PSG အသင်းနည်းပြ ပိုချက်တီနိုသည် ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် ပါဝင်လာကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
အသက် (၄၉)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုသည် လွန်ခဲ့သည့် (၂)နှစ်ခန့်ကတည်းက ရီးယဲလ်အသင်းမှခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်တွင် နည်းပြနေရာလစ်လပ်နေသည့် ရီးယဲလ်အသင်းနှင့် သတင်းများ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် နည်းပြ ဇီဒန်း အသင်းမှထွက်ခွာခဲ့ပြီးနောက် နည်းပြလက်မဲ့ဖြစ်နေသည့် အသင်းဖြစ်ပြီး ကွန်တီ၊ အန်ဆယ်လော့တီ၊ ရာအူးလ်တို့နှင့် သတင်းများထွက်ပေါ်ထားသလို ယခုအခါ ပိုချက်တီနိုလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ပိုချက်တီနိုသည် ပြီးခဲ့သည့် ဇန်နဝါရီကမှ PSG အသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး မျှော်မှန်းထားသလောက် အောင်မြင်မှုမရခဲ့သည့်အတွက် ဖိအားများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

ပိုချက်တီနိုသည် PSG အသင်းနှင့် ပြင်သစ်စူပါဖလား၊ ပြင်သစ်ဖလားတို့ကို ရယူနိုင်ခဲ့သော်လည်း ပြင်သစ်လီဂူးချန်ပီယံဆုကို လိုင်လီအသင်းထံ လွှဲပေးခဲ့ရသလို၊ ချန်ပီယံလိဂ်တွင် မန်စီးတီးကိုရှုံးနိမ့် ကာ ဖိအားများနှင့်ရင်ဆိုင်နေရသူဖြစ်သည်။
ထို့ပြင် ပိုချက်တီနိုအနေဖြင့် PSG အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေရာ ရီးယဲလ်အသင်းနှင့်သတင်းများမှာ ပြန် လည်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် PSG အသင်းတာဝန်ရှိသူများမှာ ပိုချက်တီနို၏ အနာဂတ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုခြင်း မရှိသေးသလို၊ ပိုချက်တီနိုအား စာချုပ်သက်တမ်းကုန်ဆုံးသည်အထိထားရှိရန် ဆန္ဒရှိနေသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ရီးယဲလ်အသင်းသည် ၂၀၁၈ ခုနှစ်အတွင်းက နည်းပြ လိုပယ်တယ်ဟီနှင့် လမ်းခွဲပြီးနောက် ထိုစဉ်က စပါးအသင်းနည်းပြ ပိုချက်တီ နိုအား နည်းပြသစ်အဖြစ်ခန့်အပ်ရန် ကြိုးပမ်းခဲ့ဖူးပြီး၊ ပိုချက်တီနိုမှာ စပါးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့သည့်အတွက် ယင်းကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ခြင်းဖြစ်သည်။

■ ရီးယဲလ်အသင်းနည်းပြဖြစ်လာရန် ရေပန်းစားနေသူများ
အမည် လက်ရှိကလပ် ရေပန်းစားမှု
ကွန်တီ အသင်းလက်မဲ့ ၈း၁၁
ပိုချက်တီနို PSG ရး၂
ရာအူးလ် ရီးယဲလ် (ခ)အသင်း ၁ဝး၁
အန်ဆယ်တော့တီ အဲဗာတန် ၁၆း၁
ယော်ကင်လိုး ဂျာမနီ ၁၆း၁















