ထိခိုက်ခံစားလွယ်ခြင်း (Vulnerability) ကို သတိပြုနိုင်ကြစေရန်

ထိခိုက်ခံစားလွယ်ခြင်း (Vulnerability) ကို သတိပြုနိုင်ကြစေရန်
Published 30 May 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

လူဖြစ်စေ၊ တိုင်းပြည်နိုင်ငံဖြစ်စေ ဂုဏ်သိက္ခာရှိစွာ အသက်ရှင် ရပ်တည်နေစေရန်မှာ တစ်ဦးတစ်ယောက်တည်း၊ နိုင်ငံတစ်နိုင်ငံတည်း သီးခြားရပ်တည်ရန် မဖြစ်နိုင်ပါ။ သီးခြားရပ်တည်ခဲ့ပါလျှင်လည်း ပတ်ဝန်းကျင်၏ ကောင်းကျိုးများကို ခံစား၊ စံစားနိုင်သည့် အခွင့်အလမ်းများ၊ အခွင့်အရေးများ ဆုံးရှုံးနိုင်စေပြီး ဆိုးကျိုးများကိုမူအတိုင်းအဆမရှိ ခံစားရစေနိုင်ပါသည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် သီးခြားရပ်တည်ရန် မဖြစ်နိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဖြင့် ထိတွေ့ဆက်ဆံရန် မဖြစ်မနေ လိုအပ်လာပါသည်။ အဆိုပါ လိုအပ်ချက်အရ နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောသဘာဝ၊ အခြေအနေ၊ လက်ကိုင်ထားရှိသည့် စံချိန်၊ စံညွှန်း၊ စံနှုန်းများကို သိမြင်နားလည်စေရန်မှာ ပြည်သူပြည်သားတိုင်းအတွက် အထူးသဖြင့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေရသည့် တာဝန်ရှိသူများအတွက် မဖြစ်မနေ လေ့လာသင်ယူရမည့် ဘာသာရပ်ဖြစ်လာပါသည်။

တစ်ခါတစ်ရံ စာရေးသူအနေဖြင့် ခံစားရသည်မှာ အချို့သော တာဝန်ရှိသူများသည် စနစ်တကျ လေ့လာထားခြင်းမရှိသဖြင့် အဆိုပါတာဝန်ရှိသူများ၏ ပြောဆိုရှင်းလင်း တင်ပြချက်များသည် မိမိတို့တိုင်းပြည်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်ပုံရိပ်ကို ကျဆင်းစေရန် ပြောဆိုနေသကဲ့သို့ ဖြစ်စေပါသည်။

စာရေးသူအနေဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းစဉ်များသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပုံရိပ်နှင့် တိုက်ရိုက်ဆက်စပ်လျက် ရှိနေပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းရှိ အချို့သော စံချိန်၊ စံညွှန်း၊ စံနှုန်းများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကျော်လွန်လျက် ရှိနေသည့်အပြင် အနည်းငယ် ရှုပ်ထွေးမှုများလည်း တည်ရှိနေပါသဖြင့် ရှင်းလင်းပြတ်သားစွာ သိရှိနားလည်ရန် လိုအပ်ပါသည်။ နိုင်ငံတော်တွင် တာဝန်ယူလျက်ရှိကြသည့် နိုင်ငံတော် အကြီးအကဲများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အလုံးစုံသိမြင်၊ နားလည်နေမှသာလျှင် အလေးအနက်ထားရှိကာ လုပ်သင့်လုပ်ထိုက်သည်များကို ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ်သားသား၊ သတ္တိရှိစွာ ဆောင်ရွက်စေနိုင်မည် ဖြစ်သည့်အပြင် မလုပ်သင့်၊ မလုပ်ထိုက်သည်များကို လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ကြစေရန် ရည်ရွယ်ပါသည်။

စာရေးသူသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ပရိုဂရမ် (Programme) အစီအစဉ်တစ်ခု လက်အောက်ရှိ Vulnerability Analysis Mapping (VAM) Unit တွင် ငါးနှစ်ကျော်တာ ဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ပါသည်။ စာရေးသူ၏ ပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့သည့် ထိခိုက်ခံစားလွယ်ခြင်း (Vulnerability) အတွေ့အကြုံနှင့် လေ့လာသိမြင်ခဲ့ရသည်များကို အခြေခံကာ နိုင်ငံတကာအသိုင်းအဝိုင်းက ကျင့်သုံးခံယူထားရှိသည့် စံချိန်၊ စံညွှန်းများအနက် တစ်မျိုးဖြစ်သည့် လူ့အသက်များကို ကယ်တင်ခြင်း (Saving Lives) ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ချဉ်းကပ်သည့် လူသားချင်းစာနာထောက်ထားမှု (Humanitarian Approach) လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လေ့လာဖော်ထုတ် တိုင်းတာသည့် ထိခိုက်ခံစားလွယ်ခြင်း (Vulnerability) အကြောင်းကို အကျဉ်းမျှ တင်ပြပါမည်။ ယခု ဆောင်းပါးတစ်ပုဒ်ဖြင့် ထိခိုက်ခံစားလွယ်ခြင်း အကြောင်းကို ပြည့်စုံစွာတင်ပြရန် မဖြစ်နိုင်ပါ။ တစ်ဖန် လူ့အသက်များကို ကယ်တင်ခြင်း (Saving Lives) ခေါင်းစဉ်အောက်တွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ ပါဝင်လျက်ရှိနေပါသော်လည်း ယခုဆောင်းပါးတွင် အဆိုပါကိစ္စရပ်များကို တင်ပြနိုင်ခြင်းမရှိပါ။

စာဖတ်သူများ ကျယ်ကျယ်ပြန့်ပြန့် သိမြင်နားလည်နိုင်စေရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံကျင့်သုံးလျက်ရှိသည့် စံချိန်၊ စံညွှန်းနှစ်မျိုးကို ပုံတွင်ဖော်ပြထားပါသည်။ အဆိုပါ နှစ်မျိုးအနက်တစ်မျိုးမှာ လူ့အသက်များကို ကယ်တင်ခြင်း (Saving Lives) ဖြစ်ပြီး ကျန်တစ်မျိုးမှာ လူ့ဘဝများကို မြှင့်တင်ခြင်း (Improving Lives) ဖြစ်ပါသည်။ လူ့အသက်များကို ကယ်တင်ခြင်းအတွက် လူသားချင်း စာနာထောက်ထားမှု (Humanitarian Approach) ဖြင့် ချဉ်းကပ်ပြီး လူ့ဘဝများကို မြှင့်တင်ခြင်းအတွက် ဖွံ့ဖြိုးမှုအထောက်အကူပြုခြင်း (Development Approach) ဖြင့် ချဉ်းကပ်ပါသည်။ လူသားချင်းစာနာထောက်ထားမှုအတွက်  တိုင်းတာကြရာတွင် ထိခိုက်ခံစားလွယ်ခြင်း (Vulnerability) သည် အတိုင်းအတာတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးမှုအထောက်အကူပြုခြင်းအတွက် ဆင်းရဲနွမ်းပါးခြင်း (Poverty) သည်လည်း အတိုင်းအတာတစ်ခုဖြစ်ပါသည်။

စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်စေရန် အကြမ်းအားဖြင့် တင်ပြရမည်ဆိုပါက ထိခိုက်ခံစားလွယ်ခြင်း (Vulnerability) အတိုင်းအတာများသည် လူများအသက်ရှင်ရပ်တည်ရာတွင် တိုက်ရိုက်အကျိုးသက်ရောက်စေသည့် စားနပ်ရိက္ခာဖူလုံခြင်း၊ အာဟာရပြည့်ဝခြင်း စသည်တို့ဖြစ်ပြီး ဆင်းရဲနွမ်းပါးခြင်း (Poverty) ကို တိုင်းတာခြင်းသည် လူတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် သက်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းဥစ္စာတို့ကို သုံးစွဲခြင်း၊ ပိုင်ဆိုင်ခြင်းတို့ ဖြစ်ကြပါသည်။ အတိုင်းအတာ သတင်းအချက်အလက်များသည် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်ကဲ့သို့သော ညွှန်းကိန်း (Indicators) များအား အသုံးပြုသင့်သည်ကို စာဖတ်သူများကပင် စဉ်းစားဆုံးဖြတ်ကြစေ လိုပါသည်။ ထိခိုက်ခံစားလွယ်ခြင်း (Vulnerability) ကလည်း ဆိုးရွားစွာဖြစ်ပေါ်နေချိန်၊ ဆင်းရဲနွမ်းပါးခြင်း (Poverty) ကလည်း တစ်ပြိုင်နက်တည်း မြင့်မားနေချိန် ဖြစ်ပေါ်နေသည့် အခြေအနေကို စာရေးသူ၏ မိတ်ဆွေကဘာသာ ပြန်ထားသည်မှာ “နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း” ဟူ၍ ဖြစ်ပါသည်။ အထက်ဖော်ပြပါ အခြေအနေဖြစ်ပေါ်သည့် ဒေသ၊ နေရာ၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်လျက်ရှိကြသည့် အိမ်ထောင်စုများ၊ ပြည်သူပြည်သားအပေါင်းတို့မှာ လူမှုဒုက္ခမျိုးစုံကို ခါးစည်းပြီး ခံစားကြရပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို ယခင် UNDP ၏ အဓိက အကူအညီအထောက်အပံ့ဖြင့် လည်းကောင်း၊ ယခုအခါ ကမ္ဘာ့ဘဏ်အုပ်စု၏ အဓိက အကူအညီအထောက်အပံ့ဖြင့် လည်းကောင်း၊ ထုတ်ပြန်လျက်ရှိနေသည်ဟု သိရှိရပါသည်။ သတင်းအချက်အလက်များကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကူညီထောက်ပံ့မှုဖြင့် ထုတ်ပြန်လျက်ရှိနေပါသော်လည်း လွှတ်တော်များတွင်သော် လည်းကောင်း၊ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများတွင်သော်လည်းကောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင်သော် လည်းကောင်း ထိရောက်တွင်ကျယ်စွာ အသုံးပြုနေသည့် အနေအထားများ မတွေ့ရှိရပါ။ အဓိပ္ပာယ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကူအညီအထောက်အပံ့များကြောင့်သာ သတင်းအချက်အလက်များကို ထုတ်ပြန်နေခြင်းဖြစ်ပြီး သတင်းအချက်အလက်များ၏ တန်ဖိုးကို မသိမြင်၊ နားမလည်၊ ထိရောက်စွာ အသုံးပြုနိုင်ခြင်းမရှိသဖြင့် အခြေအနေမှာ မိမိတို့ တိုင်းပြည်နိုင်ငံရှိ တာဝန်ရှိသူများအနေဖြင့် အဆိုပါသတင်း အချက်အလက်များကို မိမိတို့ တိုင်းပြည်နိုင်ငံအတွက် နိုင်ငံတကာ အထောက်အပံ့သာ မရရှိခဲ့ပါလျှင် ကောက်ယူ၊ စုစည်း၊ တွက်ချက်၊ စိစစ်၊ ထုတ်ပြန်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်ပါမည်လားဆိုသော မေးခွန်းထုတ်ဖွယ် ဖြစ်နေပါသည်။ အပိုတွေ လျှောက်လုပ်နေပါသည်ဟု နှုတ်ကထုတ်ဖော် မပြောကြားသော်လည်း အပိုအလုပ်တွေပါဟု ထင်မြင်လျက်ရှိသည့် အရာရှိကြီးများကိုပင် တွေ့မြင်နေကြရပါသည်။ စာရေးသူအနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်သည့် အခမ်းအနားများသို့ တက်ရောက်ခွင့်ရသည့် အချိန်များတွင် ယခုထုတ်ပြန်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မည်ကဲ့သို့ အသုံးပြုနိုင်ပါကြောင်းအကျဉ်းကို လက်ကမ်းစာစောင်ကလေးများ ထုတ်ဝေပြီး ဝေပေးရန် အကြံပြုမိပါသည်။

အထက်ဖော်ပြပါ အခြေအနေထက် ပိုမိုဆိုးရွားစေသည့်၊ ဝမ်းနည်းစရာ ကောင်းသည့်အချက်မှာ မိမိတို့တိုင်းပြည်နိုင်ငံအတွက် ထိခိုက်ခံစားလွယ်ခြင်း (Vulnerability) ကို တိုင်းတာရန် ဖွဲ့စည်းထားရှိသည့် တာဝန်ခံ အဖွဲ့အစည်း၊ အစိုးရဌာန မတွေ့ရှိရခြင်းပင်ဖြစ်ပါသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ကြသည့် အစိုးရများသည်လည်း ထိခိုက်ခံစားလွယ်သည့် လူပုဂ္ဂိုလ်များ၊ အိမ်ထောင်စုများ၊ အုပ်စုများ ဖြစ်ပေါ်ခြင်းသည် အစိုးရနှင့် သက်ဆိုင်ခြင်းမရှိ၊ တာဝန်ယူရန်လည်း မလိုအပ်၊ မိမိတို့ ပြည်သူပြည်သား အချင်းချင်း၊ ဆွေမျိုးမိတ်ဆွေများဖြင့် ကြည့်ရှင်းကြဆိုသည့် အဓိပ္ပာယ်ဖြစ်နေပါသည်။ ထို့ကြောင့် ထိခိုက်ခံစားလွယ်ခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် ထုတ်ပြန်မှုများမှာလည်း မရှိသလောက်ပင် ဖြစ်ပါသည်။

အမှန်တကယ် အရေးကြုံလာသည့်အခါတွင်လည်း မိသားစုဝင်များ၊ ဆွေမျိုးများ၊ မိတ်ဆွေများ၊ အိမ်နီးချင်းများဖြင့်သာ ဖြေရှင်းလေ့ရှိကြပါသည်။ ပြည်သူပြည်သားများ၏စိတ်တွင် အဆိုပါကဲ့သို့ ကိစ္စရပ်များသည် အုပ်ချုပ်သူအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟုပင် မှတ်ယူပြီး ဖြစ်နေတတ်ပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံတွင် စိတ်ဝမ်းကွဲခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ ကာလကြာရှည် ဖြစ်ပေါ်နေခြင်းမှာလည်း ယခုဖော်ပြသည့် အုပ်ချုပ်သူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများ ပျက်ကွက်နေကြခြင်းကြောင့် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ထိခိုက်ခံစားလွယ်ခြင်း သဘောတရားသည် မိမိတို့တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးစေနိုင်ပြီး လူသားချင်းစာနာမှု အကျပ်အတည်းကို ရောက်ရှိနိုင်ပါသဖြင့် တိုင်းပြည်နိုင်ငံတွင် တာဝန်ရှိသူ၊ အုပ်ချုပ် မင်းလုပ်လျက်ရှိသည့် လူကြီးမင်းများအနေဖြင့် ထိခိုက်ခံစားလွယ်ခြင်း အခြေအနေကို အချိန်နှင့် တစ်ပြေးညီ အဆက်မပြတ် တိုင်းတာဖော်ထုတ်ပြီးလျှင် ထိခိုက်ခံစားလွယ်ခြင်း ဖြစ်ပေါ်လျက်ရှိသည့် ဒေသ၊ နေရာ၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်လျက်ရှိကြသည့် အိမ်ထောင်စုများ၊ ပြည်သူပြည်သားများအား ကူညီထောက်ပံ့သည့် အစီအစဉ်များကို စနစ်တကျ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent