မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အာမခံလျှောက်ထားမှုကို  မန္တလေးခရိုင်တရားရုံးက ပယ်ချခဲ့ပြီး လာမည့်ရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေးမည်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အာမခံလျှောက်ထားမှုကို  မန္တလေးခရိုင်တရားရုံးက ပယ်ချခဲ့ပြီး လာမည့်ရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေးမည်
Published 1 June 2021

ထိန်းသိမ်းခံထားရသည့်  မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အာမခံလျှောက်ထားမှုကို မေ ၃၁ ရက်တွင်  မန္တလေးခရိုင်တရားရုံးက ပယ်ချခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အောင်မြေသာစံမြို့နယ်တရားရုံးတွင် စွဲဆိုထားသည့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အမှုအတွက် တရားလိုအား စတင်စစ်ဆေးခြင်းကို ဇွန် ၈ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိန်းသိမ်းခံထားရသည့် မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကိုတို့၏ အချုပ်လွတ် အမှု ရင်ဆိုင်ခွင့် အာမခံလျှောက်ထားခဲ့ခြင်းကို မြို့နယ်တရားရုံးများက ပယ်ချခဲ့သဖြင့် ခရိုင်တရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

"ဝန်ကြီးချုပ်အပါအဝင် ငါးဦးအတွက် အာမခံလျှောက်ထားမှုကို ပယ်ချလိုက်ပါတယ်။ ဇွန်လ ၈ ရက်နေ့ မြို့နယ်တရားရုံး ရုံးချိန်းမှာတော့ ဝန်ကြီးချုပ်အမှုတွက် တရားလိုကို စတင်စစ်ဆေးမယ် "ဟု အမှုနှင့်ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က  ‌ကြေညာချက် ငါးစောင် ထုတ်ပြန်ခဲ့ရာ အဆိုပါ ကြေညာချက်များသည်  လက်ရှိအစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ  ထိခိုက်မှုဖြစ်အောင် တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင်၊ အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြား၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိကြောင်း သို့မဟုတ်  ထိုသို့ဖြစ်စေနိုင်သည့် အကြောင်းရှိခြင်းကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့သို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်များထုတ်ပြန်မှုသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည်ဟု ဆိုကာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများ ပုဒ်မ၂၅၊ မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ပုဒ်မ ၅၀၅(ခ) တို့ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးတွင်လည်း‌ကောင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅/၃၀၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ကိုလည်း ပုဒ်မ ၅၀၅(ခ) ဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးတို့တွင် အသီးသီး တရားစွဲဆိုထားသည်။

၎င်းတို့ကို စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အိုးဘိုအကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးများ၌ စစ်ဆေးနေခြင်း ဖြစ်သည်။

Most Read

Most Recent