နိုင်ငံရေးပါတီများအား  ပါတီမှတ်ပုံတင်ခြင်းဥပဒေကို လိုက်နာခြင်းရှိ မရှိ စိစစ်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာပေးပို့ထား

နိုင်ငံရေးပါတီများအား  ပါတီမှတ်ပုံတင်ခြင်းဥပဒေကို လိုက်နာခြင်းရှိ မရှိ စိစစ်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာပေးပို့ထား
မေလ ၂၁ ရက်က နေပြည်တော်တွင် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
မေလ ၂၁ ရက်က နေပြည်တော်တွင် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
Published 2 June 2021

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို လိုက်နာခြင်းရှိ မရှိ စိစစ်နိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှ နိုင်ငံရေးပါတီ ၉၃ ပါတီနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ စာရင်းအား ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ထားကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာပေးပို့ထားမှုမှာ မှန်ကန်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ 

မေလ ၂၄ ရက် ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ထားသော အကြောင်းကြားစာတွင်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေးပါတီ ၉၃ ပါတီအား မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့် လျှောက်ထားသည့်အချိန်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပါ အချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံချက် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း  ဖော်ပြပါရှိသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၃) တွင်  နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းအဖြစ် ကြေညာခြင်းခံထားရသော အဖွဲ့အစည်း သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊ အားပေးကူညီခြင်းနှင့် ပုဒ်မခွဲငယ် (၄) တွင် ပုဒ်မ ၆ ပါ ဝန်ခံချက် တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန်ပျက်ခြင်း စသည့်အချက်များနှင့်ငြိစွန်းပါက နိုင်ငံရေးပါတီအဖြစ် တက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားသည်ဟု အဆိုပါ အကြောင်းကြားစာတွင်ပါရှိသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇ တွင် နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊ နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊ နိုင်ငံခြား တိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေရယူသုံးစွဲခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံစားပြုခြင်း စသည့် အကြောင်းအရာတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

ယင်းအပြင် ပုဒ်မ ၄၀၈ တွင် နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သော အဖွဲ့အစည်းက တွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

Most Read

Most Recent