သူခိုးဖတ်စာ

သူခိုးဖတ်စာ
Published 1 June 2021
လင်းခေတ်ကြယ်

လကွယ်ညမို့ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်မှာ နစ်မြုပ်နေတယ်။ ညက အတော်နက်နေပြီ ဖြစ်တဲ့အတွက်လမ်းပေါ်မှာ လမ်းဘေး ခွေးလေခွေးလွင့်တချို့ကလွဲရင် လူအသွားအလာ ကင်းမဲ့နေတယ်။ လမ်းဘေးဝဲယာမှာလည်း အရိပ်ကောင်းတဲ့ သစ်ပင်တွေကြောင့် လမ်းဟာ မှောင်သင့်တာထက် ပိုမှောင်နေတဲ့ညလို့ ဆိုရမှာပါ။ အနားယူ အိပ်စက်ချိန်နဲ့ လူခြေတိတ်ချိန်မို့ တစ်ချက် တစ်ချက် ခွေးဟောင်သံကလွဲရင် တိတ်ဆိတ်ခြင်းက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားတယ်။ ဒီလိုအချိန်မှာ လူတစ်ယောက်က အိမ်တစ်အိမ်ကို လမ်းဘေး အမှောင်ရိပ်ထဲကနေ ချောင်းကြည့်နေတယ်။ အမှောင်ထဲမှာမို့ ရုတ်တရက်ကြည့်ရင် သူ့ကို မမြင်နိုင်ဘူး။ ညလေ အေးအေး တိုက်ခတ်နေပေမဲ့လည်း အဲဒီလူရဲ့ တစ်ကိုယ်လုံးမှာ ချွေးတွေက စိုရွှဲလို့နေတယ်။ သူ့မျက်လုံးကလည်း ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်လို့။ သူ့စိတ်က ဂနာမငြိမ် ဖြစ်နေတာကို ကြည့်ရုံနဲ့ သိနိုင်တယ်။ တကယ်တော့ သူဟာ ဒီဝန်းကျင်နဲ့ စိမ်းတဲ့သူ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပတ်ဝန်းကျင် အနေအထားကို ကောင်းကောင်း သိနေတဲ့အတွက် သူ့ဘဝရဲ့ အခက်အခဲတစ်ခုကို ဖြေရှင်းဖို့  ဒီလိုအချိန်မှာ ဒီနေရာကို သူရောက်ရှိလာခြင်း ဖြစ်ပါတယ်။

သူ့နာမည်က ဖိုးကျော်ပါ။ အရပ်ထဲမှာတော့ သူ့ကို ကျော်ကြီးလို့ လူသိများပါတယ်။ သူ့မှာ မိသားစုဝင် များများစားစား မရှိပါဘူး။ အမေတစ်ခု သားတစ်ခုသာရှိပြီး ကြုံရာကျပန်း လုပ်ကိုင်ရင်း အမေအိုကြီးကို ရှာဖွေကျွေးနေသူလည်း ဖြစ်ပါတယ်။ သဘောကောင်းသူဖြစ်ပြီး အလုပ်နဲ့ပတ်သက်ရင် ရိုးသားကြိုးစားတတ်သူမို့ အရပ်ထဲမှာတော့ ကျော်ကြီးဟာ လူချစ်လူခင် ပေါပါတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရင်း ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့  ကျော်ကြီး ထင်ခဲ့သလို ဘဝက ဖြောင့်ဖြူးခဲ့ခြင်း မရှိပါဘူး။ တစ်နေ့မှာတော့ ကံကြမ္မာဆိုးဟာ ကျော်ကြီးဘဝထဲကို အဖော်အပေါင်း အစုံအလင်နဲ့ ဝင်ရောက်လို့ လာခဲ့ပါတယ်။  လောကဓံရဲ့ ရိုက်ချက်အောက်မှာ ကျော်ကြီးဘဝဟာ မုန်တိုင်းထန်ခဲ့တယ်။ နဂိုကတည်းက ဆင်းရဲနွမ်းပါးသူမို့ ကံကြမ္မာ အလှည့်အပြောင်းနဲ့ တွေ့ချိန်မှာတော့ ကျော်ကြီးဘဝက ကူကယ်ရာမဲ့ခဲ့ပါပြီ။

ကျော်ကြီးရဲ့ မိခင်ဖြစ်သူဟာ ရုတ်ခြည်းဆိုသလို လေဖြတ်ရောဂါကို ခံစားခဲ့ရတယ်။ နဂိုကတည်းက အမေတစ်ခု သားတစ်ခုမို့ ကျော်ကြီးတစ်ယောက် ရောဂါသည်မိခင်နဲ့ ဝမ်းစာရှာဖွေမှုကြားမှာ နေ့စဉ်ဗျာများနေရတော့တယ်။ အလုပ်အကိုင်ကလည်း ကြုံရာကျပန်း လုပ်ကိုင်နေသူမို့ ဝင်ငွေဟာ ပုံမှန်မရှိခဲ့ဘူး။ ကျော်ကြီးတို့ သားအမိ လက်ရှိ နေထိုင်နေတာက ကျူးကျော်တဲမှာပါ။ ကြာတော့ မိခင်ဖြစ်သူအတွက် ဆေးဖိုးနဲ့ နေ့စဉ် စားသောက်နေထိုင်စရိတ်က ကျော်ကြီးကို ဖိစီးနှိပ်စက်လာတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုမျိုး လေဖြတ်နေတဲ့ ကျော်ကြီးရဲ့ မိခင်မှာ ကင်ဆာရောဂါက ထပ်ဖြစ်လာတဲ့အတွက် ကျော်ကြီးဘဝက တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ပါတယ်။ 

ဆရာဝန်ရဲ့ စကားအရ မိခင်ဖြစ်သူရဲ့ ကင်ဆာရောဂါဟာ အမြန်ဆုံးကုသရမှာ ဖြစ်တဲ့အတွက် အရေးတကြီး ငွေလိုလာပါတယ်။ မျက်နှာမွဲမို့ လောလောလတ်လတ် လိုနေတဲ့ ငွေပမာဏကို ဘယ်သူ့ဆီကမှ ချေးလို့မရပါ ဘူး။ ကြံရာမရတဲ့ အဆုံးမှာတော့ မထူးဇာတ် ခင်းပါတော့တယ်။

မိခင် အတွက် အရေးတကြီး လိုအပ်နေတဲ့ ငွေပမာဏအတွက် ရပ်ကွက်ထဲက ချမ်းသာတဲ့အိမ် တစ်အိမ်ကို ဝင်ခိုးဖို့ ကျော်ကြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ ဘဝမှာ ရိုးရိုးသားသား လုပ်ကိုင် စားသောက်ခဲ့သူ တစ်ယောက်ရဲ့ ပထမဆုံး သူများပစ္စည်း ခိုးယူရတဲ့အပေါ်မှာ ဘယ်လိုမှ စိတ်မသန့်ခဲ့ဘူး။ ဒါပေမဲ့လည်း မိခင်ဖြစ်သူ ခံစားနေရတဲ့ရောဂါကို ကုသဖို့အတွက် ဒီလိုလုပ်ရတဲ့အပေါ် နောင်တဆိုတာကြီးကို ဥပေက္ခာပြုခဲ့တယ်။ ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်ရင်း လုပ်ငန်းစဖို့ ကျော်ကြီး စိုင်းပြင်းပါတော့တယ်။ အရင်ဆုံး ခြံစည်းရိုးနား ကပ်သွားပြီး ခြံထဲကို ကျော်ဝင်လိုက်တယ်။ ခြံစောင့်ရှိပေမဲ့ ကျော်ကြီးဝင်လာချိန်မှာတော့ မတွေ့ရပါဘူး။ ပထမအဆင့်ကို လွယ်လွယ်ကူကူ ဖြတ်ကျော်လာနိုင်တဲ့အတွက် ကျော်ကြီးစိတ်ထဲမှာ စိုးရိမ်မှုတချို့ တဝက် လျော့ကျခဲ့တယ်။

ဒါပေမဲ့ ခြံထောင့်ဆီက အမှောင်ရိပ်ထဲကနေ စကားသံတချို့ကို ကြားလိုက်ရတဲ့အတွက် အနီးအနားက သစ်ပင်နားမှာ အလျင်အမြန်ပုန်းပြီး ကျော်ကြီး စူးစမ်းလိုက်တယ်။ အနီးဆုံးနေရာကိုသွားပြီး သေချာနားထောင်ကြည့်မှ အမှောင်ထဲမှာ လူနှစ်ယောက် စကားပြောနေတာကို တွေ့ရတယ်။ မှောင်နေတဲ့အတွက် ဘယ်သူတွေမှန်းတော့ မသိခဲ့ဘူး။ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်  စကားပြောဆိုနေတယ် ဆိုတာကိုတော့  ကျော်ကြီး ခန့်မှန်းမိတယ်။ ကျော်ကြီးကသာ အသံကြားလို့ ပုန်းပြီး နားထောင်နေပေမဲ့ အမှောင်ထဲမှာ ထိုင်နေတဲ့ နှစ်ယောက်ကတော့ သူတို့အပူနဲ့သူမို့ ကျော်ကြီးခြံထဲ ဝင်လာတာကိုတောင် သတိထားမိပုံမရဘူး။ တကယ်တော့ အိမ်ပိုင်ရှင်သူဋ္ဌေးကြီးသမီးနဲ့ သူ့ရည်းစားကောင်လေး ခြံထဲမှာခိုးပြီး ချိန်းတွေ့နေကြတာပါ။ လူငယ်သဘာဝ ချစ်ကြိုက်နေတာကို သူဋ္ဌေးကြီးသိပြီး သဘောမတူတာကြောင့် သူတို့အနေနဲ့ အခုလို ခိုးကြောင်ခိုးဝှက် ချိန်းတွေ့နေကြတာလည်း ဖြစ်ပါတယ်။  ဒီတစ်ခါ ချိန်းတွေ့တာက သူတို့နှစ်ယောက်ကြားက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ တိုင်ပင်နေကြတာလည်း ဖြစ်ပါတယ်။ ပြဿနာက တခြားတော့ မဟုတ်ပါဘူး။ လူငယ်သဘာဝ အချစ်နယ်ကျွံရာကနေ ကောင်မလေးဆီမှာ ကိုယ်ဝန်ရှိလာတာကြောင့် ခိုးပြေးဖို့ တိုင်ပင်နေကြတာလည်း ဖြစ်ပါတယ်။ မိနစ်ပိုင်းလောက် စောင့်ဆိုင်းပြီးချိန်မှာတော့ ဘာအန္တရာယ်မှ မရှိတဲ့အတွက် အိမ်ထဲကို ပြတင်းပေါက်တစ်ခုကနေ ကျော်ကြီး ဝင်လာခဲ့တယ်။

အဲဒီအိမ်ထဲကို ကျော်ကြီး ရောက်တဲ့အထိ အားလုံးဟာ အဆင်ပြေနေတယ်။ တစ်စုံတစ်ရာ မှားယွင်းမှု မရှိအောင် ဂရုတစိုက် လုပ်ဆောင်ခဲ့လို့လည်း ဒီအချိန်အထိ အဆင်ပြေနေတာပါ။ ဒါပေမဲ့ ခြံပြင်ကနေ အိမ်ထဲရောက်ချိန်အထိ လွယ်ကူနေတဲ့အတွက် အဲဒီအပေါ်မှာတော့ သံသယဖြစ်ခဲ့တယ်။ သူထင်ခဲ့သလိုပဲ အိမ်ကြီးက မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ ပင်လယ်လိုမျိုး တိတ်ဆိတ်နေတာ ဖြစ်ပါတယ်။ ဒါကိုတော့ ကျော်ကြီး မသိခဲ့ပါဘူး။

အိမ်ထဲ ရောက်ရှိချိန်မှာတော့ ပိုက်ဆံထားတဲ့ နေရာကို ရှာဖွေပါတော့တယ်။ အိမ်ထဲကို မရောက်ဖူးတဲ့အတွက် ပိုက်ဆံကို ဘယ်နေရာမှာ ထားတယ်ဆိုတာ ကျော်ကြီး မသိခဲ့ပါဘူး။ ဒါကြောင့်လည်း ကျော်ကြီး တစ်ယောက် အိမ်ထဲက နေရာအနှံ့ကို ရှာဖွေပါတော့တယ်။ အဲဒီလိုရှာဖွေချိန်မှာပဲ ကျော်ကြီး ထင်မှတ်မထားတဲ့ ဖြစ်စဉ်တွေက အိမ်ကြီးထဲမှာ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။

တံခါးအနည်းငယ်ဟနေတဲ့ အခန်းတစ်ခန်းရှေ့ကို ရောက်ချိန်မှာတော့ အခန်းထဲကနေ အသံတချို့ကို ကျော်ကြီး ကြားတဲ့အတွက် ခြေသံဖွဖွနင်းပြီး ချောင်းကြည့်လိုက်တယ်။ အခန်းထဲမှာ တိုးတိုးတိတ်တိတ် ပြောဆိုသံတွေ ကြားနေရပေမဲ့ ဘာတွေပြောနေမှန်း ကျော်ကြီး မသိခဲ့ဘူး။ တံခါးပေါက်ကနေ မြင်ရတဲ့ မြင်ကွင်းမှာတော့ အိမ်ရှင်သူဋ္ဌေးကြီးနဲ့ ခြံစောင့်တို့ စကားအချေအတင် ပြောနေပြီး အိပ်ရာပေါ်မှာလည်း ခြံစောင့် မိန်းမဖြစ်သူက မျက်နှာကို လက်နဲ့အုပ်ပြီး တအင့်အင့်နဲ့ ကျိတ်ငိုနေပါတယ်။ ခြံစောင့်ကတော့ ဘယ်လောက်တောင် ဒေါသထွက်နေတယ် မသိ။ သူဋ္ဌေးကြီးနဲ့ စကားပြောရာမှာ လက်ညှိုး ငေါက်ငေါက်ထိုးပြီး စကားပြောနေတာပါ။ သူဋ္ဌေးကြီးကတော့ သူ့အလုပ်သမားဖြစ်တဲ့ ခြံစောင့်ပြောသမျှကို မျက်နှာငယ်လေးနဲ့ နားထောင်နေပါတယ်။ တစ်ခါတစ်ခါ သူဋ္ဌေးကြီးဆီကနေ တောင်းပန်တဲ့ စကားသံတချို့ကိုလည်း ကြားရတယ်။ ခြံစောင့် မိန်းမဖြစ်သူကတော့ ငိုနေရုံကလွဲပြီး ဘာမှဝင်ရောက် ပြောဆိုခြင်း မရှိပါဘူး။ တကယ်တော့ အိမ်ရှင်သူဋ္ဌေးကြီးနဲ့ ခြံစောင့်မိန်းမတို့ ဖောက်ပြန်နေတာကို ခြံစောင့်က တွေ့သွားပြီး ပြဿနာတက်နေကြတာပါ။

ခြံစောင့်မိန်းမက အရင်ကတည်းက သူဋ္ဌေးကြီးအိမ်မှာ အိမ်ဖော်အဖြစ် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ သူဋ္ဌေးကြီးက မိန်းမကိစ္စနဲ့ ပတ်သက်ရင် ရှုပ်ပွေတတ်သူမို့ အိမ်ဖော်ကောင်မလေးကို သိမ်းသွင်းပြီး သွေးသားဖြေဖျောက်မှုတွေ ပြုလုပ်ခဲ့တာပါ။ နောက်ပိုင်းမှာ အသစ်ရောက်လာတဲ့ ခြံစောင့် ကောင်လေးက အိမ်ဖော်ကောင်မလေးနဲ့ သမီးရည်းစား ဖြစ်သွားတဲ့အတွက် သူဋ္ဌေးကြီးကပဲ တစ်ဖက်လှည့်နဲ့ ကမကထလုပ်ပြီး သူတို့နှစ်ယောက်ကို ပေးစားလိုက်ပါတယ်။  အိမ်ဖော်မလေးကို အိမ်ထောင်ချပေးလိုက်ပေမဲ့လည်း သူဋ္ဌေးကြီးကတော့ ခြံစောင့်လစ်ရင် လစ်သလို အိမ်ဖော်မလေးနဲ့ အချစ်နှစ်ပါးသွား ကနေခဲ့တာ ဖြစ်ပါတယ်။ ဒါကို ခြံစောင့်က ရိပ်မိပေမဲ့လည်း လက်ပူးလက်ကြပ် မမိတဲ့အတွက် ဘာမှလုပ်လို့ မရခဲ့ပါဘူး။ ဒီညကျမှ လက်ပူးလက်ကြပ် မိခဲ့တာဖြစ်ပါတယ်။

ကိုယ့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် အခန်းရှေ့ကနေ ကျော်ကြီး တိတ်တဆိတ် လှည့်ထွက်ခဲ့တယ်။ အိမ်က နှစ်ထပ်အိမ် ဖြစ်တဲ့အတွက် အပေါ်ထပ်ဆီကို ကျော်ကြီး ခြေဦးလှည့်လိုက်တယ်။ လှေကားအတိုင်း ခြေသံဖွဖွနင်းပြီး သတိကြီးကြီးနဲ့ အပေါ်ထပ်ကို တက်ခဲ့တယ်။ ဒီအချိန်ထိအေးဆေးပါပဲ။  အပေါ်ထပ်ဆီ ကျော်ကြီး ရောက်ချိန်မှာတော့ ထင်မှတ်မထားတဲ့ အခြေအနေ တစ်ခုဖြစ်လာတယ်။ အခန်းတစ်ခုထဲကနေ  သူဋ္ဌေးမိန်းမ ထွက်လာတာပါ။ ကျော်ကြီးလည်း ဘေးကနံရံနောက်မှာ ပုန်းလိုက်ပြီး အခြေအနေကို စောင့်ကြည့်လိုက်တယ်။ သူဋ္ဌေးမိန်းမက ဘေးဘီဝဲယာကို ကြည့်ရင်း စတိုခန်းလို့ ထင်ရတဲ့ အခန်းထဲကို အလျင်စလို ဝင်သွားပါတယ်။  အခန်းတံခါးကို ပိတ်လိုက်ချိန်မှာတော့ ကျော်ကြီးလည်း အဲဒီအခန်းနားကိုသွားပြီး တံခါးကို နားနဲ့ကပ်ပြီး နားထောင်လိုက်တယ်။ အခန်းထဲမှာ ခုနက ဝင်သွားတဲ့ သူဋ္ဌေးမိန်းမအပြင် တခြားသူတစ်ယောက်လည်း ရှိနေပါတယ်။ ကြားနေရတဲ့ တီးတိုးစကားသံတွေက ချစ်ရည်လူးတဲ့ စကားသံတွေ ဖြစ်နေတာကို ကျော်ကြီး တအံ့တသြ ကြားလိုက်ရတယ်။ တကယ်တော့ သူဋ္ဌေးကြီးမိန်းမနဲ့ သူ့အိမ်မှာ ခိုင်းထားတဲ့ ကားဒရိုင်ဘာတို့ သွေးသားနောက်ကို စိတ်တူကိုယ်တူ လိုက်နေကြတာပါ။ ကျော်ကြီးလည်း အခွင့်အရေးရပြီ ဖြစ်တဲ့အတွက် သူဋ္ဌေးကြီးလင်မယား အခန်းထဲကို ခပ်မြန်မြန်ပဲ ဝင်သွားလိုက်တယ်။ အခန်းထဲရောက်ချိန်မှာတော့ အခန်းထောင့်က ဗီရိုကိုဖွင့်ပြီး ပိုက်ဆံရှာနေချိန်မှာပဲ ထင်မှတ်မထားတာတွေက ဖြစ်ပျက်ခဲ့ပါတယ်။  

သူဋ္ဌေးလင်မယား အခန်းထဲကို သူဋ္ဌေးကြီးရဲ့ သားဖြစ်သူက ဝင်ရောက်လာတာပါ။ သူဋ္ဌေးကြီးသားက မူးယစ်ဆေးစွဲနေသူဖြစ်ပြီး လောင်းကစားကိုလည်း အလွန်အကျွံလုပ်သူ ဖြစ်တာကြောင့် ပိုက်ဆံအမြဲလိုနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီညမှာ သူ့အဖေနဲ့ အမေအလစ်ကို စောင့်ရင်း အခန်းထဲကို ပိုက်ဆံခိုးဖို့ဝင်လာချိန်မှာ ကျော်ကြီးနဲ့ ပက်ပင်းတိုးခဲ့တာ ဖြစ်ပါတယ်။ သူဋ္ဌေးကြီးလင်မယားအခန်းမှာ ဗီရိုကို မွှေနှောက်နေတဲ့ ကျော်ကြီးကို တွေ့လိုက်ချိန်မှာတော့ သူဋ္ဌေးသား ဟာ  အသံနက်ကြီးနဲ့ အော်လိုက်ပါတော့တယ်။

“သူခိုးဗျို့ . . . သူခိုး . . . သူခိုး . . .”

သူဋ္ဌေးသားရဲ့ အော်သံကြောင့် တစ်အိမ်လုံး မီးတွေလင်းလာပြီး ရပ်ကွက်တစ်ခုလုံးလည်း ပွက်လောရိုက်ကုန်ပါတော့တယ်။           သိပ်မကြာခင်မှာပဲ သူဋ္ဌေးကြီးရဲ့အိမ်ကို ရပ်ကွက်ထဲကလူတွေ ရောက်ရှိလာပြီး ၀ိုင်းဖမ်းကြတဲ့အတွက် ကျော်ကြီးကို မိသွားတယ်။ သူဋ္ဌေးကြီးအိမ်ရှေ့မှာ လက်ပြန်ကြိုး တုပ်ခံထားရတဲ့ ကျော်ကြီးက ဒူးထောက်ထိုင်နေပြီး လူအုပ်ကြီးကတော့ ပတ်ပတ်လည်မှာ ၀ိုင်းထားတယ်။ ရပ်ကွက်ထဲက လူတွေအနေနဲ့ ကျော်ကြီးကို ဖမ်းမိချိန်မှာတော့ သူတို့မျက်လုံးကို သူတို့ မယုံနိုင်အောင် ဖြစ်ခဲ့ပါတယ်။  မိခင်အိုကြီးကို တစ်သက်လုံး ရိုးရိုးသားသား ရှာဖွေကျွေးမွေးလာတဲ့ ကျော်ကြီးဟာ သူဋ္ဌေးအိမ်ကို ဝင်ခိုးတဲ့သူခိုး ဖြစ်နေတယ်ဆိုတာကို သူတို့ ဘယ်လိုမှ ယုံလို့မရသေးပါဘူး။ ဒါကြောင့်လည်း ရပ်ကွက်လူကြီးတွေက ကျော်ကြီးကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဓိက ကတော့ ကျော်ကြီးအနေနဲ့ ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတာကို မေးမြန်းကြတာပါ။ ကျော်ကြီးကလည်း မလိမ်တတ်သူမို့ အမှန်အတိုင်းပဲ ရပ်ကွက်လူကြီးတွေကို ပြောပြခဲ့ပါတယ်။ ကျော်ကြီးရဲ့အခက်အခဲကို သိရှိသွားတဲ့ ရပ်ကွက်လူကြီးတွေက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျေအေးပေးဖို့ သူဋ္ဌေးကြီးရဲ့ မိသားစုနဲ့ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ သူဋ္ဌေးကြီးနဲ့ သူ့မိသားစုကတော့ ကျေအေးပေးဖို့ကိစ္စကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်။ ရပ်ကွက်လူကြီးတွေဘက်က အမျိုးမျိုး ဖျောင်းဖျတာတွေ၊ တောင်းပန်တာတွေလုပ်ပြီး ပြောတာတောင် သူဋ္ဌေးကြီးမိသားစုက လက်မခံခဲ့ကြဘူး။ ကျော်ကြီးကို ရဲစခန်းအပ်ပြီး ဥပဒေအတိုင်း လုပ်ဆောင်ဖို့ကိုပဲ သူဋ္ဌေးကြီးမိသားစုဘက်က တသွင်သွင် ပြောနေခဲ့တယ်။ ဒီအချိန်ထိလည်း အဖမ်းခံရတဲ့အပေါ်မှာ ကျော်ကြီး ဘာမှမဖြစ်ခဲ့ပါဘူး။ ကိုယ်လုပ်လို့ ကိုယ်ခံရတယ်ဆိုတာမျိုးကိုပဲ ကျော်ကြီး တွေးခဲ့တယ်။ မိခင်ဖြစ်သူရဲ့ ရောဂါကို ကုသနိုင်ဖို့ ဒီလိုအလုပ်ကို လုပ်ရတာကြောင့် သူ့ကိုယ်သူ သူခိုးအဖြစ် မခံယူခဲ့ပါဘူး။ သူဋ္ဌေးကြီးအိမ်ထဲက အဖြစ်အပျက်တွေကို သူမြင်ခဲ့လို့လည်း သူဋ္ဌေးကြီးမိသားစုက သူ့အပေါ်မှာ နားလည် ခွင့်လွှတ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေခဲ့တယ်။ ဒါပေမဲ့လည်း သူ့အတွေးက မှားကြောင်းကို နောက်မှ သိခဲ့ရတယ်။ အားလုံးရှေ့မှာ သူဋ္ဌေးကြီးက နောက်ဆုံး ပြောလိုက်တဲ့ စကားကြောင့် အံကိုတင်းတင်းကြိတ်ပြီး ခံပြင်း နာကြည်းရုံကလွဲလို့ ကျော်ကြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ တစ်ခါတစ်ရံမှာ သူခိုးက လူပြန်ဟစ်တတ်တဲ့ ဖတ်စာကို လက်တွေ့ရော၊ စာတွေ့ပါ ကျော်ကြီး တစ်ယောက် ဘဝနဲ့ရင်းပြီး သင်ယူခဲ့ရတယ်။ ညဟာ အဲဒီအဖြစ်အပျက်တွေကို အမှောင်ထဲကနေ ကြည့်ရင်းနဲ့ စိတ်မကောင်းကြီးစွာ တိတ်ဆိတ် ငြိမ်သက်နေပါတော့တယ်။

“ဒီတစ်ခေါက် လွှတ်ပေးလိုက်ရင် ဒီသူခိုးက နောက်တစ်ခါလည်း သူခိုးကျင့်သူခိုးကြံ ကြံဦးမှာပဲ။ သူခိုးဆိုတာ နဖူးမှာ စာကပ်ထားတာမှ မဟုတ်တာ”

မျက်နှာမှာ အဆီတဝင်းဝင်းနဲ့ သူဋ္ဌေးကြီးရဲ့ စကားဆုံးချိန်မှာတော့ သူဋ္ဌေးကြီးမျက်နှာကို စူးစူးစိုက်စိုက်ကြည့်ပြီး ကျော်ကြီးတစ်ယောက် လှောင်ပြုံး ပြုံးလိုက်ပါတော့တယ်။  

Most Read

Most Recent