ကျင့်ဝတ်

ကျင့်ဝတ်
Published 2 June 2021
ဒေါက်တာခင်မောင်ညို

(၁)

ကျွန်တော့်သမီးက အိမ်ရှေ့မှာ ဆိုင်လေးဖွင့်တယ်။ နှာခေါင်းစည်း (Face Mask) နဲ့ စာအုပ်အချို့ကို ရောင်းတာပါပဲ။ ကိုဗစ်စဖြစ်ကတည်းက သူရဲ့စာအုပ်ဆိုင်ကို ဖြုတ်လိုက်ရတယ်။ ဒီတော့ စားအိုးအတွက် တစ်ခုခုတော့လုပ်မှပဲဆိုပြီး အိမ်ရှေ့သစ်ပင်အောက်မှာပဲ ဆိုင်ရောင်းတာပါ။

ညနေဘက် ဆိုင်သိမ်းကာနီးမှ သူ့သမီးလေး ဖူးဖူးက သူ့ဆိုင်ကြည့်ပြီးပြောတယ်။ “Mother I like your shop” တဲ့။ အမေ့ဆိုင်ကိုသဘောကျတယ်ပေါ့။ သူသမီးလေး (ကျွန်တော်မြေးလေးပေါ့) ဟာ အစိုးရကျောင်းမှာ သူငယ်တန်းတစ်နှစ်ပဲ တက်ရသေးပေမဲ့ အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောတတ်နေတယ်။

“ကျောင်းတွေပိတ်ထားတော့ သူ့ဘာသာသူ Youtube က ကာတွန်းကားတွေ ကြည့်ပြီး တတ်တာပါ” လို့ ပြောလည်း အခြားသူတွေက မယုံကြပါဘူး။ ကျူရှင်ထားတယ်ပဲ ထင်ကြတယ်။ ထားပါတော့။ အခုလည်း သူက ဆိုင်ရှေ့ လာပြောနေပြန်တယ်၊

“Mother I like your shop”

သူ့အမေက “အေးအေး” လို့ပြောတော့ သူက ဒါဆိုအမေက “Thank You” မယ်လေတဲ့။ ဒီတော့မှ သူ့အမေက “ Thank You” လို့ပြောလိုက်ပါတယ်။ ဒီအခါ မြေးလေးက “It if the Ethics” လို့ပြောပါတယ်။ ဒါဟာ ကျင့်ဝတ်သိက္ခာပဲလို့ အဓိပ္ပာယ်ရပါတယ်။ ခုနစ်နှစ်သမီးလေးက ethics လို့ပြောတတ်တာကို ချီးမွမ်းလိုက ချီးမွမ်းလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်သမီးက မြေးလေးအကြောင်းပြောပြတော့ ethics အကြောင်း ရေးချင်လာပါတယ်။

ပြီးတော့ ဆရာတော်ဦးပညာသာမိ (ဥထ်သမိ ဆရာတော်) ရဲ့ တရားကိုလည်း သတိရနေလို့ ဒီဆောင်းပါးကို ရေးဖြစ်တာပါပဲ။

(၂)

လူတွေမှာ သီလတွေရှိကြပါတယ်။ ဘာသာတိုင်းမှာ စောင့်ထိန်းရတဲ့သီလတွေ ရှိတယ်။ ဒီသီလတွေဟာ ကျင့်ဝတ်သိက္ခာနဲ့ နေထိုင်တတ်အောင် လူပီသစေဖို့ ပြဋ္ဌာန်းထားတာဖြစ်တယ်။ ဒါပေမဲ့ အစိုးရတွေအနေနဲ့ လူအများ ထိခိုက်နစ်နာမှုမရှိအောင်  ဥပဒေတွေပြဋ္ဌာန်းရတာတွေရှိတယ်။

ဥပမာ ဆိုင်ကယ်စီးတဲ့အခါ ဦးထုပ်ဆောင်းရမယ် ဆိုတာမျိုးပေါ့။ အစိုးရတွေအနေနဲ့ ဒီလိုပြဋ္ဌာန်းချက်တွေကို ပြုလုပ်တဲ့အခါ အခက်အခဲများစွာ တွေ့ရတယ်။ ၁၉၇၃ ခုနှစ် ကျွန်တော်အင်္ဂလန်ရောက်နေစဉ်က ဆိုင်ကယ်စီးသူများ ဦးထုပ် (Safety Helmet) ဆောင်းရမယ်လို့ ပြဋ္ဌာန်းတယ်။ ပေါင် ၅၀ ဒဏ်ရိုက်မယ်တဲ့။

မဆောင်းပါက ဒီပြဋ္ဌာန်းချက်ကြောင့် လူအများ ဆိုင်ကယ်စီးတဲ့အခါ ဦးထုပ် ဆောင်းကြပါတယ်။ ဒါပေမဲ့ ပန်ချာဘီ (ဆစ်လူမျိုး) တွေကတော့ သူတို့ခေါင်းမှာ ခေါင်းပေါင်း (ပေါင်းထုပ်) ကလွဲရင် ဘာမှမတင်နိုင်ဘူးဆိုပြီး ဆိုင်ကယ်စီးတဲ့အခါ ဦးထုပ် မဆောင်းဘူး၊ ဒီတော့ဖမ်းတယ်။ ပထမတစ်ခါ ဒဏ်ငွေ ပေါင် ၅၀။ ဒုတိယအကြိမ် ဒဏ်ငွေ ပေါင် ၁၀၀ .. ဆတိုးကောက်ခဲ့ပါတယ်။ နောက်ဆုံးပေါင်းထုပ်သမားတွေ လက်လျှော့သွားတယ်။

ဘာကြောင့် ဦးထုပ်ဆောင်းခိုင်းတာလဲ။ လူတွေကို အသိပညာပေးတယ်။ ဦးထုပ်မဆောင်းရင် သေလောက်တဲ့ဒဏ်ရာရမယ်။ မိသားစုဆုံးရှုံးမယ်။ တိုင်းပြည်က ဆုံးရှုံးမှာပေါ့။ ဒီအတိုင်းပဲ အင်္ဂလန်မှာ ၁၉၈၀ ခုနှစ်လောက်က ကားစီးရင် ခါးပတ်ပတ်ဖို့ ဥပဒေ ပြဋ္ဌာန်းတယ်။ မပတ်ရင် ဒဏ်ငွေ ပေါင် ၅၀ ပါ။ လူတိုင်း ခါးပတ်ပတ်ကြတယ်။ အင်္ဂလိပ်တွေ ဥပဒေနဲ့ထိန်းတာ တယ်တော်ပါလားလို့ ချီးမွမ်းမိတယ်။ ဒါပေမဲ့ အမှိုက်ကိစ္စကျတော့ အတော်ခက်တယ်။

အမှိုက်ကို တွေ့ကရာနေရာမှာ မပစ်ရပါဘူး။ ဒါက ethics ပဲမဟုတ်လား။ ရေမြောင်းထဲ အမှိုက်ပစ်ရင် ရေမြောင်းတွေ ပိတ်ဆို့ကုန်တယ်။ မိုးတွင်းဘက် ရေလျှံမယ်။  ခြင်တွေပေါက်ကာ ရောဂါရတာပဲပေါ့။ ဒါပေမဲ့ အင်္ဂလန်မှာ နှစ်စဉ် သန်းပေါင်းများစွာ သော ပလတ်စတစ်ပုလင်းတွေကို မြောင်းတွေထဲကနေ ထွက်လာတယ်လို့ ဆိုထားတယ်။ ပင်လယ်ထဲမှာလည်း ပလတ်စတစ်အမှိုက်တွေ အလွန်အမင်း များနေပါတယ်။

ဒီတော့ လူတွေရဲ့ ကျင့်ဝတ်သိက္ခာ (ethics) ကို ပညာပေးဖို့ အင်မတန်မှ အရေးပါတယ်။

(၃)

ဟောပြောပွဲတွေ အတော်များများရှိတဲ့ ကာလက ကျွန်တော် မြစ်ဝကျွန်းပေါ်က မြို့လေးရွာလေးတွေကို ဟောပြောဖို့ရောက်ပါတယ်။ တစ်မြို့မှာ ရေးထားတယ်။ “သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေရန် မြစ်ထဲ အမှိုက်စွန့်ပစ်ခြင်းမပြုရ” တဲ့။ ကြိုဆိုမိပါတယ်။

ဒါပေမဲ့ ညနေဘက်လမ်းလျှောက်ရင်း တစ်နေရာမှာ အမှိုက်ပုံတွေကို တွေ့ရတယ်။ မြစ်ကမ်းနံဘေးမှာပါ။ အဖော်လိုက်လာတဲ့လူက “စည်ပင်က အမှိုက်ပုံတာပါဆရာ” တဲ့။

“အမှိုက်ပုံအရမ်းကြီးလာမှာ မကြောက်ဘူးလား”

“မကြီးလာပါဘူးဆရာ၊ မိုးတွင်းဘက် မြစ်ရေကြီးရင် ဒီနေရာရေရောက်တယ်လေ အားလုံးပါသွားတာပါပဲ” တဲ့။

တကယ်တော့ ပလတ်စတစ် အမှိုက်တွေဟာ နှစ် ၅၀ - ၁၀၀ မပျက်စီးဘူး။ ချောင်းတွေ မြောင်းတွေ လယ်ကွင်းတွေ မြစ်တွေထဲသာမက ပင်လယ်ထဲကိုပါ ရောက်ကုန်တာပါပဲ။ ကိုယ့်လက်ကထွက်ပြီးရောဆိုတာ ethics မဟုတ်ဘူး။

ဆရာတော် ဦးပညာသာမိက “ကန်ထရိုက်က အိမ်တစ်လုံးဆောက်တယ် ဆိုပါစို့။ လိုတဲ့ပုံစံ ဆောက်ပေးလိုက် ခိုင်းတဲ့လက်ထဲ အပ်လိုက်ရင် ကိုယ့်တာဝန်ပြီးသွားပြီလို့ ထင်တာ ethics ကို ဖောက်ဖျက်တာပဲ။ မိမိက ဒီအိမ်အပေါ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ တာဝန်ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်” လို့ ဟောကြားခဲ့ပါတယ်။

ဒီလိုပဲ နယ်ဘက်ကိုသွားတဲ့အခါ လမ်းလုပ်သားတွေကိုမေးဖူးတယ်။

“မင်းတို့ကလည်းတစ်နှစ်လုံး ပြင်နေရတာပါပဲလား”

“ဟုတ်တယ်ဆရာ၊ ကျွန်တော်တို့က တစ်နပ်စားမကြံဘူး”

“ဟေ၊ ဟုတ်လို့လား”

“တစ်သက်လုံးစားဖို့ကြံတာပါ ဟဲဟဲ” တဲ့။

ဒီလိုတာဝန်မဲ့ လုပ်သူတွေအများကြီးရှိတာကို တွေ့ဖူးပါတယ်။ ပုံပြင်ထဲမှာ သူဌေးတစ်ဦးဟာ သူရဲ့လက်သမားဆရာကို ခေါ်တယ်။

“မင်းလည်းအသက်ကြီးလာပြီ။ အခု အိမ်တစ်လုံးဆောက်ပြီးရင် အနားယူပေတော့” ဆိုပြီး အိမ်တစ်လုံး ဆောက်ခိုင်းလိုက်တယ်။

လက်သမားကြီးဟာ အိမ်ဆောက်ပြီးသွားတဲ့အခါ သူဌေးကြီးကို အိမ်ကိုအပ်တယ်။ ဒီအခါ သူဌေးကြီးက ဒီအိမ်က မင်းအတွက်ပဲလေ။ မင်းယူလိုက်တော့” လို့ အိမ်ကို လက်သမားဆရာကြီးအား လက်ဆောင် ပေးလိုက်တယ်။

ဒီတော့မှ လက်သမားဆရာကြီးက စိတ်ထဲက “ငါခိုတာ မှားလေပြီ” လို့ ညည်းလိုက်လေသတဲ့။

(၄)

တကယ်တော့ လူတိုင်း မှန်မှန်ကန်ကန် လုပ်ကြဖို့ ဥပဒေတွေပြဋ္ဌာန်းကာ တတ်နိုင်သမျှ ဥပဒေကို လိုက်နာကြဖို့လည်း ကြိုးပမ်းကြရမှာဖြစ်တယ်။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်မိတဲ့အကြောင်းအရာလေးကို တင်ပြပါမယ်။

တစ်ခါက အမေရိကန်သမ္မတ၊ ဂျပန် ဝန်ကြီးချုပ်နဲ့ ရုရှားသမ္မတတို့ဟာ သူတို့နိုင်ငံက ပြည်သူတွေ ဝင်ငွေထွက်ငွေ သုံးစွဲပုံတွေကို ဆွေးနွေးကြဖို့ သဘောတူကြသတဲ့။

အမေရိကန်သမ္မတက ပြောတယ်။

“ကျွန်တော်တို့နိုင်ငံက ပြည်သူတစ်ဦးဟာ တစ်လကိုပျမ်းမျှ ဒေါ်လာနှစ်ထောင်ရကြတယ်။ စားဝတ်နေရေးအတွက် တစ်လကို ဒေါ်လာတစ်ထောင်လောက်ကုန်ပြီး မော်တော်ကားလိုမျိုး အဝတ်လျှော်စက်လိုမျိုး အိမ်လိုမျိုးအတွက် အရစ်ကျပေးချေငွေ တစ်လကိုဒေါ်လာ ၅၀၀ လောက်ကုန်တယ်။ ကျန်တဲ့ငွေ ဒေါ်လာ ၅၀၀ ကိုတော့ ဘယ်မှာ သုံးစွဲကြတယ်ဆိုတာ ကျွန်တော်တို့မသိကြသေးပါဘူး၊ ဒီအတွက် သုတေသနတွေ လုပ်နေပါတယ်”

ဂျပန်ဝန်ကြီးချုပ်နဲ့ရုရှားသမ္မတတို့ ခေါင်းညိတ်ကြတယ်။

ဂျပန်ဝန်ကြီးချုပ်က ပြောတယ်။

“ခင်ဗျားတို့နားလည်အောင် ယန်းငွေနဲ့ မပြောတော့ဘူး၊ ဒေါ်လာနဲ့ပဲ ပြောပါတော့မယ်။ အမေရိကန်မှာလိုပဲ ကျွန်တော်တို့လည်း အလားတူပြဿနာတွေမျိုး ကြုံနေရပါတယ်။ ဂျပန်တစ်ယောက်ရဲ့ ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၃၀၀၀ လောက်ရှိပါတယ်။ စားဝတ်နေရေးအတွက် ဒေါ်လာ ၁၅၀၀ လောက်သုံးပါတယ်။ ဂျပန်မှာ အိမ်မဝယ်နိုင်ကြပါဘူး၊ ကားလည်းမဝယ်ကြဘူး။ ဒီတော့ အပန်းဖြေခရီးထွက်တဲ့ စရိတ်က ဒေါ်လာ တစ်ထောင်  သုံးပါတယ်”

“အင်း။ ဂျပန်တွေက ပြည်ပခရီး အင်မတန် သွားကြတာကိုး”

“ဟုတ်ပါတယ်ခင်ဗျား။ ဒီတော့ ကျန်တဲ့ဒေါ်လာ ၅၀၀ ကိုသူတို့ ဘယ်မှာသုံးကြလဲဆိုတာ ကျွန်တော်တို့ စဉ်းစားလို့မရဘူး။ ပြည်သူတွေ အကျိုးရှိရှိသုံးနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေကြပါတယ်”

ကျန်တဲ့ သမ္မတနှစ်ဦးက ခေါင်းညိတ်ကြတယ်။

ရုရှားသမ္မတအလှည့်ပါပဲ။

“တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုပြဿနာမျိုးတွေတော့ မရှိပါဘူး”

“တယ်ဟုတ်ပါလား”

အမေရိကန်သမ္မတနဲ့ရုရှားဝန်ကြီးချုပ်တို့က ပြိုင်တူချီးမွမ်းလိုက်ကြတယ်။ ရုရှား သမ္မတဆက်ပြောတယ်။

“ပြည်သူတစ်ယောက်ရဲ့ ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၂၀၀ သာသာပဲရှိတယ်။ သူတို့ တစ်တွေဟာ တစ်လဒေါ်လာ ၅၀၀ ကျော် သုံးနိုင်တဲ့အပြင် အိမ်ကြီးတွေ၊ ကားအကောင်းစားတွေ ဝယ်နိုင်တဲ့သူတွေလည်း အများကြီးပါပဲ။ ဒီငွေတွေကိုသူတို့ ဘယ်လိုရတယ်။ ဘယ်က ရတယ်ဆိုတာ ကျွန်တော်တို့စိတ်မဝင်စားပါဘူး။ သိလည်း မသိချင်ပါဘူး” လို့ ပြောလိုက်လေသတဲ့။

နိဂုံး

ဒီဇာတ်လမ်းကို ကိုဘသစ်ကို ပြောပြ တော့ သူပြုံးပါတယ်။

“ဘာလို့ပြုံးတာလဲ”

“ဒီလိုဗျ။ ကျွန်တော် တာဝန်ထမ်းနေတဲ့ ကာလပေါ့။ အဲဒီအချိန်က ကြက်သားတစ်ပိဿာ ကျပ် ၈၀၀ ဖြစ်နေတယ်။ ကျန်တဲ့ ဆီ၊ ဆန်၊ ဆေး၊ ဆားကလည်း စျေးတွေ ခေါင်ခိုက်နေတယ်။ ဒါပေမဲ့ လစာ ၁၀၀၀ ရတဲ့ အရာရှိငယ်တွေဟာ ဘယ်လိုနေထိုင်စားသောက်ခဲ့တာလဲလို့ တွေးတဲ့သူတွေ ရှိသေးတယ်”

“သူတို့ ဘယ်လိုနေထိုင်စားသောက်ကြတာလဲ ကိုဘသစ်”

“ဟာဗျာ။ ဆရာညိုရယ်။ ဒီကိစ္စတွေကို ကျွန်တော် သိလည်းမသိဘူး။ သိလည်းမသိချင်ဘူး ဟဲဟဲ” တဲ့၊

မြေးလေးတို့ခေတ်မှာ Ethics ကို နားလည်ကြပါစေ။