ယခုသီတင်းပတ်အတွင်း အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေ

ယခုသီတင်းပတ်အတွင်း အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေ
Published 2 June 2021
Ref: Reuters

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေကြောင်း သံတမန်သတင်းရင်းမြစ်လေးဦး၏ အဆိုကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံ အဖွဲ့ကြီးသည် မြန်မာ့အရေးကို တုံ့ပြန်ဖြေရှင်းမည့်ကိစ္စနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ရှိနေဆဲ ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံအချင်းချင်း တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ကြားဝင်မစွက်ဖက်ရေးမူဝါဒအား လက်ကိုင်ပြုသည့် အာဆီယံအဖွဲ့ကြီးသည် လွန်ခဲ့သော လေးလက တပ်မတော်က အာဏာလွှဲပြောင်း ရယူခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏အခြေအနေများကို သံတမန်နည်းလမ်းအရ အဖြေရှာရန် ဦးဆောင်ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

ယခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရီဝမ်ယူဆော့ဖ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ခ်ဟွိုင်တို့သည် ယခုသီတင်းပတ်အတွင်း မြန်မာ့တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံရန်စီစဉ်ထားပြီး အခြားသက်ဆိုင်သူများလည်း ပါဝင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားသည်။

သို့သော်လည်း သွားရေးလာရေးနှင့် သံတမန်ရေးဆိုင်ရာ အခက်အခဲများကြောင့် နောက်ဆုံးအချိန်မှ ယင်းခရီးစဉ်ကို ရွှေ့ဆိုင်းခြင်း၊ ပျက်ပြယ်သွားခြင်းမျိုးလည်း ရှိလာနိုင်ကြောင်း သတင်းရင်းမြစ်များက သတိပေးခဲ့သည်။

၎င်းတို့နှစ်ဦး၏ ခရီးစဉ်အတွင်း ယခင် အရပ်သားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားရန် ရှိ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အာဆီယံပြောခွင့်ရပုဂ္ဂိုလ်နှင့် အာဆီယံဆိုင်ရာ ဘရူနိုင်းကိုယ်စားလှယ် အဖွဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပါ တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ကြောင်း ရိုက်တာသတင်း၌ ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးအတွင်း အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို ကြေညာခဲ့ပြီး သီတင်းပတ် ငါးပတ်ကျော်အကြာတွင်  အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့၏ ခရီးစဉ်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အသင့်တော်ဆုံးဖြစ်မည့်သူကို ရွေးချယ်ရာတွင် အထူးကိုယ်စားလှယ်၏ သက်တမ်း၊ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်း၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသောကြောင့် လက်ရှိအချိန်ထိ ရွေးချယ်ခန့်အပ်ရခြင်း မရှိသေးကြောင်း သိရသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် နှစ်ပတ်လည် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးအတွက် လာမည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ တွေ့ဆုံသွားရန် ရှိနေသည်။ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရေးနှင့်ပတ်သက်ပြီး အမြင်မတူညီမှုများကို ယင်းမတိုင်မီ အဖြေရှာနိုင်ခြင်းမရှိပါက အဆိုပါ ထိပ်သီးအစည်းအဝေး၏ ဘေးဆွယ်တွေ့ဆုံမှုမှာ အပြီးသတ်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် ထုတ်ပြန်ရာ၌ တရုတ်နိုင်ငံက ပြင်းထန်သည့် အသုံးအနှုန်းများကို ကန့်ကွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိနို်င်ငံရေးအခြေအနေသည် ၎င်းတို့ မြင်တွေ့လိုသည့်အခြေအနေမျိုး မဟုတ်ကြောင်း ပြောဆိုထားသည်ဟု သိရသည်။

Most Read

Most Recent