့် ငွေပေးချေသည့်စနစ် ဆောင်ရွက်လျက်ရှိ

အများပြည်သူ၏ နေ့စဉ်ငွေပေးချေမှုများတွင် ငွေသားအသုံးပြုမှုလျှော့ချပြီး Digital နည်းလမ်းများဖြင့် ငွေပေးချေမှုစနစ် ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရေးဆွဲထားသည့် အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ပါ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို စနစ်တကျအကောင်အထည် ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားငွေပေးချေမှုအား အီလက်ထရွန်နစ်ငွေပေးချေမှု နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ၏ နေ့စဉ်ငွေပေးချေမှုများတွင် ငွေသားအသုံးပြုမှုလျှော့ချပြီး၊ Digital နည်းလမ်းများဖြင့် ထိထိရောက်ရောက် အသုံးချသည့်ငွေပေးချေမှုစနစ် ဖြစ်ရေးအတွက် နိုင်ငံတော်အဆင့်မှ ကြီးကြပ်ဖော်ဆောင်ရန်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ငွေပေးချေမှု Platform တစ်ခုဖြစ်သော CBM Net System နှင့် ပတ်သက်၍ ဘဏ်အချင်းချင်းသာမကသုံးစွဲသူ (Customer) တစ်ဦးချင်းအကြား နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်သော ငွေလွှဲပြောင်းပေးချေမှုစနစ်၊ နိုင်ငံတော်ပိုင်းမှ CBM-Net System အခြေခံ၍ အခွန်ပေးချေနိုင်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေ၊ Mobile Financial Service Provider များဖြစ်သော Wave Money ၊ OK Dollar ၊ MPT ၊Ooredoo ၊ Mytel တို့၏ Digital Payment Platform များဖြင့် မီတာဘေလ်၊ ရေခွန်၊ မြေခွန်နှင့် အခြားအခွန်းအခများ ပေးချေဆောင်ရွက်နေမှုများ ထပ်မံတိုးချဲ့ဆောင်ရွက်မည့် MMQP စနစ် ပိုမိုအသုံးပြုလာနိုင်ရေးနှင့် လက်ရှိအခက်ခဲများကို ဆွေးနွေးလျက်ရှိသည်ဟု သိရသည်။

အဆိုပါ Digital ငွေပေးချေမှု စနစ်များအတွက် ပံ့ပိုးရမည့်အချက်များကို သက်ဆိုင်ရာဌာနများ အထူးသဖြင့်အခွန်အခနှင့် ဆောင်ရွက်ခများကို လျှော့ချရေး Retail နှင့် Wholesale များအတွက် Digital Sale များကို ပိုမိုလက်ခံအသုံးပြုလာစေရန် နိုင်ငံတော်ပိုင်းနှင့် ပုဂ္ဂလိကပိုင်းမှ ပံ့ပိုးဆောင်ရွက်မှုရရှိရေး၊ Cheque Truncation System များ ပုံမှန်အသုံးပြုလာရေး၊ ငွေပေးချေမှုစနစ်များအား လုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ရေးနှင့် တရားမဝင်ငွေပေးချေမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား နိုင်ငံတော်၏ ငွေပေးချေမှုစနစ်အောက်တွင် ပါဝင်လာစေရေးတို့အတွက် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အကြုံပြုဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များကတင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters ၏ လေလံအရောင်းအဝယ်စနစ် Real Time Dealing Platform) ကိုအသုံးပြု၍ ဗဟိုဘဏ်ကဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။

Most Read

Most Recent