သဘာဝဓာတ်ငွေ့ရောင်းရငွေများကို မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီသို့ ပေးချေမှု ရပ်ဆိုင်းလိုက်သည့် ပြင်သစ်ကုမ္ပဏီ Total ၊ COVID-19 ကြောင့် ခရီးစဉ်ပျံသန်းမှုအချို့ ရပ်ဆိုင်းလိုက်သော ပြည်တွင်းလေကြောင်းလိုင်းများ

သဘာဝဓာတ်ငွေ့ရောင်းရငွေများကို မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီသို့ ပေးချေမှု ရပ်ဆိုင်းလိုက်သည့် ပြင်သစ်ကုမ္ပဏီ Total ၊ COVID-19 ကြောင့် ခရီးစဉ်ပျံသန်းမှုအချို့ ရပ်ဆိုင်းလိုက်သော ပြည်တွင်းလေကြောင်းလိုင်းများ
Total ရေနံကုမ္ပဏီ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ် (Photo: Euro News.com)
Total ရေနံကုမ္ပဏီ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ် (Photo: Euro News.com)
Published 30 May 2021

သဘာဝဓာတ်ငွေ့ရောင်းရငွေများကို ပေးချေမှု ရပ်ဆိုင်းလိုက်သည့် ပြင်သစ် Total ကုမ္ပဏီ

မေ ၁၂ ရက်က မုတ္တမသဘာဝ ဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) ၏ နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန်ကုမ္ပဏီ ရှဲလ်ဗရွန်နှင့်အတူ ပူးတွဲအဆိုပြုချက် တင်ပြခဲ့ပြီးနောက် ပြင်သစ်၏ Total ကုမ္ပဏီသည် MGTC ကိုပေးနေသည့် ငွေအားလုံးကိုရပ်ဆိုင်းကြောင်း မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာတပ်မတော်ကို MGTC ၏ ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်ပြီး Total ၊ ရှဲလ်ဗရွန်နှင့် ထိုင်းအစိုးရပိုင် PTTEP တို့သည် ဖိအားပေးခံရမှု မြင့်တက်လာခဲ့ကြသည်။

Total က လုပ်ကိုင်နေသည့် ရတနာကမ်းလွန်လုပ်ကွက်မှ မြန်မာ-ထိုင်း နယ်စပ်သို့ ကီလိုမီတာ ၄၀၀ ခန့်အား သဘာဝဓာတ်ငွေ့ပိုဆောင်ပေးနေသည့် မုတ္တမသဘာဝ ဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) ၏ စတုတ္ထမြောက်ရှယ်ယာရှင်သည် အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဖြစ်ပြီး MOGE သည် တပ်မတော်အတွက် အဓိကဘဏ္ဍာရေး ထောက်ပ့ံပေးနေသည့် လုပ်ငန်းလည်းဖြစ်သည်။

“မြန်မာနဲ့ ထိုင်းတို့က ဒေသခံလူထုအတွက် အရေးကြီးတဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို အနှောင့်အယှက်မဖြစ်စေဖို့ သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို ဆက်လက်ထိန်းထားရင်း ရတနာလုပ်ကွက်ရဲ့ တာဝန်ရှိတဲ့ အော်ပရေတာအနေနဲ့ Total က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု Total က ထုတ်ပြန်ကြေညာခဲ့သည်။

“အီးယူ ဒါမှမဟုတ် အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ သက်ဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေအပါအဝင် သက်ဆိုင်ရာ နိုင်ငံတကာအာဏာပိုင်တွေနဲ့ အစိုးရအာဏာပိုင်တွေက ချမှတ်ဖွယ်ရှိတဲ့ ဆုံးဖြတ်ချက်မှန်သမျှကို Total က လိုက်နာသွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကုမ္ပဏီ၏ အစုရှယ်ယာရှင်များထံ ငွေကြေးခွဲဝေပေးမှုကို ဧပြီ ၁ ရက်မှစတင်ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း Total ကပြောကြားသည်။

ထိုသို့ရပ်ဆိုင်းခြင်းကို Total က အဆိုပြုခဲ့ခြင်းဖြစ်ပြီး Total သည် MGTC တွင် ရှယ်ယာ ၃၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး အမေရိကန်ကုမ္ပဏီ ရှဲလ်ဗရွန်က ၂၈ ရာခိုင်နှုန်း၊ ထိုင်းကုမ္ပဏီ PTTEP က ၂၆ ရာခိုင်နှုန်းနှင့် တပ်မတော်က ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ရှယ်ယာ ၁၅ ရာခိုင်နှုန်းအသီးသီး ပိုင်ဆိုင်ထားကြခြင်းဖြစ်သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့ရောင်းချမှုမှ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံဝန်းကျင်ရရှိနေသည်။

လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် မြန်မာ့တပ်မတော်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

အီးယူ၊ ယူကေနှင့် ကနေဒါတို့ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွင်ပါဝင်သူများ၊ တပ်မတော်ပိုင်လုပ်ငန်းကြီးများနှင့် တပ်မတော်ခေါင်းဆောင်များ အကျိုးအမြတ်ရရှိနေသည့် လုပ်ငန်းများကို ဒဏ်ခတ်အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

COVID-19 ရောဂါပိုးတွေ့လူနာ ပြန်လည်များပြားလာခြင်းကြောင့် ခရီးစဉ်ပျံသန်းမှုအချို့ ရပ်ဆိုင်းလိုက်သည့် ပြည်တွင်းလေကြောင်းလိုင်းများ

COVID-19 ပိုးတွေ့လူနာ ပြန်လည်များပြားလာခြင်းကြောင့် ပြည်တွင်းလေကြောင်းလိုင်းအချို့ တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ ကော့သောင်း၊ မြိတ်စသည့် မြို့များသို့ ခရီးစဉ်ပျံသန်းမှု ရပ်ဆိုင်းထားကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းမြို့ကြီး အချို့တွင် COVID-19 ပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး မေ ၂၇ ရက် ည ၈နာရီမှ မေ ၂၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၁၂၃၀ ခု စစ်ဆေးခဲ့ပြီး COVID-19 အတည်ပြုလူနာ ၇၂ ဦးတွေ့ရှိခဲ့ကြောင်း မေ ၂၈ ရက် ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲနမူနာ ၃၃၉ ၌ ပိုးတွေ့လူနာလေးဦး၊ ရန်ကုန်မြို့အမှတ် (၁) တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၈၃ ၌ ပိုးတွေ့လူနာနှစ်ဦး၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲနမူနာ ၂၄၈ ခုတွင် ပိုးတွေ့လူနာရှစ်ဦး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် Test Kit များဖြင့် ဓာတ်ခွဲနမူနာ ၃၁ ခု စစ်ဆေးရာ ပိုးတွေ့လူနာကိုးဦး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျန်းမာရေး  ဦးစီးဌာနများတွင် Test Kit များဖြင့် ဓာတ်ခွဲနမူနာ ၁၉၃ ခုစစ်ဆေးရာ ပိုးတွေ့လူနာ ၄၉ ဦး တွေ့ရှိခဲ့ပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲနမူနာ ၂၂ ခုနှင့် ပြင်ဦးလွင်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၇၀၀ ၌ ဓာတ်ခွဲနမူနာ ၁၄ ခုစစ်ဆေးရာတွင် ပိုးတွေ့လူနာ မတွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ပြီး ပိုးတွေ့လူနာ ၇၂ ဦးတွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံတွင် ရောဂါပိုးရှိသူ စုစုပေါင်း ၁၄၃၄၈၆ ဦးရှိလာပြီး ဆေးရုံမှ ဆင်းခွင့်ရသူ  စုစုပေါင်း  ၁၃၂၂၇၉ ဦးရှိကာ လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ စုစုပေါင်း  ၂၆၁၇၆၉၆ ခု စစ်ဆေးခဲ့ပြီးကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“လောလောဆယ်တော့ ရောဂါ ဖြစ်ပွားမှုများတဲ့မြို့နဲ့ Domestic Flight တွေကို ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ကလေးတို့ ခန္တီး၊ ထားဝယ်တို့ကို မေ ၂၉ရက်ကစပြီး ခရီးစဉ်ပျံသန်းမှုရပ်ထားတာပါ” ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ခရီးသည်များအနေဖြင့် COVID-19 သံသယဖြစ်ဖွယ်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း၊ ပိုးတွေ့လူနာနှင့် နှစ်ပတ်အတွင်း ထိတွေ့ခဲ့ခြင်းအစရှိသည့် ရောဂါလက္ခဏာနှင့် အခြေအနေများ အလုံးစုံ ကင်းစင်မှသာ သတ်မှတ်ခရီးစဉ်တွင် လိုက်ပါခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ခရီးသည်များအနေဖြင့် သက်ဆိုင်ရာမြို့များသို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသန္တဆိုင်ရာ အမိန့်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။

MAI နှင့် AIR KBZ ပြည်တွင်း လေကြောင်းလိုင်းများက COVID-19 ရောဂါကြောင့် ၎င်းတို့လေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်တွင်းခရီးစဉ်များဖြစ်သည့် တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းစသည့် မြို့များသို့ လေကြောင်းခရီးစဉ် ပျံသန်းမှု ယာယီရပ်ဆိုင်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ယင်းမြို့များသို့ လေကြောင်းခရီးစဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းသည့်ကာလမှာ မေ ၂၉ မှ ဇွန် ၈ ရက်အထိဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

သုံးလအတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ရာခိုင်နှုန်း ၃၀ ခန့် မြင့်တက်

သုံးလအတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ရာခိုင်နှုန်း ၃၀ ခန့် မြင့်တက်ခဲ့ပြီး စက်သုံးဆီမျိုးအစားအလိုက် တစ်လီတာလျှင်  ၂၅၀ ကျပ် မှ ၃၀၀ ကျပ်အထိမြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၆ရဝကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာရ၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဧပြီ ၂၇ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ၉၂၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၉၃ဝကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၉၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၀၀၅ ကျပ်အထိရှိကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ဖေဖော်ဝါရီလဆန်းမှ လက်ရှိအချိန်အထိ သုံးလအတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင်၂၆၀ ကျပ်ဝန်းကျင်၊ အောက်တိန်း 92 Ron တစ်လီတာ ၃၀၀ ကျပ်ဝန်းကျင်၊ အောက်တိန်း 95 Ron တစ်လီတာ ၂၅၀ ကျပ်ကျော်အထိ အသီးသီးမြင့်တက်ခဲ့သည်။

အထက်ပါ စျေးနှုန်းများအရ အဆိုပါသုံးလအတွင်း ဒီဇယ်အမျိုးအစား စျေးနှုန်းများမှာ တစ်လီတာ ၂၈ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့သည်။ အောက်တိန်း 92 Ron တစ်လီတာလျှင် ၃၂ ရာခိုင်နှုန်းနှင့် အောက်တိန်း 95 Ron တစ်လီတာ ၂၅ ရာခိုင်နှုန်း ကျော်မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပမှ စက်သုံးဆီ တန်ချိန်လေးသိန်းခွဲနီးပါး တင်သွင်းမှု ဒေါ်လာသန်း ၁၆၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်း မှု တန်ချိန်တစ်သိန်းနှစ်သောင်းကျော်နှင့် ဒေါ်လာသန်း ၁၈၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လခွဲခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄၄၉၃၇၃ တန်တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၁၆၅ ဒသမ ၉၁၈ သန်းရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  စက်သုံးဆီစျေးနှုန်းကျဆင်းသဖြင့် ယခင်နှစ်ထက် စက်သုံးဆီတန်ချိန် ခုနစ်သိန်းကျော် ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုးဒေါ်လာသန်း ၅၀၀ ခန့်လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပမှစက်သုံးဆီတန်ချိန် ခြောက်သန်းကျော် တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၂ ဒသမ ၆၆၆ ဘီလျံရှိသည်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စက်သုံးဆီတန်ချိန် ၅ ဒသမ ၃ သန်းကျော်တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၃ ဒသမ ၁၆၅ ဘီလျံရှိခဲ့သည်။

Most Read

Most Recent