မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အမြန်ဆုံး ခန့်အပ်ရန် အာဆီယံကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အမြန်ဆုံး ခန့်အပ်ရန် အာဆီယံကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
Published 2 June 2021
Ref: Reuters

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် နေရာကို အမြန်ဆုံး ခန့်အပ်ရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဇွန် ၂ ရက်တွင် အာဆီယံနိုင်ငံများကို တောင်းဆိုလိုက်သည်။

“အထူးကိုယ်စားလှယ် ခန့်အပ်ရေးကို အမြန်ဆုံး လုပ်ကို လုပ်ဆောင်ရပါမယ်။ သက်ဆိုင်ရာဘက်အားလုံးနဲ့ ဆက်သွယ် ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဆောင်ရမယ်”ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြို့တော် ဂျာကာတာ၌ ပြုလုပ်သည့် ဗီဒီယိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်၊  ပြည်သူများ၏ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရှင်သန်လာစေရန် ကျယ်ပြန့်သည့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အားပေး တိုက်တွန်းရမည်ဟုလည်း ရတ်နိုမာဆူဒီက ပြောကြားသည်။

သံတမန် သတင်းရင်းမြစ် လေးဦးကို ကိုးကားပြီး ရိုက်တာသတင်း၏ ဖော်ပြချက်အရ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် နေရာအတွက် အသင့်တော်ဆုံး ဖြစ်မည့်သူ သို့မဟုတ် သင့်တော်မည့်သူများ၊ ယင်းကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့် တာဝန်များနှင့် တာဝန်သက်တမ်း စသည့် အချက်များကို အာဆီယံနိုင်ငံများအကြား သဘောထားကွဲလွဲမှု ရှိနေကြောင်း သိရသည်။

ကိုယ်စားလှယ်ကိစ္စနှင့် ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ပြီးခဲ့သည့်လတွင်  အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ ပေးခဲ့သည့် အဆိုပြုချက်စာထဲတွင် အထူးကိုယ်စားလှယ်က ယခုနှစ်အတွက်သာ တာဝန်ယူရန်၊ လာမည့်နှစ်တွင် ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည့်အတွက် ကိုယ်စားလှယ်နေရာကို ပြန်ပြီး သုံးသပ်ရန် အဆိုပြုထားကြောင်း စာထဲပါ အကြောင်းအရာများကို သိရှိထားသည့် သတင်းရင်းမြစ် သုံးဦးက ပြောကြားသည်။

၎င်းသံတမန် သတင်းရင်းမြစ်များ၏ အဆိုအရ အာဆီယံ၏ အရေးအကြီးဆုံး အဖွဲ့ဝင် နှစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် အထူးကိုယ်စားလှယ် ခန့်မည့်ကိစ္စတွင် အမြင်ကွဲပြားမှုများ ရှိနေသည်။ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရန် ကိုယ်စားလှယ် တစ်ဦးတည်းသာ အင်ဒိုနီးရှားက ခန့်အပ်စေလိုပြီး ထိုင်းနိုင်ငံကမူ ကိုယ်စားလှယ်အချို့ ခန့်အပ်ရန် တိုက်တွန်းထားသည်။ 

ဧပြီလ နှောင်းပိုင်းက ထွက်ခဲ့သည့် သတင်းများတွင် မြန်မာနိုင်ငံအတွက် ခန့်အပ်မည့် အာဆီယံ အထူးကိုယ်စားလှယ်နေရာအတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟက်ဆန်ဝီရာဂျူဒါကို အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အဆိုပြုရန် စဉ်းစားထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဧပြီ ၂၄ ရက်က ဂျကာတာ၌ ပြုလုပ်သည့် မြန်မာ့အရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ ရလာသည့် ဘုံသဘောတူညီချက် ငါးချက်အရ အာဆီယံ အထူးကိုယ်စားလှယ်သည် အာဆီယံ အတွင်းရေးမှူးချုပ် လင်ဂျော့ခ်ဟွိုင်၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ ညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းစဉ်တွင် ကြားဝင် စေ့စပ်ပေးရမည် ဖြစ်သည်။

Ref: Reuters

Most Read

Most Recent