မိုက်ကာသည် သတ္တုတစ်မျိုးဖြစ်၍ တောက်ပသောအမှုန့်များဖြစ်စေရန် ခြေဖျက်နိုင်ပြီးယင်းမိုက်ကာကို မျက်လုံးအရောင်ခြယ်မှုမှသည် နှုတ်ခမ်းနီနှင့် မိတ်ကပ်ဖောင်ဒေးရှင်းအထိ အလှအပရေးရာပစ္စည်းများတွင် တွေ့ရသည်။
ယင်းမိုက်ကာအား အိန္ဒိယအပါအဝင် ကမ္ဘာတစ်ဝန်း၌တွေ့နိုင်ပြီးအိန္ဒိယသည် ကမ္ဘာ့အကြီးဆုံးနှင့် အကောင်းဆုံးသတ္တုသိုက်အချို့ရှိသည်ဟု လူသိများသည်။ သို့သော် အိန္ဒိယတွင်မူ မိုက်ကာအတွက် စျေးကြီးပေးဝယ်ယူရသည်ဟု Undercover Asia အစီအစဉ်၏ စုံစမ်းမှုအရ သိရသည်။
အိန္ဒိယ၏ မိုက်ကာမိုင်းတွင်းများတွင် ထောင်နှင့်ချီသည့် တရားမဝင် မိုင်းလုပ်သားများသည် ယင်းဝန်ထုတ်ဝန်ပိုးကို ထမ်းထားရပြီး ၎င်းတို့၏ဘဝများမှာအလှကုန်ပစ္စည်းများ ရောင်းချသည့်ကောင်တာများ၏ တောက်ပသော မီးအလင်းရောင်များနှင့် အလှမ်းကွာဝေးလွန်းလှသည်။
တွင်းထွက်အရင်းအမြစ် ပေါကြွယ်ဝသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဂျာခန်းပြည်နယ်သည် နိုင်ငံ၏ ကျောက်မီးသွေး၊ ကြေးနီနှင့် မိုက်ကာတို့ အဓိကထုတ်လုပ်သည့်နေရာ ဖြစ်သော်လည်း ယင်းပြည်နယ်၌ နေထိုင်သူများ၏ ထက်ဝက်နီးပါးမှာဆင်းရဲချို့တဲ့ကြသည်။
၎င်းတို့ထဲမှအသက် ၄၀ အရွယ် မုဆိုးမတစ်ဦးဖြစ်သည့် ဘာဆန်တီ မိုဆာမက်သည် အသက်ရှင်ရပ်တည်နိုင်ရန် မိုက်ကာများကို ကောက်ယူရောင်းချနေသည်။ ယင်းသည် ၎င်းတို့မိသားစု၏တစ်ခုတည်းသောဝင်ငွေ ရရှိသည့်အရင်းအမြစ်ဖြစ်သည်။
မိုဆာမက်နှင့်အတူ ၎င်း၏ယောက္ခထီးနှင့် ကလေးငါးဦးတို့မှာ သီတင်းတစ်ပတ်လျှင်တစ်ကြိမ် ၎င်းင်းတို့နေထိုင်ရာ ရွာအနီးရှိ ၁၀ ကီလိုမီတာ ကွာဝေးသည့်သစ်တောအတွင်း ခြေလျင်လမ်းလျှောက်၍ ယင်းသစ်တောအတွင်း၌ စခန်းချနေထိုင်ခဲ့သည်။သူတို့သည် ယင်းနေရာ၌ တွင်းထွက်သတ္တုများကို သန့်စင်ရန် ရက်အနည်းငယ်နေထိုင်လုပ်ကိုင်ကြသည်။
“ကျွန်မတို့တွေ အစားအစာရှာဖွေ စားသောက်ဖို့ခက်ခဲလို့ အသက်ရှင်နိုင်ဖို့ ရုန်းကန်နေရပါတယ်” ဟု ၎င်းကဆိုသည်။အာရုံတက်မှ နေဝင်ရီတရောအထိ အကာအကွယ် ပစ္စည်းကိရိယာမပါဘဲ မိုက်ကာများကို ကောက်နေရသောကြောင့် ၎င်း၏လက်များမှာ ပွန်းရာ၊ခြစ်ရာများဖြင့် ပြည့်နေသည်။
မိုဆာမက်၏ အကြီးဆုံးသမီးဖြစ်သူက ရစ်ရှ်မာကူမာရီ ဘီဟောသည် အသက်ငါးနှစ်အရွယ်ကတည်းက မိုက်ကာများကို ကောက်ခဲ့ရသည်။ အလုပ်လုပ်သူပိုများလေ မိသားစု၏ ထမင်းစားပွဲဝိုင်းတွင်အစားအစာ ရှိနိုင်ဖွယ်ဖြစ်လေဆိုသည့် အခြေအနေတွင် ရှိနေသည်။
“လူတစ်ယောက်ထဲကပဲ မိုက်ကာတွေကို ကောက်နေရင်မလုံလောက်ပါဘူး။ကျွန်မအဖေဆုံးသွားတော့ ကျွန်မအမေ့ကိုကူညီပေးရပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
မိုက်ကာ တစ်ကီလိုဂရမ်လျှင် ခုနစ်ရူပီး (၁၅၈ ကျပ်) ရရှိပြီး ကံကောင်းလျှင်၎င်း၏မိသားစုသည် ရူပီး ၁၅၀ (၃၃၉၄ ကျပ်)နီးပါးရ ရှိနိုင်ရန် မျှော်လင့်ကြသည်။
သို့သော် ၎င်းတို့မိသားစုမှာ ကံကောင်းသည့်နေ့ထက် ကံဆိုးသည့်နေ့က ပိုများနေလေ့ရှိသည်။
မိုဆာမက်၏ မိသားစုသည် Adivasis ဟု လူသိများသော တိုင်းရင်းသားမျိုးနွယ်စုမှဖြစ်ပြီး ယင်းမျိုးနွယ်စုသည်အိန္ဒိယတွင် လူသန်း ၁၀၀ ခန့်ရှိသည်။ ယင်းမျိုးနွယ်စုသည် ကျန်းမာရေး၊ပညာရေး၊ အလုပ်အကိုင်လုံခြုံမှုရှိရေးနှင့် အစားအစာကဲ့သို့ အစိုးရ၏အကန့်အသတ်နှင့် ထောက်ပံ့မှုရရှိခြင်းနှင့်အတူ လူ့ပတ်ဝန်းကျင်အပြင်ဘက်တွင် နေထိုင်ကြသူများဖြစ်သည်။
“ကျွန်မတို့တွေ ဒီမှာဘာမှမရှိပါဘူး။ ကျွန်မတို့မှာ အစားအစာဆိုလို့ တစ်ရက်စာအတွက်ပဲ ရှိပါတယ်။အိပ်မက်တွေကလည်း အကောင်အထည်မပေါ်နိုင်ပါဘူး” ဟု ကရစ်ရှ်မာက ပြောကြားခဲ့သည်။
ဆင်းရဲချို့တဲ့မှုသည် မိုင်းလုပ်သားအချို့အား စွန့်ပစ်ထားသည့် လိုဏ်ဂူများနှင့် မိုက်ကာများ ပေါများသော မိုင်းတွင်းများထဲတွင် နေထိုင်ရသည့်အခြေအနေသို့ ရောက်ရှိစေခဲ့သည်။သို့သော် ထိုနေရာများတွင် မီးအလင်းရောင် သို့မဟုတ် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိရိယာတို့ မရှိဘဲ မြေပြင်အနေအထားပေါ် ၎င်းတို့၏ သိရှိနားလည်ထားမှုများကိုသာ မှီခိုအားထား၍ နေထိုင်နေကြရသည်။
ငယ်စဉ်ကတည်းက စွန့်ပစ်ထားသည့် မိုင်းတွင်းတွင်နေထိုင်ရသည့် မူကက်ရှ် ဘူလာက လက်ရှိအချိန်အထိ ကြောက်ရွံ့နေသေးကြောင်း ပြောကြားခဲ့သည်။ “တစ်နေရာရာမှာ လူတွေချော်လဲပြီး ပြုတ်ကျနိုင်သလို သူတို့ရဲ့ခေါင်းပေါ် ကျောက်တုံးတွေအချိန်မရွေး ကျနိုင်ပါတယ်။အရမ်းကိုခက်ခဲတဲ့ အခြေအနေပါ” ဟု ၎င်းကပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကိုအမြဲတမ်း သတိထားနေရပါတယ်။တစ်ခါတစ်လေ မိုင်းတွင်း ပြိုကျတတ်ပါတယ်။ တကယ်လို့ လူတစ်ယောက်ယောက် အမှားလုပ်မိရင်လည်း လူပေါင်းများစွာ သေဆုံးနိုင်ပါတယ်” ဟု ဘူလာကဆက်လက်ပြောကြားခဲ့သည်။
ဇန်နဝါရီလက ဂျာခန်းပြည်နယ်ရှိ ကိုဒါမာခရိုင်တွင် မိုင်းတွင်းပြိုကျမှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့သည်။ဂျာခန်းပြည်နယ်၏ မိုက်ကာမိုင်းတွင်းရပ်ဝန်းတွင် လစဉ်လတိုင်း မတော်တဆမှုကြောင့် ပျမ်းမျှ လူ ၁၀ ဦးမှ ၂၀ အထိ သေဆုံးနေကြသည်။
မတော်တဆမှုဖြစ်စဉ် အစီရင်ခံစာတိုင်းအတွက် အများစုမှာကြီးမားသော အကြောင်းပြချက်တစ်ရပ်ကြောင့် ဖုံးကွယ်ခံခဲ့ရသည်။ယင်းအကြောင်းပြချက်မှာ အိန္ဒိယ၏ သစ်တောကာကွယ် စောင့်ရှောက်ရေးအတွက် ရည်ရွယ်၍ ၁၉၈၀ တွင်အကျုံးဝင် သက်ရောက်ခဲ့သည့် သစ်တောထိန်းသိမ်းရေး အက်ဥပဒေအောက်တွင် မိုက်ကာမိုင်းများမှာ တရားမဝင်ဟူသည့် အကြောင်းပြချက်ပင် ဖြစ်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မိုင်းလုပ်သားတွေမှာ ရွေးချယ်စရာမရှိပေမယ့် ဆက်လုပ်နေရတာပါပဲ။ ကျွန်မတို့ ဒီမှာမလုပ်ချင်ဘူးဆိုရင်လဲ ကျွန်မတို့အားလုံးသေမှာပါပဲ” ဟု ကလေးသုံးယောက်မိခင် မိုင်းလုပ်သား ဒင်ပီဒေဝီက ပြောကြားခဲ့သည်။
သစ်တောအာဏာပိုင်များ၏ ဝင်ရောက်စီးနင်းမှုများလည်း ဖြစ်လေ့ဖြစ်ထရှိပြီး တစ်ခါတစ်ရံမိုင်းလုပ်သားများသည် အလုပ်ဆက်လက် လုပ်ဆောင်နိုင်ရန် လာဘ်ပေးရလေ့ရှိသည်။ “ရဲတွေကတော့ လာလေ့မရှိပါဘူး။ ဒါပေမဲ့တောခေါင်းတွေကတော့ ကျွန်မတို့တွေ အမြဲရောက်လာနေကြပါ” ဟု မိုဆာမက်က ပြောကြားခဲ့သည်။
မိုက်ကာမိုင်းတွင်းလုပ်ငန်းတွင် ကလေးအလုပ်သမားများ အသုံးပြုနေသည်ဟု စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် မိုက်ကာ၏အငြင်းပွားဖွယ် အမည်ဂုဏ်သတင်းသည် ၂ဝဝဝခုနှစ် ဝန်းကျင်အလယ်ပိုင်းတွင် စတင်ပေါ်ပေါက်လာခဲ့သည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ အိန္ဒိယတွင် အလုပ်လုပ်ကိုင်နေကြသော ကလေးဦးရေ ၁၀ သန်းကျော်ရှိသည်ဟုဆိုသည်။နိုင်ငံတကာအဖွဲ့အစည်းများက ယင်းပြဿနာရပ်ကို မီးမောင်းထိုးပြမှုနှင့်အတူ မိုက်ကာမိုင်းလုပ်ငန်းရှိ ကလေးလုပ်သားများ၏ အကျပ်အတည်းသည် နိုင်ငံတကာမီဒီယာများ၏ အာရုံစိုက်မှုရရှိအောင် ဆွဲဆောင်နိုင်ခဲ့သည်။
“ကလေးတွေက မိုက်ကာမိုင်းတွင်းထဲသွားပြီး မိဘတွေကို သွားကူညီတာတွေရှိတဲ့အတွက် ဒီသတင်းတွေ ထွက်ပေါ်လာခဲ့တာပါ” ဟု ဒီပက်ဘာရာကဆိုသည်။
အများပြည်သူတို့၏ စိုးရိမ်ပူပန်များမြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့များ ဖွဲ့စည်းခဲ့ပြီး ၎င်းတို့ထဲမှ Responsible Mica Initiative အဖွဲ့သည် လာမည့်နှစ်တွင် ဂျာခန်းပြည်နယ်ရှိ မိုင်းလုပ်ငန်းများတွင် ကလေးလုပ်သားများ ပပျောက်ရန်ရည်ရွယ်ထားသည်။ ယင်းအဖွဲ့ဝင်များတွင် Chanel ၊ L’Oreal နှင့် Sephora အလှကုန် အမှတ်တံဆိပ်များ ပါဝင်သည်။
အလှကုန်အမှတ်တံဆိပ် အများအပြားသည် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များကို ပိုမိုတင်းကျပ်စွာ လေးစားလိုက်နာမည်ဟု ကတိပြုခဲ့သည်။ သို့သော် ၎င်းတို့၏မိုက်ကာများကို ခြေရာခံရန်ခက်ခဲပြီး ယင်းမိုင်းတွင်းများတွင် ကလေးလုပ်သားအသုံးပြု လုပ်ကိုင်နေခြင်းရှိ၊မရှိ စစ်ဆေးနိုင်ရန် ခဲယဉ်းသည်။
မိုက်ကာဝယ်လိုအားမှာ ကျဆင်းသွားခြင်းမရှိဘဲ ပြည်နယ်အစိုးရက ၎င်းတို့၏စီးပွားရေးဖွံ့ဖြိုးမှု ပဏာမခြေလှမ်းများမှတစ်ခုဖြစ်သည့် မိုင်းလုပ်ငန်းကိုတွန်းအားပေး လုပ်ဆောင်နေသည်။
သို့သော်မိုက်ကာကောက်သူများ ရင်ဆိုင်နေရသောပြဿနာများကို လျစ်လျူရှုမှုများကြောင့် ဒေသခံအဖွဲ့အစည်းများက ၎င်းတို့အတွက် ဆန္ဒထုတ်ဖော်ပေးခဲ့ကြသည်။အချို့ဆန္ဒထုတ်ဖော်မှုများတွင် မိုင်းလုပ်ငန်းများအား တရားဝင်ခွင့်ပြုပေးရန် တောင်းဆိုမှုများရှိနေသည်။
“ဂျာခန်းပြည်နယ်ဟာ သစ်တောတွေ ဖုံးအုပ်နေပြီး အဲ့ဒါတွေကို ထိန်းသိမ်းဖို့နဲ့ သူတို့ရဲ့အကျိုးစီးပွားဟာ ကျွန်တော်တို့ရဲ့ DNA ထဲမှာ ထာဝရရှိနေမှာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းအသိုင်းအဝန်းနဲ့ သစ်တောကို ကယ်တင်နိုင်ဖို့ နည်းလမ်းရှာဖွေရမှာ ဖြစ်ပါတယ်” ဟု မိုက်ကာမိုင်းလုပ်ငန်းကို တရားဝင်ခွင့်ပြုပေးရန် ဆော်သြလေ့ရှိသည့် ဂျာခန်းပြည်နယ်လွှတ်တော်အမတ် ဆူဒီရာကူမားကဆိုသည်။
အမှန်တကယ်အရေးတယူ လုပ်ဆောင်မှုမရှိလျှင် ဒေဝီနှင့်မိုဆာမက်ကဲ့သို့ မိုင်းလုပ်သားများသည် ယနေ့အချိန်အထိ မသေချာမှုများကြားတွင် ဆက်လက်အလုပ်လုပ်ကိုင်နေရမည် ဖြစ်သည်။










